ဧရာဝဏ်နှင့် ရတနာစီမံကိန်း တိုက်ခန်းများကို ၁၀ နှစ် အရစ်ကျစနစ်ဖြင့်ရောင်းချမည်

ဧရာဝဏ်နှင့် ရတနာစီမံကိန်း တိုက်ခန်းများကို ၁၀ နှစ် အရစ်ကျစနစ်ဖြင့်ရောင်းချမည်

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တည်ဆောက်နေဆဲ ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းများက
ထွတ်ပေါ်လာသည့် တိုက်ခန်းများကို ၁၀ နှစ် အရစ်ကျ ငွေပေးချေမှုစနစ်ဖြင့် ရောင်းချနိုင်ရန်
ပြင်ဆင်လျက်ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

"ပထမအဆင့်လုပ်မယ့် ၁၁ လုံးထဲမှာ ခြောက်လုံးကို မတ်လမှာ အပြီးနဲ့ ကျန်တဲ့ငါးလုံးကတော့
ဒီဇင်ဘာမှာ အပြီးသတ်တည်ဆောက်ဖို့ ကြိုးစားလုပ်နေတယ်။ တိုက်ခန်းဝယ်ခွင့်ရတဲ့သူကို
တိုက်ခန်းတန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို ရှစ်လအတွင်း အကျေပေးသွင်း ပြီး ကျန်တဲ့ အခန်းတန်ဖိုးရဲ့
၅၀ ရာခိုင်နှုန်းကို တော့ ၁၀ နှစ်အရစ်ကျစနစ်နဲ့ ရောင်းဖို့ ညှိနှိုင်းနေဆဲဖြစ်တယ်" ဟု ၎င်းက
ပြောသည်။ အခန်းတစ်ခန်းလျှင် စတုရန်းမီတာ ၆၀၀ အကျယ်အဝန်းရှိသည့် ဧရာဝဏ်နှင့်
ရတနာ အိမ်ရာစီမံကိန်းများရှိ တိုက်ခန်းများမှာ အမေ ရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်လာ
သည့် အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ဈေးနှုန်း မြင့်တက်ခဲ့ရာ တစ်ပေပတ်လည်
ဆောက်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ် ၁၁၀,၀၀၀ ၀န်းကျင်အထိ ကျသင့်နေပြီး၊ အခန်းတစ်ခန်းလျှင်
ကျပ်သိန်း ၆၀၀ ကျော် ဖြင့်သာ အများပြည်သူထံ ရောင်းချနိုင်မည်ဖြစ်ကြောင်း သတင်းများထွတ်ပေါ်
လာသည့်အတွက် ရန်ကုန်လူထုအကြား ဝေဖန်မှုများ မြင့်တက်လာနေသည့် တန်ဖိုးမျှတအိမ်ရာ
စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

"ဈေးများတယ်လို့ အပြင်မှာ ပြောနေကြတာက ဒီအဆောက်အအုံတွေက အထပ်မြင့်ဖြစ်နေတော့
လိုအပ်တဲ့ပစ္စည်းတွေ ထည့်ရင်းပြုရင်းနဲ့ တစ်ပေပတ်လည်ကို တစ်သိန်းကျော် လောက်အထိ
ဖြစ်သွားတယ်၊ ဒေါ်လာဈေး မြင့်လာတဲ့ အကျိုးသက်ရောက်မှုလည်း နည်းနည်းပါတယ်။
ဈေးထပ်လျှော့ပြီးရောင်း ဖို့ထက် ရောင်းမယ့်စနစ်လေးကိုတော့ ပြင် ထားတာရှိတယ်"ဟု
ဦးမင်းထိန်ကပြောသည်။

မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီ ၃၁ ခုတို့ ပူးပေါင်းဆောက်
လုပ်နေသည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းများမှာ လက်ရှိတွင်
တည်ဆောက်ရေးလုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းသာ ပြီးစီးသေးသည်။ အဆို ပါ အိမ်ရာများတွင်
၁၈ ထပ်အမြင့် အဆောက် အအုံ ၄၉ လုံးပါ၀င်ပြီး တိုက်ခန်းပေါင်း ယူနစ် ၁၉,၆၀၀ အထိ အကောင်အထည်ဖော် ဆောက်လုပ်သွားမည်ဖြစ်သည်။ ပထမ အဆင့် တိုက်အလုံးရေ
၁၁ လုံးကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်ဆောက် လုပ်ရန်လျာထားပြီးဖြစ်ရာ
အဆိုပါ တိုက် အလုံးရေ ၁၁ ခုမှ အခန်းပေါင်း ၆,၀၀၀ ကို ယခုနှစ်အတွင်း အများပြည်သူထံ
ရောင်းချ သွားမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်က စတင်ပြီး ယင်းစီမံကိန်းကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ နိုင်ငံပိုင်မြေ နေရာများပေါ်
တွင် ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အကျိုးတူဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ အခြေခံ
အဆောက်အအုံများဖြစ် သည့်လမ်းများ၊ ဈေးများ၊ ကျောင်းများ၊ အများ ပြည်သူသယ်ယူပို့ဆောင်ရေး
ဘတ်စ်ကား လိုင်းများအပါအဝင် နေထိုင်သူများ အပန်း ဖြေနိုင်မည့် ပန်းခြံများပါ တစ်ပါတည်း
ထည့်သွင်းတည်ဆောက်ထားသည့် စီမံကိန်း တစ်ခု ဖြစ်သည်။ အခန်းတစ်ခန်းလျှင် ကျပ်သိန်း
၆၀၀ ကျော် ကျသင့်သည့်အတွက် ၎င်းစီမံကိန်းများအနီးရှိ ယုဇနဥယျာဉ်မြို့တော်နှင့် စစ်တောင်း
အိမ်ရာ တိုက်ခန်းများ၏ ဈေးနှုန်းနှင့်ယှဉ်လျှင် များစွာ ဈေးနှုန်းကွာခြားလျက်ရှိသည့်အပြင် အထပ်
မြင့် အဆောက်အအုံဖြစ်သည့်အတွက် လစဉ် ပေးချေရမည့် အိမ်ရာပြုပြင်ထိန်းသိမ်းစရိတ်
များပါ ကုန်ကျနိုင်သည့်အတွက် ယင်းတိုက် ခန်းများကို ၀ယ်ယူသူနည်းပါးနိုင်ကြောင်း ယုဇန
ဥယျာဉ်မြို့တော်က အိမ်ခြံမြေ အကျိုး ဆောင် ဦးမြသန်းက ပြောသည်။

"အခန်းတစ်ခန်းကို သိန်း ၆၀၀ နဲ့ ပေးဝယ် နိုင်မှတော့ ဘယ်သူတွေက ဒီနေရာမှာ လာနေ
မလဲ။ သူ့နောက်က ယုဇနထဲမှာတောင် သိန်း ၁၅၀ လောက်နဲ့ တိုက်ခန်းက ၀ယ်လို့ရနေသေး
တယ်။ အထပ်မြင့်ဖြစ်တဲ့အတွက် လစဉ် ပြုပြင်ထိန်းသိမ်းစရိတ်ကလည်း သေးမှာ မဟုတ်တော့
တော်ရုံတန်ရုံလူက ၀ယ်နေကြ မယ်လို့ မထင်ဘူး။၊ တန်ဖိုးမျှတ ဆိုပေမယ့် ဈေးက တော်တော်
များနေသေးတယ်" ဟု ၎င်းက ပြောသည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တည်ဆောက်
အကောင်အထည်ဖော်ခဲ့သည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းတစ်ခု ဖြစ်သည့် လှိုင်သာယာမြို့နယ်
ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ရွှေလင်ပန်း တန်ဖိုးမျှတအိမ်ရာစီမံ ကိန်းက တိုက်ခန်းများကို
တစ်ခန်းလျှင် ကျပ် သိန်း ၁၂၀ ဖြင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ လအတွင်းက စတင်၍
ရောင်းချခဲ့ပြီးဖြစ် သည်။

ရွှေလင်ပန်းတန်ဖိုးမျှတ အိမ်ရာစီမံကိန်း က တိုက်ခန်းများကို လက်ငင်းငွေချေစနစ်၊
အရစ်ကျစနစ်များဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ရောင်းချ
ခဲ့ခြင်းဖြစ်ပြီး ကနဦးသွင်းငွေအဖြစ် အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းကာ ကျန်ငွေ
၇၀ ရာခိုင်နှုန်းကို နှစ်အပိုင်း အခြားအလိုက် ပေးသွင်းစေသည့်စနစ်ဖြင့် ရောင်းချခဲ့ခြင်း
ဖြစ်သည်။ လက်ရှိ ဆောက်လုပ်နေဆဲဖြစ်သည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းမှာ
နိုင်ငံတော်အဆင့် ဆောက်လုပ်နေသည့် တန်ဖိုး မျှတအိမ်ရာစီမံကိန်းကြီး တစ်ခုဖြစ်ပြီး
အခန်း အရေအတွက် အများဆုံး ထွက်ရှိနိုင်မည့် စီမံကိန်းလည်း ဖြစ်သည်။ အများပြည်သူ
အိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ၂၀၁၂ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ မြန်မာ တစ်နိုင်ငံ
လုံးရှိ မြို့ပေါင်း ၈၁ မြို့တွင် အိမ်ရာ ယူနစ်ပေါင်း တစ်သန်းကို ဖော်ဆောင်နိုင်ရန် လျာထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်