ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ အရောင်းအဝယ်များအေး
လျက်ရှိပြီး လက်ရှိအချိန်ထိ သိသာစွာ ပြောင်းလဲမှုမရှိသေးပဲ အရောင်းအဝယ်အဖြစ်နည်းနေသေး
ကာ ပြီးခဲ့သည့်နှစ်ပိုင်းများနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းသွား ကြောင်း ရန်ကုန်မြို့
တွင်းရှိ အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင်သူ အကျိုးဆောင်များကပြောသည်။
"လက်ရှိ အိမ်ခြံမြေဈေးကွက်က တော်တော်လေးကို အေးနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၃
နှစ်တွေနဲ့ယှဉ်ရင် ဈေးကွက်ထဲမှာ အရောင်းအဝယ်က တော်တော်လေးကို အဖြစ် နည်းသွားတယ်။
ပြောရမယ်ဆိုရင် ထက်ဝက်လောက်ကို အရောင်းအဝယ်အေးသွားတယ်။ ဒီနှစ်ကတော့ ရန်ကုန်မြို့
ရဲ့ အိမ်ခြံမြေဈေးကွက် က ပုံမှန် လေးသွားတော့မယ့် အနေအထားမျိုး ဖြစ်နေတယ်" ဟု
ရွှေကံမြေ အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြော သည်။
ယခုကဲ့သို့ ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက် အတွင်း အရောင်းအဝယ်လျော့နည်းသွားရခြင်း
သည် ရန်ကုန်မြို့၏ မြေဈေး အိမ်ဈေးများ ပြီးခဲ့ သည့်နှစ်ပိုင်းတွင် အဆမတန်ကြီးမြင့်ခဲ့မှုများ
ကြောင့်ဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။
"ရန်ကုန်မှာ အိမ်ဈေး မြေဈေးတွေကဈေးတွေအရမ်းမြှင့်ပြီးခေါ်လာကြတယ်။ အဲဒါကြောင့်လည်း
ဈေးတွေက အဆမတန်တွေဖြစ်ကုန်တယ်။ အဲဒီလိုဖြစ်ကုန်တော့ အိမ်တို့ မြေတို့ တကယ်လိုတဲ့
လူတွေလောက်ပဲ ၀ယ်တော့မှ အရောင်းအဝယ်ကဖြစ်တော့တယ်။ အိမ်ခြံမြေ ကို ၀ယ်ရောင်း
လုပ်တာတို့ ရင်းနှီးမြှုပ်နှံဖို့ဆိုတဲ့ သူတွေကျတော့ မလိုက်နိုင်တော့ပဲ ပြန်ငြိမ် သွားတယ်။ အဲဒါ
ကြောင့် အရောင်းအဝယ်တွေ က ဈေးကွက်ထဲမှာကျကုန်တယ်" ဟု ဖီးနစ် အိမ်ခြံမြေ အကျိုး
ဆောင်လုပ်ငန်း ပိုင်ရှင် ကိုထွန်းထွန်းက ပြောသည်။
အိမ်ခြံမြေ ၀ယ်ရောင်းလုပ်ကိုင်သူများမှာလည်း ယင်းကဲ့သို့ အိမ်ခြံမြေဈေးကြီးမြင့်မူများ ကြောင့်
အိမ်မြေတန်ဖိုးမြင့်မားသည့် မြို့နယ်များတွင် အိမ်နှင့် မြေများအား အရောင်းအဝယ် မလုပ်နိုင်
တော့ဘဲ တန်ဖိုးနည်းသည့် မြို့နယ်များသို့ပြောင်းရွှေ့ကာ အရောင်းအဝယ်ပြုလုပ် လာကြ
ကြောင်း ၎င်းကပြောသည်။
"အိမ်ခြံမြေဈေးကွက်မှာ အကွက်ကြီးလို့ ခေါ်တဲ့ ဈေးများတဲ့အိမ်ခြံမြေတွေက တော်တော် အေးနေ
တာ လနဲ့ချီကြာနေပြီ။ ဈေးတွေ အများ ကြီး ခေါ်တော့ ဘယ်သူမှလည်း သိပ်မဝယ်ကြတော့ဘူး။
၀ယ်ရောင်းလုပ်တဲ့သူတွေကလည်း အရောင်းအဝယ်ဖြစ်လည်း သိန်းတစ်ရာ နှစ်ရာ ထက်ပိုမမြတ်
ကြတော့ဘဲ အမြင့်ဈေးနဲ့ လက်ထဲ မှာ အကြာကြီးထားဖို့ အဆင်မပြေဖြစ်ကြတယ်။ အဲဒါကြောင့်
သိန်းလေးငါးရာနဲ့ တစ်ထောင် ၀န်းကျင်ရှိတဲ့နေရာတွေလောက်ပဲ အလုပ်ဖြစ်နေတာတွေ့ရတယ်။
တောင်ဥက္ကလာ၊ မြောက်ဒဂုံတို့ တောင်ဒဂုံတို့လောက်ပဲ အရောင်းအဝယ် ဖြစ်တာများတယ်" ဟု
၎င်းကပြောသည်။
သို့သော် ရန်ကုန်မြို့တွင် ကွန်ဒိုတိုက်ခန်းများ တည်ဆောက်မှု မြင့်တက်လာခြင်းများကြောင့်
ဆောက်လုပ်ရေးလုပ်ငန်းများတွင် မြေလိုအပ်မှု များလာခြင်းကြောင့် တန်ဖိုးမြင့်ပြီး အချက်
အချာကျသည့်နေရာများတွင်ရှိသည့် အချို့သော တန်ဖိုးမြင့်မြေများကိုမူ ၀ယ်ယူမှုများရှိသေး
ကြောင်း အကျိုးဆောင်များကပြောသည်။
ထို့ပြင် ရန်ကုန်မြို့၏ အထပ်မြင့်ဆောက်လုပ်နိုင်သောမြို့နယ်များ၏ လမ်းသွယ်များတွင်
တိုက်ခန်းဆောက်လုပ်မူများ ပိုမိုများလာခြင်း ကြောင့် ယင်းမြို့နယ်များတွင် မြေဈေးများ
ကောင်းပြီး မြေပိုင်ရှင်များနှင့် ၀ယ်ရောင်း လုပ်ကိုင်သူများကိုယ်တိုင် ဆောက်လုပ်ရေး
လုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်လာကြောင်း ကိုထွန်းထွန်းကပြောသည်။
"အခုနောက်ပိုင်းက အထပ်မြင့် ဆောက်လို့ ရမယ့်နေရာတွေမှာ တိုက်ခန်းဆောက်တာတွေ
အရမ်းများလာတော့ အဲဒီက မြေဈေးတွေက လည်းကောင်းတယ်။ ဒါပေမဲ့ မြေဈေးမြင့်တော့ ကန်ထရိုက်သမားတွေက မြေကိုမမြှုပ်နှံတော့ပဲ မြေပိုင်ရှင်တွေနဲ့ပူးပေါင်းပြီး တခြမ်းယူ တခြမ်း
ပေးစနစ်နဲ့ ဆောက်ကြတယ်။ ၀ယ်ရောင်းသမား တွေကပါ ကန်ထရိုက်သမားတွေနဲ့ပေါင်းပြီး
အဲလိုလုပ်လာကြတယ်။ ကန်ထရိုက်တွေက လည်း တိုက်ခန်းဆောက်ဖို့အတွက် မြေပိုင်ရှင်
တွေပဲ လိုက်ရှာနေကြတယ်။ သူတို့ တွေကတော့ အလုပ်ဖြစ်ကြတယ်" ဟု ၎င်းကပြောသည်။
ထို့ပြင် အိမ်ခြံမြေဈေးကွက် ဆက်လက်အေးနေခြင်းတွင် အခွန်အပြောင်းအလဲများ ကြောင့်
အိမ်ခြံမြေဝယ်ယူလိုသူများမှာ ပြောင်း လဲထားသည့်အခွန်စနစ်အား စောင့်ကြည့်မှု များရှိနေခြင်း
ကြောင့် အိမ်ခြံမြေအရောင်း အဝယ် ရပ်တန့်နေခြင်းဖြစ်ကြောင်း ဦးခင်မောင် အေးက ပြောသည်။
"လတ်တလောမှာ အခွန်က အပြောင်းအလဲဖြစ်နေတာကြောင့်လည်း အိမ်ဝယ်မယ့်သူနဲ့ ရောင်း
မယ့်သူတွေကလည်း အခြေအနေဘယ်လိုရှိမလဲဆိုတာကို စောင့်ကြည့်နေကြတယ်။ အဲဒါကြောင့်
လည်း ဈေးကွက်ထဲမှာ အရောင်းအဝယ်အေးနေတာပါ" ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့၏
အိမ်ခြံမြေဈေးကွက်သည် ယခုနှစ်အတွင်းလည်း ယခင်အရောင်းအဝယ်များခဲ့သောနေရာများတွင်
အရောင်းအဝယ်ဖြစ်မှုထက် ဈေးကွက်ဖြန့်ကာ မြို့စွန်မြို့နယ်များတွင် အရောင်းအဝယ်ပိုမိုဖြစ်
သွားနိုင်ကြောင်း ဦးခင်မောင်အေးကသုံးသပ်သည်။
"ရန်ကုန်မြို့ရဲ့အိမ်ခြံမြေဈေးကွက်က အရင် နှစ်တွေတုန်းကလို လှုပ်လှုပ်ရှားရှားဖြစ်လာဖို့ထက်
မြို့စွန်ဘက်တွေကိုပဲ ဈေးကွက်ဖြန့်သွားမယ့် သဘောရှိတယ်။ ရန်ကုန်မြို့ ကလည်း တစ်နေ့
တခြားလူနေ သိပ်သည်းလာ တော့ နောက်ပိုင်း အဲဒီဘက်တွေမှာ အိမ်ခြံမြေအရောင်းအဝယ်
ပိုပြီးဖြစ်နိုင်တယ်" ဟု ၎င်းက ပြောသည်။















