မြို့ပြမြေယာအသုံးချမှုနှင့် ဇုန်ခွဲခြားသတ်မှတ် မှုများအတွက် လေးကြိမ်မြောက်အလုပ်ရုံဆွေးနွေး
ပွဲကို ယခုလ ၁၀ ရက်နေ့တွင် ပြုလုပ် သွားမည်ဖြစ်ပြီး ယခုအကြိမ်သည် မြို့မြေအသုံးချမှုဇုန်
သတ်မှတ်ချက်ကို အတည်ပြု နိုင်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းနှင့်
မြေစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူကပြောသည်။
ယခုအကြိမ် ဆွေးနွေးပွဲတွင် မြို့ပြမြေယာ အသုံးချမှု၊ ဇုန်ခွဲခြားသတ်မှတ်မှုနှင့် ဆက်နွှယ် သော
ပညာရှင်များသာမက အများပြည်သူပါ၀င်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်သွားမည်ဟု သတင်းများထွက်
ပေါ်နေသော်လည်း အဆိုပါအချက်များကို စဉ်းစားနေဆဲဖြစ်ကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်
ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတိုးအောင်က မေလ ၃၀ ရက်နေ့က မြန်မာတိုင်း(မ်)ကို
ပြောသည်။
"အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်သူတွေ ပါ၀င်ဆွေးနွေးနိုင်ဖို့ကိစ္စကိုတော့ ကျွန်တော်တို့ မဆုံးဖြတ်
ရသေးပါဘူး။ စဉ်းစားနေတုန်းပဲ ရှိပါသေးတယ်" ဟု ၎င်းက ပြောသည်။ မြို့မြေအသုံးချမှုဇုန်
၁၁ ဇုန် သတ်မှတ်ခြင်း နှင့် ရန်ကုန်မြို့အဆောက်အအုံအမြင့်ဇုန်များ သတ်မှတ်ခြင်းအတွက်
မြေပုံရေးဆွဲပြီးစီးမှုတို့ ကိုဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး
ကော်မတီက တာဝန်ရှိသူများ၊ မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင်များ၊ ဆောက်လုပ်ရေး လုပ်ငန်း
ရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားသော ပညာရှင်များ ပါ၀င်ဆွေးနွေးခဲ့ကြသည့်
အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ရေးဆွဲပြီးစီးသည့်သတ်မှတ်ချက် များကို တိုင်းဒေသကြီးလွှတ်တော်သို့ မတင်ပြ မီ
ပြည်သူလူထုကို အသိပေးချပြမည်ဖြစ်ပြီး အများပြည်သူများထံမှ အကြံပြုချက်များ လည်း
ရယူမည်ဖြစ်ကြောင်း ဦးတိုးအောင်က ပြော သည်။
မြို့ပြမြေအသုံးချမှုဇုန် သတ်မှတ်ချက်ကို ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်
တင်ပြသွားမည်ဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်သည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရနှင့်
ဂျိုက်ကာတို့ ပူးပေါင်း ဆောင်ရွက်နေသော မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူဟာစီမံကိန်း၏
အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး မြို့ပြမြေအသုံးချမှုဇုန် ရေးဆွဲ သတ်မှတ်ခြင်းအားဖြင့် ရန်ကုန်မြို့၏
ထူးခြား သောသွင်ပြင်လက္ခဏာများကို ထိန်းသိမ်းပြီး လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်
မည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုမျိုးကို ဖော်ဆောင်နိုင်ရန်ရည်ရွယ်ကြောင်း ပညာရှင်
များက ပြောသည်။
ရန်ကုန်မြို့တော် မြေအသုံးချမှုနှင့် ဇုန်ခွဲခြား သတ်မှတ်မှု၊ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာအဆိုပြုပုံစံများ
စိစစ်အကြံပြုခြင်းလုပ်ငန်းကော်မတီကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ဌာန
မှူးများနှင့် ပညာရှင်များ၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံဗိသုကာအသင်းနှင့် JICA Study Team
တို့က ပညာရှင်များဖြင့် ၂၀၁၃ ခုနှစ်၊ မေလက ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့၏ မြို့မြေအသုံးချခြင်းနှင့်
တည်ဆောက်မှုဇုန်များ သတ်မှတ်ခြင်းတို့ကို စတင်လေ့လာဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။















