ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုနှုန်းမြင့်မားသော နေရာတစ်ခုဖြစ်သည့် တာမွေမြို့နယ်
တာမွေအဝိုင်းလမ်းဆုံရှိ ခုံးကျော်တံတား တည်ဆောက်မှုမှာ မျှော်မှန်းတည်ဆောက်
ရေးကာလထက်စောလျင်စွာ ပြီးစီးမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ စီမံကိန်းအင်ဂျင်နီယာ
ဦးစိန်ဝင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရဘတ်ဂျက် ချထားပေးမှုဖြင့် ရွှေတောင်ဆောက်လုပ်ရေး
ကုမ္ပဏီလိမိတက်က တည်ဆောက်ခြင်းဖြစ် ပြီး ကုန်ကျစရိတ်မှာ ကျပ်၂၂ ဒသမ ၅
ဘီလျံ ရှိသည်။
အဆိုပါတံတားမှာ ဗညားဒလမ်းနှင့် ဦးချစ်မောင်လမ်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်းဆုံရာတွင်
(Y) ပုံသဏ္ဌာန်တည်ရှိသည်။ "တာမွေခုံးကျော်တံတား တည်ဆောက် တာ အပိုင်းနှစ်ပိုင်းနဲ့
တည်ဆောက်ရပါတယ်။ ဗညားဒလလမ်းနဲ့ ဦးချစ်မောင်လမ်းကို ဖြတ်ဆောက်တာက
တစ်ပိုင်းနဲ့ အရှေ့မြင်းပြိုင်ကွင်း လမ်းဘက်ကို တစ်လမ်းဆင်းတဲ့အတွက် နှစ်ပိုင်းခွဲဆောက်
ရပါတယ်။ အစက နှစ်ပိုင်း စလုံးကို ၁၆ လလောက် ခန့်မှန်းထားပေမယ့် အခု ၁၀ လောက်
နဲ့အပြီး တည်ဆောက်နိုင်အောင် လုပ်နေပါတယ်။ ဒါကြောင့် အရင်မှန်းထား တာထက်
စောပြီးမှာပါ" ဟု ၎င်းက ပြောသည်။
တာမွေခုံးကျော်တံတား၏ ပထမအပိုင်း ဖြစ်သည့် ဗညားဒလလမ်းနှင့် ဦးချစ်မောင်လမ်းကို
ဖြတ်ဆောက်သည့် ပထမအပိုင်းကို လာမည့် ဧပြီလသင်္ကြန်မတိုင်ခင်တွင် အပြီး
တည်ဆောက်မည်ဖြစ်ကာ ခုံးကျော်တံတား အပေါ် ဖြတ်သန်းသွားလာခွင့်ကို တိုင်းဒေသကြီး
အစိုးရက ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
ပထမအပိုင်းကို တည်ဆောက်ပြီးမှသာ အရှေ့မြင်းပြိုင်ကွင်းလမ်းသို့ ခွဲထွက်သည့် ဒုတိယအပိုင်း
တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇွန်လကုန်ခန့်တွင် ပြီးစီးရန် မျှော်မှန်း ကြောင်း ကုမ္ပဏီက
ပြောသည်။ "တင်ဒါအောင်တာကလည်း ပြီးခဲ့တဲ့ ဩဂုတ်လကမှ ရတာဆိုတော့ ကျွန်တော်တို့
အရင်က ပထမအပိုင်းကို ၁၀ လောက်ကြာမယ် ဆိုပြီးမှန်းထားခဲ့တာ။ ဒါပေမဲ့ အခုစောပြီး
တည်ဆောက်နိုင်တဲ့ အခြေအနေဖြစ်တဲ့ အတွက် လာမယ့်သင်္ကြန်မတိုင်ခင်မှာတော့
ဆောက်လို့ပြီးမှာပါ။ ဒါပေမဲ့ တံတားအသုံးပြုခွင့်ကိုတော့ တိုင်းဒေသကြီး အစိုးရကပဲ
ပေးမှာပါ" ဟု ၎င်းက ပြောသည်။
လက်ရှိအခြေအနေတွင် တာမွေခုံးကျော် တံတား (ပထမအပိုင်း)၏ ဆောက်လုပ်ရေးလုပ်ငန်း
များသည် ၅၂ ရာခိုင်နှုန်းခန့်ပြီးစီး နေပြီဖြစ်ကာ တံတားဆောက်လုပ်ပြီးစီးပါက ယင်းနေရာ၏
ယာဉ်ကြောပိတ်ဆို့မှုအတိုင်း အတာတစ်ခုအထိ ဖြေရှင်းနိုင်မည်ဟု ဦးစိန်ဝင်းက ပြောသည်။















