ရေစီးရေလာမြောင်းဆောက်လုပ်မှုကြောင့် သွားလာရေး အခက်ကြံု

ရေစီးရေလာမြောင်းဆောက်လုပ်မှုကြောင့် သွားလာရေး အခက်ကြံု

ဒဂုံမြို့သစ် မြို့နယ်များတွင် မိုးတွင်းကာလ ရေမကြီးစေရန် လမ်းအောက်ရေစီး ရေလာ မြောင်း
တူးဖော်ဆောက်လုပ်မှုများကို ယခု လကုန်ပိုင်းတွင်အပြီးပြုလုပ်ရန် ရည်ရွယ်ထား သော်လည်း
သတ်မှတ်ကာလမတိုင်မီ မိုးရွာသွန်း လာပြီး လုပ်ငန်းပြီးစီးအောင် မဆောင်ရွက်နိုင် သေးခြင်း
ကြောင့် ရပ်ကွက်တွင်းနေထိုင်သူများ မှာ သွားလာရေးခက်ခဲလျက်ရှိပြီး မိုးများ ဆက်လက်ရွာ
သွန်းလာပါက နေ့စဉ်အခက်အခဲ များ ပိုမိုကြံုတွေ့လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

"ဒဂုံမြို့နယ်တွေ ရေမကြီးစေဖို့လုပ်ပေးတဲ့ မြေအောက်မြောင်းတွေက လမ်းတိုင်းနီးပါးမှာ လုပ်နေ
တာဆိုတော့ လမ်းကိုပိတ်လုပ်သလို ဖြစ်သွားပြီး သွားရေးလာရေး လုံးဝအဆင်မပြေ တော့ဘူး။
မြေအောက်မြောင်းလုပ်နေတဲ့နေရာ ကို ကားတွေ၊ ဆိုက်ကားတွေ အလွယ်တကူ သွားမရလို့
လမ်းပိတ်တာလည်း ခဏခဏ ဖြစ်တယ်"ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်နေထိုင်သူ
ဒေါ်ခင်ခင်လေးကပြောသည်။

ဒဂုံမြို့သစ်လေးမြို့နယ်တွင် လမ်းအောက် ရေးစီးရေလာမြောင်းစုစုပေါင်း ၂,၈၆၄ ခု ဆောက်
လုပ်ရန်ရည်ရွယ်ထားပြီး လမ်းဆုံနေရာ တိုင်းနီးပါးတွင် တူးဖော်ဆောက်လုပ်နေသည့် အတွက်
လမ်းများပိတ်ဆို့မှု ဖြစ်ပေါ်နေပြီး တူးဖော်ရသည့်မြေကြီးများကို အဆင်ပြေသလိုဖယ်ထုတ်ထား
သည့်အတွက် သွားလာရေးခက်ခဲလျက်ရှိကာ ထိုရေးစီးရေလာမြောင်း များ ဆောက်လုပ်မှုများ
မပြီးမီအချိန်တွင် မိုးဆက်လက်ရွာသွန်းလာပါက ရေစီးလမ်းကြောင်းများ ပိတ်ဆို့ကာ ရေပိုမိုဝပ်
လာကြောင်း ဒေါ်ခင်ခင်လေးကပြောသည်။ မြောက်ဒဂုံမြို့နယ် ၅၀ ကွေ့အနီး နေထိုင်သူ
ဦးသန်းထွန်းကလည်း "ပိုဆိုးတာက မြောင်းတူး ပြီးမြေတွေကို ဘေးဘက်မှာပုံထားတာဆိုတော့
မိုးရွာရင် ရေစီးဖို့က အရင်ကထက် ပိုဆိုး သွားတယ်။ မြောင်းတွေလည်း ပိုပိတ်သွားတယ်။ တချို့
လမ်းတွေမှာဆို ကားမပြောနဲ့ ဆိုက်ကားတောင် သွားလို့မရတော့ဘူး။ လမ်းဘေးမှာ နည်းနည်း
လေးပဲ နေရာချန်ထားလို့ အဲဒီနေရာ ကျဉ်းကျဉ်းလေးကနေ လမ်းလျှောက်သွားရ တယ်။

အခုမိုးရွာပြီဆိုတော့ အဲဒီလိုလမ်းလျှောက် ရတာတွေကလည်း အဆင်မပြေတော့ဘူး။ လမ်းသွား
လမ်းလာတွေလည်း ခဏခဏ ချော်လဲကြတယ်။ အသက်ကြီးတဲ့ သူတွေအတွက်ဆိုရင် အန္တရာယ်
တော်တော်များတယ်" ဟုပြောသည်။

လမ်းအောက် ရေစီးရေလာမြောင်းများကို သက်ဆိုင်ရာကုမ္ပဏီများကို တာဝန်ယူလုပ်ခိုင်း သည့်
အတွက် ကုမ္ပဏီများ၏ဆောင်ရွက်ပုံများ နှင့် ညွှန်ကြားမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်း
များပြုလုပ်၍ ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း ရေကြီးရေလျှံမဖြစ်စေရန် ထိန်းသိမ်းရေးကော်
မတီ တာဝန်ရှိသူတစ်ဦး က ပြောသည်။

"မြေအောက်မြောင်းလုပ်ဖို့ ရပ်ကွက်တွေမှာ မြေကြီးတွေပုံထားခဲ့ပြီး ဖယ်ထုတ်မပေးရင် မြောင်း
ပိတ်တာတွေ ပိုဖြစ်တော့မှာပေါ့။ အဲဒီလို ဖယ်မထားတာတွေရှိရင် ချက်ချင်းဖယ်ပေးဖို့ ညွှန်ကြား
တယ်။ တကယ် လုပ် မလုပ် ပြန်စစ်ဆေးနေတယ်"ဟု ၎င်းက ဆက်ပြောသည်။ ရပ်ကွက်အတွင်း
နေထိုင်သူများ၏အဆိုအရ ထိုသို့ညွှန်ကြားချက်များရှိသော်လည်း ထိရောက် သည့်လုပ်ဆောင်မှု
များမရှိဘဲ မိုးတွင်းကာလ ရောက်ရှိလာခြင်းကြောင့် နေ့စဉ်နှင့်အမျှ အခက် အခဲများ ပိုမိုများပြား
လာသည်။

မြောင်းပေါင်း ၂,၀၀၀ ကျော်တူးလျက်ရှိပြီး မြောင်းတစ်ခု၏တန်ဖိုးမှာ ကျပ် သိန်း ၂၀ ခန့် ရှိသည့်
အတွက် ဒေသခံများကလည်း စည်းကမ်းလိုက်နာကာ ပူးပေါင်း ပါ၀င်စေလိုကြောင်း ရေကြီးရေလျှံ
မဖြစ်စေရန် ထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ဆောက်လုပ်ဆဲ လမ်းအောက် ရေစီးရေလာမြောင်းတစ်ခုကိုတွေ့ရစဉ်။ ယခုနှစ်မိုးရာသီ၌ ရန်ကုန်မြို့တွင်း  ရေကြီးရေလျှ့ံမှုကာကွယ်ရန် လမ်းအောက် ရေစီးရေလာမြောင်းတည်ဆောက်မှုလုပ်ငန်းကို ငမိုးရိပ်ချောင်နှင့်နီးသည့် ဒဂုံမြို့သစ် လေးမြို့နယ် တွင် ဦးစားပေးတည်ဆောက်လျက်ရှိကာ မေလကုန်တွင် အပြီးသတ်ရန်ရည်ရွယ်ထားသော်လည်း လက်ရှိအချိန်တွင် အချိန်မီပြီးစီးရန် အခက်အခဲများရှိနေပြီး သက်ဆိုင်ရာဒေသ၌နေထိုင်သူများမှာ ထိုမပြီးပြတ်သေးသည့် ဆောက်လုပ်ရေးလုပ်ငန်းများကြောင့်  သွားရေးလာရေး အခက်အခဲများကို နေ့စဉ်ကြုံတွေ့နေရသည်။ ဓာတ်ပုံ - တင်မိုးအောင်

"ရုတ်တရက် မိုးအရမ်းရွာခဲ့ရင် မြောင်းဆောက် နေတာတွေ အချိန်မတိုင်ခင် ပျက်စီးသွားနိုင် တယ်။
မြောင်းအတွက် မြေတူးတာတွေ ဘေးပုံထားရတဲ့အတွက် လမ်းတွေပိတ်နေရင် မြောင်းဆောက်နေ
တဲ့သူတွေနဲ့ညှိနှိုင်းပြီး ဒေသခံတွေ က ဒီမြေတွေကိုယူလိုက်လို့ရတယ်။ တာဝန်ယူတဲ့ကုမ္ပဏီတွေ
လည်း ဒေသခံတွေနဲ့ ညှိနှိုင်း ဆောင်ရွက်စေချင်တယ်"ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ မိုးတွင်းရေကြီးရေလျှံမှုများမဖြစ် ပေါ်စေရန် စီမံကိန်းရေးဆွဲကာ အကောင်အထည်ဖော်
နေသော်လည်း ထိုလုပ်ဆောင်မှု များနှင့်ပတ်သက်၍ တာဝန်ယူလုပ်ဆောင်လျက် ရှိကြသော
အဖွဲ့အစည်းများ၏ တာဝန်ရှိသူများ က အဆိုပါကိစ္စနှင့်ပတ်သက်၍ အများပြည်သူ များကို
ရှင်းလင်းပြောဆိုခြင်းလည်း မရှိကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

"ကိုယ့်ရပ်ကွက်ထဲမှာ မြောင်းကြီးတွေတူးပြီး လုပ်နေကြတော့မှပဲ ဘာတွေလုပ်နေကြတာလဲဆို
တာကို နီးစပ်ရာ ဟိုမေးဒီမေးလျှောက်မေးရ တော့တယ်။ ဘယ်သူမှ တိတိကျကျမသိဘူး။ အမှန်
ဆိုရင် ဒီလိုကိစ္စမျိုးတွေက စည်ပင်နဲ့ ဆိုင်တာလေ။ သူတို့က လာပြောပြသင့်တာပေါ့။ ဒါပေမဲ့
လာလုပ်နေကြတာကလည်း သာမန် အလုပ်ကြမ်းသမားနဲ့ ပန်းရန်သမားတွေပါ။ သက်ဆိုင်ရာ
ဌာနက တာဝန်ရှိတဲ့သူတွေ တစ်ယောက်မှအခုထိမတွေ့သေးဘူး။ လုပ်နေ တာကတော့
ကျွန်တော့အထင် တစ်လကျော် လောက်တော့ရှိပြီ ထင်တာပဲ။ ရပ်ကွက်ထဲက အုပ်ချုပ်ရေးမှူး
လည်း ဘာမှရေရေရာရာ မပြောနိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့က လာလုပ်နေတဲ့သူတွေကို
ဘာတွေမေးပြီး ဘာတွေညှိနှိုင်းရမှာလဲ" ဟု ဒဂုံမြို့သစ် (အရှေ့ ပိုင်း) အမှတ် (၄) ရပ်ကွက်
အတွင်းနေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် မိုးတွင်းကာလ ရေမကြီး စေရန် ရေကြီးရေလျှံထိန်းသိမ်းရေးကော်မတီ ကို
ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရေတိုစီမံကိန်းအ ဖြစ် ဒဂုံမြို့သစ်လေးမြို့
နယ်တွင် လမ်းအောက်ရေစီးရေလာမြောင်းများပြုလုပ်ခြင်းကို မေလ ၃၁ ရက်နေ့တွင် အပြီးသတ်
ပြုလုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

အဆိုပါမြောင်းများ ဆောက်လုပ်ခြင်းကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက
တာဝန်ယူပြုလုပ်ပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ ၂၀ က ခွဲဝေတာဝန်ယူကာ ပြုလုပ်ပေး
နေခြင်းဖြစ်သည်။၏

"ဒီမြောင်းတွေဆောက်ရတာ ရာသီဥတုကြောင့် အခက်အခဲနည်းနည်းရှိတယ်။ မိုးရွာရင် ရေဝင်လို့
ရေပြန်စုပ်ထုတ်နေရတယ်။ မိုးရွာလို့ ပစ္စည်းနဲ့ အလုပ်သမားဈေးလည်း နည်းနည်းတက်တယ်။
အလုပ်သမားတွေကို ဘယ်နေ့ဘာအပြီးလုပ်ဆိုပြီးတော့ သေချာဆောင်ရွက် နေပါတယ်"ဟု
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် တွင် လမ်းအောက်ရေစီးရေလာမြောင်း ရ၈ ခု ကို တာဝန်ယူ
လုပ်ဆောင်နေသော May Yu Land- ဆောက်လုပ်ရေးကုမ္ပဏီက ဒေါက်တာ အေးမြရတနာက
ပြောသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင် များအသင်း ဒုဥက္ကဋ္ဌ ဦးသာအေးက "ဒဂုံ မြို့သစ်
တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း သုံးမြို့နယ်မှာ လမ်းအောက် ရေစီးရေလာ မြောင်း
(boxculvert) ၂,၈၆၄ ခု ဆောက်လုပ် ပေးနေတယ်။ မိုးတွင်းမှာ ရေဝပ်တာတွေများ လို့
သွားလာရေးအဆင်ပြေအောင် လုပ်ပေးတာ ပါ"ဟု ပြောသည်။

"အခု မိုးရွာတော့ မြောင်းတွေဆောက်ရတာ တော်တော်လေးဒုက္ခဖြစ်တယ်။ ရေတွေဝင်တော့
ပြန်စုပ်ထုတ်နေရတယ်။ ဒါပေမဲ့ တော်တော် များများ ပြီးနေပြီ။ အောင်မြင်တယ်လို့ ပြောရ မယ်။
ဒီလကုန်အပြီးလုပ်မှာပါ။ နေ့ရော ညပါ ပြီးစီးအောင်လုပ်နေတယ်"ဟု ၎င်းကပြောသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စည်ပင် ထောက်ကူဥက္ကဋ္ဌ ဦးဆန်းအောင်က "မြေအောက်
မြောင်းလုပ်ဖို့ တာဝန်ယူရတဲ့ ကုမ္ပဏီ ၂၀ က ကန်ထရိုက်ထပ်ပေးလိုက်တာဆိုတော့ တချို့
လက်လွတ်စပယ်လုပ်တဲ့ ကုမ္ပဏီတွေရှိတတ် တယ်။ အဲဒီအခါ ရပ်ကွက်အုပ်ချုပ်ရေးမှုးက
လိုက်စစ်ဆေးသင့်တယ်။ ဒေသခံတွေအတွက် သွားလာရေး အခက်အခဲဖြစ်နေရင် ဘယ်မြောင်း
ကို ဦးစားပေးပြီး ဘယ်ဟာကိုရပ်ထားမယ်ဆိုတာကို ရပ်ကွက်အုပ်ချုပ်ရေးမှုးက ၀င်ပြောပေးသင့်
တယ်"ဟု ပြောသည်။

မြောင်းအဝရှိသော နေရာများကို ဦးစားပေး ပြီး မြေအောက်မြောင်းများပြုလုပ်လျက်ရှိပြီး အကူ
အညီလိုအပ်ပါက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီကို လိုအပ်သောစက် ပစ္စည်းများ
အတွက် အကူအညီတောင်းကာ အမြန်ပြီးအောင်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောသည်။

"ကုမ္ပဏီတွေကလုပ်ထားတဲ့ မြောင်းတွေကို ရေကြီးရေလျှံ မဖြစ်စေရေးကော်မတီက လိုက်စစ်ပြီး
မကြိုက်ရင်ပြင်ပေးရတယ်။ ဒါပေမဲ့ လူအင်အားကနည်းပြီး တူးဖော်တဲ့မြောင်းက များတာကြောင့်
အကုန်လုံးကိုလိုက်စစ်ဆေး ဖို့တော့ မလွယ်ဘူး"ဟု ဦးဆန်းအောင်က ပြောသည်။

ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုကာကွယ်ရေးစီမံချက်အတွက် စုစုပေါင်း ကျပ် ၁၂ ဒသမ ၂၃
ဘီလျံ သုံးစွဲသွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်