ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်သည် ယေဘုယျအားဖြင့် အရောင်းအဝယ်အေးနေသော်လည်း
တံတားသစ် ဆောက်လုပ်ရေးစီမံကိန်းများ နှင့် ဘုရင့်နောင်လမ်းဆုံခုံးကျော်တံတား များကြောင့်
လမ်းပန်းဆက်သွယ်ရေး အနည်း ငယ် အဆင်ပြေလာသော လှိုင်သာယာမြို့နယ် တွင် ဧပြီလ
ကုန်ပိုင်းမှစတင်၍ အရောင်းအဝယ် ပြန် ဖြစ်လာကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များ က ပြောသည်။
"အခု လှိုင်သာယာဘက်ကို ပြန်ဝယ်နေ ကြတယ်။ အရင်တုန်းကတော့ လှိုင်သာယာဘက်ကို
ဘုရင့်နောင်တံတားတစ်ခုနဲ့ အောင်ဇေယျတံတားတွေကသာ သွားနေရပြီး သွားရေး လာရေး
ကျပ်တော့ လူတွေကသိပ်မစဉ်းစားကြ ဘူး။ အဓိကကျတာကတော့ သွားရေး လာရေးပါပဲ"ဟု
မြပန်းသခင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးမင်းမင်းစိုးက ပြောသည်။
ယခင်နှစ်များအတွင်းက ဘုရင့်နောင်လမ်းနှင့် ဘုရင့်နောင်တံတားနေရာတို့မှာ အချိန်ကြာမြင့်စွာ
ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်သောကြောင့် လှိုင်သာယာမြို့နယ်ဘက်တွင် အိမ်မြေဝယ်ယူရန်
စိတ်ဝင်စားသူနည်းပါးကြ သော်လည်း ယခုမူ ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ်လျော့ပါးလာ
သည့်အပြင် ကောင်းမွန်လာနိုင်သည့် အလားအလာကောင်းများ ရှိနေသောကြောင့် ပြန်လည်
၀ယ်ယူလာကြခြင်း ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
"တကယ်တော့ လှိုင်သာယာနဲ့ ဘုရင့်နောင်က မြို့ထဲဘက်နဲ့ နီးပါတယ်။ လမ်းတွေသာ မပိတ်ဘူး
ဆို ဘယ်လောက်မှမသွားရတဲ့ခရီးပါ။ အခု ခုံးကျော်တံတားတွေလည်း ဆောက်နေပြီး နောက်ထပ်
တံတားသစ်တစ်စင်းလည်း ဆောက်နေတော့ ယာဉ်ကြောပိတ်တဲ့ အခြေ အနေ သက်သာမယ့်
အလားအလာ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမယ်ဆိုရင် ၀ယ်ချင်သူများလာတာ
ထုံးစံပါပဲ " ဟု ဦးမင်း မင်းစိုးကပြောသည်။
လဝန်းသစ် အိမ်ခြံမြေအကျိုးဆောင်မှ ကိုသက်မောင်ကလည်း ဘုရင့်နောင်တံတား သစ်စီမံကိန်း
ကြောင့် လှိုင်သာယာမြို့နယ် ဘက်ခြမ်းတွင် မြေဈေးတက်လာသည်ဟု ဆိုသည်။

"ဘုရင့်နောင်တံတားအဆုံး၊ လှိုင်သာယာ ဘက်ခြမ်းက မြေနဲ့ အိမ်တွေ ဈေးတက်လာသလို အရောင်းအဝယ်လည်း ဖြစ်နေတယ်။ နောက်တံတားတစ်စင်းထိုးနေပြီဆိုတော့ လမ်းပန်းဆက်သွယ်ရေးကောင်းတော့မှာမို့လို့ ဈေးကွက်နည်းနည်းပြန်ကောင်းလာတယ်" ဟု
၎င်းက ပြောသည်။
လှိုင်သာယာမြို့နယ်အခြေစိုက် အောင်ခိုင်ခန့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ကိုအောင်ကျော်
က သင်္ကြန်အပြီးနောက်ပိုင်း လှိုင်သာယာမြို့နယ်တစ်ဝိုက်တွင် အိမ်ခြံမြေများ အရောင်းအဝယ်
ပြန်လိုက်လာကြောင်း ပြောသည်။
"သင်္ကြန်ပြီးတော့ လှိုင်သာယာတစ်ဝိုက်မှာ က အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာတယ်။ ၀ယ်သူ
ရောင်းသူ သူ့ဟာသူတော့ ရှိနေကြတာပဲ။ ဈေးလည်းတက်လာတယ်" ဟု ကိုအောင်ကျော် က
ပြောသည်။ အဆိုပါ မြို့နယ်ရှိမြေများမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း ပေ ၄၀၊ ပေ ၆၀
မြေတစ် ကွက်လျှင် ကျပ်သိန်း ၂၀၀ မှ ၂၅၀၊ ၃၀၀ အထိ ဈေးတက်သွားကြောင်း အိမ်ခြံမြေ
အကျိုးဆောင် များကပြောသည်။
အရောင်းအဝယ် ပြန်ဖြစ်လာခြင်းမှာ တံတားသစ်တည်ဆောက်နေခြင်းနှင့် ဆက်စပ်မှုရှိကြောင်း
၎င်းကပြောသည်။ "နေရာပေါ်မူတည်ပြီးတော့ ဈေးကွာတာပေါ့။ ချောင်တွေထဲတောင် ကျပ်သိန်း
၂၀၀ လောက် ခေါ်နေကြတယ်။ သမကုန်းဘက်ဆို ဈေးတွေအရမ်းတက်တယ်။ FMI City ဆို
လည်း ဈေးတက်တယ်။ တံတားအဆင်းနေရာတွေတင် ဈေးတက်တာမဟုတ်ဘူး။ လှိုင်သာယာ
ထဲက နေရာတော်တော်များများမှာ ဈေးတက်နေတာပါ" ဟု ကိုအောင်ကျော်ကပြောသည်။
ဘုရင့်နောင်မြစ်ကူးတံတားနှင့် ခုံးကျော်တံတားနှစ်စင်းတို့ကို ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းက စတင်
တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ခုံးကျော် တံတားနှစ်စင်းကို First Myanmar Investment -(FMI)
ကုမ္ပဏီခွဲတစ်ခုဖြစ်သော Myanmar Vpile၊ TPC ကုမ္ပဏီ နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာ
ရေး ကော်မတီတို့ ပူးပေါင်းတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးခဲ့သည်။
ဘုရင့်နောင်တံတားသစ် (လှိုင်မြစ်ကူးတံတား အမှတ် ၂) မှာ လက်ရှိတည်ဆောက်နေဆဲဖြစ်ပြီး
၂၀၁၄ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း Pun Hlaing Golf Estate ၏
၀က်ဘ်ဆိုက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
အစိုးရက တာဝန်ယူတည်ဆောက် သည့် အဆိုပါတံတားမှာ လေးလမ်းသွား တံတားဖြစ်ပြီး
အရှည်မှာ ဘုရင့်နောင်တံတားဟောင်းအရှည်ဖြစ်သည့် သုည ဒသမ ရ၆ ကီလိုမီတာ (၂,၄၉၃ ပေ)
ရှိသည်။
ဘုရင့်နောင်လမ်းဆုံ၏ ဆိုးဝါးလှသော ယာဉ်ကြောပိတ်ဆို့မှုများမှာ အရှေ့၊ အနောက် ဦးတည်
ခုံးကျော်တံတားနှင့် တောင်၊ မြောက်၊ ဦး တည်ခုံးကျော်တံတားများပြီးစီးလျှင် ပြေလည်သွားနိုင်
မည်ဟု မျှော်မှန်းခဲ့ကြသော်လည်း ထင်သလောက် ပြေလည်သွားခြင်းမရှိခဲ့ပေ။
သို့သော် မြစ်ကူးတံတားသစ်ပါ ပြီးစီးသွားပါက လှိုင်သာယာမြို့နယ်နှင့် မြို့ထဲသို့ကူးသန်းရန်
အခက်အခဲရှိတော့မည်မဟုတ်ကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များက ပြောသည်။
















