ထန်းတပင်မြို့နယ်တွင် လမ်းသစ်များဖောက် လုပ်ခြင်းကို ကမ္ဘာ့ဘဏ်၏အကူအညီဖြင့်
ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ်အတွင်းစတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း လူထုဗဟိုပြုစီမံကိန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါစီမံကိန်းမှာ ထန်းတပင်မြို့နယ် နေထိုင်သူများ၏ ဆန္ဒပေါ်မူတည်၍ ၎င်းတို့ က လမ်းများဖောက်လုပ်ခြင်းများကို ပြုလုပ်လို ကြောင်း အဆိုပြုသည့်အတွက် ယင်းကို ဦးစား
ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထန်း တပင် လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူ
ဦးပြည့်ဖြိုးကျော်က ပြောသည်။
အဆိုပါစီမံကိန်းမှာ မြန်မာနိုင်ငံတွင် ၂၀၁၂ခုနှစ်ကစတင်ခဲ့ခြင်းဖြစ်သည်။ ထန်း
တပင်မြို့နယ်ကျေးရွာများအတွက်မူ၂၀၁၅ခုနှစ်မှ ၂၀၁၇ခုနှစ်အထိလျာထားသည်။
ယမန်နှစ်မှစတင်ကာ လူထုဗဟိုပြု စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ ခြင်းဖြစ်ပြီး
စီမံကိန်းပထမနှစ်အတွက် ဖောက် လုပ်ပြီးသော မြေနီလမ်းမများကို ကတ္တရာလမ်းများ ပြန်
လည်ခင်းခြင်း စာသင်ကျောင်းများ ပြန်လည်ပြင်ဆင်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။
စီမံကိန်း ဒုတိယနှစ်အတွက်လမ်းသစ်များကို ဖောက်လုပ်သွားမည်ဟု ဦးပြည့်ဖြိုးကျော်က
ပြောသည်။
"စီမံကိန်းကာလ သုံးနှစ်အတွင်းမှာ ရွာသူ၊ရွာသားတွေ အလိုရှိတဲ့ အခြေခံအဆောက်
အအုံပြင်ဆင်တာတွေနဲ့ တည်ဆောက်တာ တွေ ပြုလုပ်နိုင်ပေမယ့် ရွာသူရွာသားတွေက
ထန်းတပင်မြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများလို့ လမ်းတွေဖောက်လုပ်
ဖို့တစ်ခုတည်းကို တောင်းဆိုတာကြောင့် စီမံကိန်းက ရတဲ့ငွေကြေးတွေနဲ့ လမ်းတွေကိုပဲ
ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်"ဟု ဦးပြည့်ဖြိုးကျော်က ပြောသည်။
'လူထုဗဟိုပြုစီမံကိန်း' ခေါ် လူထုအခြေပြု ဖွ့ံဖြိုးရေးအမျိုးသားစီမံကိန်းမှာ အစိုးရရုံး စိုက်ရာ နေပြည်တော်မြို့နယ်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုမှ မြို့နယ် တစ်မြို့နယ်စီကို
အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာသန်း ၈၀ နှင့် နည်းပညာများကိုအကူအညီပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ အခြေခံအဆောက်
အအုံများ ဆောက်လုပ်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းတစ်ခု
ဖြစ်သည်။
မြို့နယ်၏ ပညာရေး၊ ကျန်းမာရေးနိမ့်ကျ မှု၊ ဆင်းရဲနွမ်းပါးမှု၊ အခြားအကူအညီစီမံကိန်း မရှိခြင်း၊
လမ်းပန်းဆက်သွယ်ရေး အသင့် အတင့်ကောင်းမွန်ခြင်းနှင့် မြို့နယ်တည်ငြိမ် အေးချမ်းမှုပေါ်
မူတည်ပြီး စီမံကိန်းအကျိုးခံစား ရာ မြို့နယ်များကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး
အတွက်မူ ထန်းတစ်ပင် မြို့နယ်ကိုပံ့ပိုးပေးရန် ရွေးချယ်ခံခဲ့ရသည်။ မြို့နယ်တစ်မြို့နယ်အတွက် စီမံကိန်းအကောင်အထည်ဖော်မည့်အချိန်ကာလမှာ သုံးနှစ်ကြာမြင့်မည်ဖြစ်သည်။
ပထမနှစ်တွင် အခြေခံအဆောက်အအုံများကို ပြင်ဆင်နိုင် ခွင့်သာရရှိမည်ဖြစ်ပြီး၊ ဒုတိယနှင့်
တတိယနှစ် များတွင် ဒေသခံများ ဆန္ဒရှိသော အဆောက် အအုံများ ဆောက်လုပ်ခွင့်ရမည်။
"ဇန်နဝါရီလက စတင်အကောင်အထည်ဖော်ခဲ့တဲ့ ဒုတိယနှစ်စီမံကိန်းအတွက် ရွာသူရွာသားတွေ ဘယ်အဆောက်အအုံသစ် ဆောက်ချင်တယ်ဆိုတာကို အခုလိုက်မေးနေပါတယ်။
လမ်းသစ်ဖောက်စေချင်တယ်ဆိုရင်လည်း ဘယ်လမ်းသစ်ကို ဦးစားပေးဖောက် စေချင်တယ်
ဆိုတာကို အခုစစ်တမ်းလိုက်ကောက်နေပါတယ်"ဟု ၎င်းကပြောသည်။ ထန်းတပင်မြို့နယ်တွင်
ကျေးရွာအုပ်စုပေါင်း ၂၀၀ ကျော်ရှိရာ လမ်းသစ်များဖောက်လုပ်ရန် ကျေးရွာ ၅၀ ကျော်ကို
စစ်တမ်းကောက် ယူပြီး ဖြစ်ကြောင်း လူထုဗဟိုပြုစီမံကိန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
စီမံကိန်းအတွက် ရွေးချယ်ခံရသော မြို့နယ်များအတွက် ပံ့ပိုးငွေကို လူထုဆီသို့ တိုက်ရိုက်ထောက်
ပံ့ပေးခြင်း ဖြစ်သည်။ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက် ရသော စီမံကိန်း
တစ်ခုဖြစ်သောကြောင့် ဒေသခံ များစိတ်ဝင်တစား အကောင်ထည်ဖော် လုပ်ဆောင်ကြကြောင်း
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "လူထုဗဟိုပြုစီမံကိန်းက
ဆင်းရဲနွမ်းပါး တဲ့ ကျေးလက်ပြည်သူတွေ အခြေခံလူမှုစီးပွား အဆောက်အအုံတွေကို
လူတန်းစားမျိုးစုံပါ၀င်ပြီး ကိုယ်တိုင်အကောင်အထည်ဖော်လုပ်ဆောင်တတ်စေဖို့ ရည်ရွယ်
ပါတယ်။ စီမံကိန်း မှာ ရွေးချယ်ခံရတဲ့မြို့နယ်တွေက ကျေးရွာသူ၊ ကျေးရွာသားတွေကို
စွမ်းဆောင်ရည်မြှင့် သင်တန်းတွေပေးပြီး ဘဏ္ဍာငွေကိုလူထုဆီ တိုက်ရိုက်ထောက်ပံ့ပေးမှာဖြစ်ပြီး
ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး
ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က ပြောသည်။
အခြေခံအဆောက်အအုံများ ဆောက်လုပ် ရန် မြို့နယ်တစ်မြို့နယ်အလိုက် ငွေကြေးသတ်
မှတ်ထားခြင်းမဟုတ်ဘဲ လူဦးရေအပေါ် မူတည်ကာ လူဦးရေ ၃,၀၀၀ ရှိသော ကျေးရွာကို
ကျပ်သိန်း ၁၈၀၊ လူဦးရေ ၃,၀၀၀ မှ ၅,၀၀၀ ကြားကို ကျပ် ၂၄၃ သိန်းနှင့် လူဦးရေ ၅,၀၀၀
ကျော်ကို ၃၀၆ သိန်းသတ်မှတ်ထားသည်။ လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၂ ခုနှစ်က တည်းက
စတင်အကောင်အထည်ဖော်ခဲ့ ရာ စီမံကိန်းပထမနှစ်အတွက် ချင်း ပြည်နယ် ကန်ပက်လက်မြို့၊
ရှမ်းပြည်နယ် နမ့်ဆန်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစုမြို့နယ်က ရရှိခဲ့သည်။ ဒုတိယနှစ်
တွင် စစ်ကိုင်းတိုင်းမှ ပင်လယ်ဘူးမြို့၊ မကွေးတိုင်း မှ စေတုတ္တရာမြို့၊ ဧရာဝတီတိုင်းမှ လေးမျက်နှာ
မြို့၊ရခိုင်ပြည်နယ်မှ အန်းမြို့၊ ရန်ကုန်တိုင်းမှ ထန်းတပင်မြို့နယ်နှင့် နေပြည်တော်မှ လယ်ဝေးမြို့တို့
ရရှိခဲ့ခြင်း ဖြစ်သည်။ တတိယနှစ်အတွက်မူ မွန်ပြည်နယ်မှ ဘီးလင်းမြို့၊ ပဲခူးတိုင်းမှ ကျောက်ကြီးမြို့၊
ကရင်ပြည်နယ်မှ ကြာအင်းဆိပ်ကြီးမြို့၊ မန္တလေးတိုင်းမှ ညောင်ဦးမြို့၊ ကယားပြည်နယ်မှ ဖရူဆိုမြို့နှင့်
ကချင်ပြည်နယ်အတွက် ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး
ဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
လူထုဗဟိုပြုစီမံကိန်းကို မြို့နယ် ၁၅ မြို့နယ်အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၈၀
အကူအညီနှင့် စတင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၄၀၀၊ အီတလီအစိုးရမှ ယူရိုသန်း၂၀ နှင့် မြန်မာအစိုးရမှ ဒေါ်လာသန်း ၃၀ ထပ်မံ တိုးမြှင့်ကာ ကော့မှူးမြို့နယ်အပါအဝင်တိုင်းနှင့် ပြည်နယ်အသီးသီးမှ နောက်ထပ်အကျိုးခံစား
ရာမြို့နယ် ၁၈ မြို့နယ်ကိုလည်း ထပ်မံရွေးချယ်ကာ အခြေခံအဆောက်အအုံဆိုင်ရာ အကူအညီများပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
















