ဒဂုံတောင်အငှားအိမ်ရာစီမံကိန်းသစ်များတွင် နေရာချထားပေးရန် စီစဉ်နေ

ဒဂုံတောင်အငှားအိမ်ရာစီမံကိန်းသစ်များတွင် နေရာချထားပေးရန် စီစဉ်နေ

အိမ်ရာပိုင်ဆိုင်ရန် အခက်အခဲရှိသည့်ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် လစဉ်
အိမ်လခပေးချေရုံသက်သက်ဖြင့် နေထိုင်နိုင်မည့် အငှားအိမ်ရာစီမံကိန်းများကို
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် တည်ဆောက်နေရာချ ထားပေးရန် စီစဉ်နေကြောင်း
ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးဝင်းနိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"အခုလုပ်မယ့် အငှားအိမ်ရာတွေ အားလုံး က အရင် 'ဖဆပလ' အိမ်ရာ ပုံစံအတိုင်းအငှား
ချပေးမှာပါ။ အခုမှ လုပ်နေဆဲကာလဖြစ်လို့ ဘယ်လောက်နဲ့ ငှားမယ်ဆိုတာရယ်၊ ဘယ်လိုပုံစံနဲ့
ချပေးမယ်ဆိုတာ သေချာပြောလို့ မရပါ ဘူး။ အငှားအိမ်ရာ ဖြစ်လို့ ပြန်ရောင်းခွင့်မရှိသလို
နောက်လူကိုလည်း လွှဲလို့မရပါဘူး။ အခု ဒဂုံတောင်မှာ ဆောက်မယ့် အငှားအိမ်ရာမှာ
နိုင်င့ံဝန်ထမ်းတွေနဲ့ ပြည်သူတွေကို နေရာချ ထားပေးမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ငှားရမ်းမှုနှုန်းထားများနှင့် မည်သူ့ကို ဦးစား ပေးမည်စသည်တို့ကိုမူ မူဝါဒရေးဆွဲနေဆဲ ဖြစ်သည်။
"ရွှေလင်ပန်းလိုပဲ မဲနှိုက်ပြီး အငှားအိမ်ရာ ကိုချပေးမယ်လို့ ထင်ပါတယ်။ အိမ်လခ အပြင် ပြုပြင်
ထိန်းသိမ်းစရိတ်နှစ်ခုစလုံးကို လစဉ်ပေးချေရမှာဖြစ်ပါတယ်။ အိမ်လခက တိုက်ဆောက်ထားလို့
ကုန်သွားတဲ့ အစိုးရ ဘတ်ဂျက်ထဲကို ပြန်ရောက်သွားမှာ ဖြစ်တယ်။ ပြင်ဆင်ထိန်းသိမ်းစရိတ်ကရတဲ့
ငွေတွေကို အိမ်ရာသာယာရေး ကော်မတီကသုံးပြီး ထိန်း သိမ်းမယ့် မူနဲ့သွားမှာဖြစ်တယ်။ ငွေကို
အစိုးရ က စိုက်ထုတ်ပေးထားရတယ်။ အငှားအိမ်ရာ တွေက ငွေစိုက်ထုတ်ရလို့ အစိုးရကပဲ လုပ်
နိုင်တဲ့ လုပ်ငန်းဖြစ်တယ်။ စီမံကိန်းလုပ်ငန်း တွေကို စပြီး လုပ်နေကြပါပြီ" ဟု ၎င်းက ပြောသည်။

ရန်ကုန်-မန္တလေး အမှတ် ၂ အဝေးပြေးလမ်းမကြီးနံဘေး ၊ ရွာသာကြီးကျေးရွာအနီး ၊ ဒဂုံ
အရှေ့စက်မှုဇုန်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် မြေ ၁၄ ဧကကျယ်ဝန်းသည့် နိုင်ငံပိုင်
မြေနေရာပေါ်တွင် အငှားအိမ်ရာသစ်များကို ဆောက်လုပ်နေခြင်းဖြစ်သည်။ ထွက်ရှိလာ
သည့်တိုက်ခန်းများကို မရောင်းဘဲ ငှားရမ်းခြင်း သက်သက်သာလုပ်ဆောင်သွားမည်ဖြစ်
သည်။ ငှားရမ်းခနှုန်းထားများ၊ အိမ်ရာစည်းမျဉ်း စည်းကမ်းများကိုလည်း တင်းတင်းကျပ်
ကျပ်ဖြင့် ကိုင်တွယ်သွားနိုင်ရန် ပြင်ဆင်လုပ်ဆောင် နေကြောင်း ဦးဝင်းနိုင်က ပြောသည်။

အငှားအိမ်ရာများ ဖော်ဆောင်နိုင်ရန် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော် သမ္မတက
ကျပ် ၄၆ ဘီလျံ ချထားပေးခဲ့ရာ အိမ်ရာလိုအပ်ချက်အများဆုံးရှိနေသည့် ရန်ကုန်တိုင်းဒေသကြီး
အတွက် ကျပ်ဘီလျံ ၂၀ ရရှိထားပြီးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရရှိထားသည့်
အဆိုပါကျပ် ၂၀ ဘီလျံဖြင့် ဒဂုံအရှေ့စက်မှုဇုန်နှင့် မျက်နှာချင်း ဆိုင်ရှိ (ဒဂုံမြို့သစ်တောင်ပိုင်း
အတွင်းပါ၀င် သော) အငှားအိမ်ရာတိုက်ခန်းများကို အကောင်အထည်ဖော် ဆောက်လုပ်နေခြင်း
ဖြစ်သည်။ စီမံကိန်းအတွက် လိုအပ်သည့်အဆောက် အအုံဒီဇိုင်း ၊ အခန်းဖွဲ့စည်းတည်ဆောက်ပုံ၊
ပါ၀င်ထည့်သွင်းရမည့် အခြေခံအဆောက် အအုံများ၏ ဒီဇိုင်းပိုင်ဆိုင်ရာ အချက်အလက် များကို
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေးဆွဲတွက်ချက်ပေးပြီး ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ယူလုပ်ဆောင် နေခြင်း ဖြစ်သည်။

စတုရန်းပေ ၉၀၀ ကျယ်ဝန်းသည့်အခန်း များပါ၀င်သည့် လေးခန်းတွဲ ခြောက်ထပ် အဆောက်
အအုံ ရှစ်လုံး၊ စတုရန်းပေ ၆၆၇ပေ အကျယ် အခန်းများပါ၀င်သည့် ရှစ်ခန်းတွဲ ခြောက်ထပ်
အဆောက်အအုံ ကိုးလုံး၊ စတုရန်း ပေ ၅၂၂ ပေ အကျယ် ရှစ်ခန်းတွဲ ခြောက်ထပ်အဆောက်
အအုံ ၁၂လုံးဖြစ်ရာ စုစုပေါင်း တိုက် အလုံးရေ ၃၉ လုံးမှ နေအိမ်အခန်းပေါင်း ၁,၂၀၀ ထွက်ရှိ
မည်ဖြစ်သည်။ အိမ်ရာ၏ ဈေး ၀ယ်စင်တာနေရာအတွက်လည်း အခန်း အကျယ်အဝန်း ၉၆၀
စတုရန်းပေကျယ်ဝန်း သည့် အခန်းပေါင်း ရ၂ ခန်းပါ၀င်သည့် ခြောက်ခန်းတွဲ သုံးထပ်အဆောက်
အအုံလေးလုံးပါ တစ်ပါတည်းထည့်သွင်းတည်ဆောက်နေဆဲဖြစ်သည်။

ထို့ပြင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၏ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမှုဖြင့် ဒဂုံမြို့သစ်
တောင်ပိုင်းမြို့နယ်ရှိ ၁၆၈ ရပ်ကွက်တွင် ဆောက်လုပ်သော အငှားအိမ်ရာကို အနီး ပတ်ဝန်းကျင်ရှိကျူးကျော်နေထိုင်သူများကို ပြန်လည်နေရာချထားပေးရန် စီစဉ်နေကြောင်း
ဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါအိမ်ရာမှာ ခြောက်ခန်းတွဲ တစ်ထပ်တိုက်
၁၅ လုံးဖြစ်ပြီး အခန်းပေါင်း ၉၀ ရရှိမည် ဖြစ်သည်။ မြို့ကြီးများအနှံ့တွင် တည်ဆောက်မည့် အငှားအိမ်ရာများတွင်နေထိုင်လိုသည့် နိုင်ငံဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ
တိုင်းဒေသကြီး အစိုးရအဖွဲ့အသီးသီးထံ သို့ ယင်းအိမ်ရာများတွင် 'နေထိုင်လိုကြောင်း'
လျှောက်ထားရမည်ဖြစ်သည်။ အငှားအိမ်ရာ များတွင် နေထိုင်ခွင့်အတွက်လည်း တန်ဖိုး
မျှတအိမ်ရာစီမံကိန်းများကဲ့သို့ပင် မဲနှိုက် နေရာချသည့် စနစ်ကျင့်သုံးနိုင်ဖွယ်ရှိ ကြောင်း
ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်