ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အနောက်တောင်မြို့သစ်စီမံကိန်းအကောင်
အထည်ဖော်ရေးမှာ နိုင်ငံရေးအပြောင်းအလဲ များကြား၌ မသေချာမှုများရှိခဲ့သော်လည်း
လက်ရှိ အစိုးရသက်တမ်းတွင်ပင် စတင် ဆောက်လုပ်နိုင်မည့် အခြေအနေများရှိလာကြောင်း
အဆိုပါစီမံကိန်းနှင့် စပ်လျဉ်းသူများက ပြောသည်။
ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်အတည်ပြုခဲ့သည့် မဟာရန်ကုန်
မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ တွင်ပါ၀င်သော ရန်ကုန်မြို့သစ်စီမံကိန်းနှစ်ခု အနက်
တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း
အဝေးတွင် ရန်ကုန် မြို့တော်ဝန်က မြန်မာ့စေတနာမြို့သစ် ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း
ကြေညာ ခဲ့ပြီးနောက် ဝေဖန်မှုများဖြင့် ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
ယင်းသည် မြို့သစ်စီမံကိန်းခုနစ်ခုအနက် ဒုတိယဦးစားပေးဖြစ်ပြီး ပထမဆုံးအကြိမ်တင်ဒါခေါ်ယူ
ခဲ့သည့်အချိန်တွင် လာရောက် လျှောက်ထားသည့် ကုမ္ပဏီပေါင်း ၅၄ ခုရှိခဲ့ သော်လည်း နောက်ဆုံးအဆင့်တွင် ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီသုံးခုသာ ပါ၀င်
ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလနှောင်းပိုင်းအတွင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြင့်ဆွေက အဆိုပါ တင်ဒါလျှောက်ထားသည့်ကုမ္ပဏီ သုံးခု၏ အကြီးပိုင်းတာဝန်ရှိသူတချို့ကိုသာ
ခေါ်ယူတွေ့ဆုံခဲ့ကာ ယင်းစီမံကိန်းကို ကုမ္ပဏီသုံးခုစလုံး ပူးပေါင်းလုပ်ကိုင်ရန် ပြောဆိုခဲ့ကြောင်း ရန်ကုန်မြို့အနောက်တောင် ဒေသဖွံ့ဖြိုးတိုးတက်ရေး(အများပိုင်ကုမ္ပဏီ) ၏ ပြောရေးဆိုခွင့်ရှိသူ
ဦးတင်စိန်က ပြော သည်။ အဆိုပါကုမ္ပဏီသည် တင်ဒါလျှောက် ထားသည့်ကုမ္ပဏီသုံးခုတွင်
အပါအဝင်ဖြစ်သည်။ "ကျွန်တော်တို့ လျှောက်ထားတဲ့တင်ဒါတွေကို ပညာရှင်တွေနဲ့
ဆွေးနွေးတုန်းက အကုန်လုံးတက်ရပေမယ့် ပြီးခဲ့တဲ့ လက ၀န်ကြီးချုပ်က ကုမ္ပဏီတစ်ခုက
သုံးလေး ယောက်လောက်ပဲ ခေါ်တွေ့ပြီး ကုမ္ပဏီတွေရဲ့တင်ပြချက်တွေကိုကြည့်ပြီး ဒီကုမ္ပဏီသုံးခုစလုံးပေါင်းလုပ်ရင်မကောင်းဘူးလားဆိုပြီး ပြောတယ်။ အဲ့ဒါနဲ့ မြို့သစ်စီမံကိန်းကို
ကုမ္ပဏီ သုံးခုစလုံးလုပ်ခွင့် ပေးလိုက်ပါတယ်" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ကုမ္ပဏီသုံးခုစလုံး လုပ်ကိုင်ခွင့်ရရှိ ခဲ့သော်လည်း
အသီးသီးတာဝန်ယူရမည့် လုပ်ကိုင်ခွင့်များကို မခွဲဝေရသေးသည့်အတွက် လုပ်ငန်းခွဲဝေရေး
ညှိနှိုင်းမှုများအတွက် ဇန်နဝါရီ ၁၈ ရက်တွင် အဆိုပါကုမ္ပဏီ သုံးခုနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးမြင့်ဆွေတို့ ထပ်မံ တွေ့ဆုံခဲ့ကြောင်း ၎င်းကပြောသည်။
"ဇန်နဝါရီ ၁၈ ရက်နေ့မှာ ၀န်ကြီးချုပ်နဲ့ ထပ်တွေ့ရတယ်။ ကုမ္ပဏီသုံးခုပေါင်းပြီးသွား ပြီဖြစ်တဲ့
အတွက် သုံးခုစလုံးရဲ့ အဆိုပြုချက်တွေကို တင်ပြရတယ်။ လယ်သမားတွေကို ဘယ်လိုရှင်းပေး
မယ်၊ ဘယ်လုပ်ငန်းကို ဘယ်တော့စမလဲဆိုတာတွေကို တင်ပြပြီး ၀န်ကြီးချုပ်က တင်ပြမှုကို
သုံးသပ်ပြီး လုပ်ငန်း တွေကို ပြန်ခွဲပေးမှာပါ" ဟု ၎င်းက ပြော သည်။ ယင်းအဆိုပြုချက်များကို
၀န်ကြီးချုပ်က အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် အနောက်တောင်မြို့သစ်စီမံကိန်း၏ လုပ်ငန်း
များကို စတင်လုပ်ကိုင်တော့မည်ဖြစ်သည့်အတွက် ယင်းသည် လက်ရှိအစိုးရသက်တမ်းတွင်
အကောင်အထည်ဖော်နိုင်ခဲ့သည့် စီမံကိန်း ဖြစ်ကြောင်း ရန်ကုန်အနောင်တောင်ဒေသ ဖွံ့ဖြိုးတိုး
တက်ရေး ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သူ ဦးတင်စိန်က ပြောသည်။ "ဒီအစိုးရ
လက်ထက်မှာတင် လုပ်ငန်းစပြီဆိုတဲ့ သဘောဖြစ်တဲ့အတွက် ဒီမြို့သစ်စီမံကိန်းက လက်ရှိအစိုး
ရမှာတင် အကောင်အထည်ဖော်နိုင်မှာဖြစ်သလို နောက်အစိုးရ လက်ထပ်မှာလည်း ပြီးဆုံးထိ
တိုင်အောင် ဆက်လုပ်သွားနိုင်မှာပါ။ အနောက်တောင် မြို့သစ်အကောင်အထည်ဖော်တာက
စီမံကိန်း ဆိုတာထက် ဒေသဖွံ့ဖြိုးရေးတစ်ခုပါ။ အဲဒါကြောင့် အစိုးရကလည်း ကုမ္ပဏီကိုတာဝန်
လွှဲပြီးတော့ အကောင်အထည်ဖော်ခိုင်းတာပါ။ စီမံကိန်းဆိုရင် အစိုးရဘတ်ဂျက်နဲ့ လုပ်ရမယ်။
အခု ဒီဒေသဖွံ့ဖြိုးရေးအတွက် ကုမ္ပဏီတွေမှာ တာဝန်ရှိသွားပါပြီ" ဟု ၎င်းက ပြောသည်။
ကုမ္ပဏီသုံးခုအနက် ရန်ကုန်အနောက် တောင်ဒေသဖွံ့ဖြိုးတိုးတက်ရေး (အများပိုင် ကုမ္ပဏီ)က
ဦးဆောင်ပြီး Business Capital City Development Co.,ltd နှင့် ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ
ဆောက်လုပ်ရေးကုမ္ပဏီ တို့ကလည်း တာဝန်ယူလုပ်ကိုင်သွားမည် ဖြစ်သည်။
"လောလောဆယ်အခြေအနေမှာ ဘယ်ကုမ္ပဏီက ဘယ်အပိုင်းကိုလုပ်မယ်ဆိုတဲ့ လုပ်ငန်းတွေကို
မခွဲရသေးဘူး။ ဒါပေမဲ့ လုပ်ငန်း တွေကို အနောက်တောင်ကုမ္ပဏီကပဲ ဦးဆောင်ပြီးလုပ်မှာပါ။
ဘာဖြစ်လို့လဲဆိုတော့ အနောက်တောင်က ဒေသခံတွေပါ၀င် ပြီး ရှယ်ယာထည့်ဝင်တဲ့ အများပိုင်
ကုမ္ပဏီဖြစ် တဲ့အတွက်၊ ဒီဒေသအကြောင်းကို အခြေခံသိရှိပြီးသားဖြစ်တဲ့အတွက် ဦးဆောင်ပြီး
လုပ် ဖို့ အကုန်လုံးကလည်း သဘောတူပါတယ်" ဟု ၎င်းကပြောသည်။ တည်ဆောက်ရေးကြောင့်
လယ်သမား များ၏မြေယာ အသုံးချမှုများလည်းရှိရာ ဆောက်လုပ်မည့်မြေယာ၏၂၀ ရာခိုင်နှုန်းကို
အဆိုပါကုမ္ပဏီသုံးခုက ၎င်းတို့အားပြန်လည် ခွဲဝေပေးသွားမည် ဖြစ်သည်။ ထို့ကြောင့် လယ် ၁၀
ဧက ပိုင်ဆိုင်သူတစ်ဦး သည် လယ်နှစ်ဧက ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။ မြို့သစ်
တည်ဆောက်ပြီးစီးပါ က မြေအသုံးချမှုကြောင့် ၎င်းတို့လယ်ယာများ ပါ၀င်သွားသည့်
လယ်ပိုင်ရှင်များသည် ခန့်မှန်း ခြေအားဖြင့် တစ်ဦးလျှင် တိုက်ခန်းတစ်ခန်းနှင့် ပေ ၂၀၀၊ ပေ ၈၀ မြေကွက်တစ်ကွက် ပြန်လည်ရရှိမည်ဖြစ်ကြောင်း အနောက်တောင်ဒေသဖွံ့ဖြိုးတိုးတက်ရေး
(အများပိုင်ကုမ္ပဏီ)က ပြောသည်။ "စီမံကိန်းဒေသက လယ်မြေများတဲ့ အတွက် အခြေခံကျတဲ့ လယ်သမားတွေနဲ့ ညှိနှိုင်းပါတယ်။ လယ်သမားတွေကလည်း ဒီလိုအချိုးချတာကို ကျေနပ်ပါတယ်။ အစက မြေအသုံးချမှုအတွက် ၁၅ ရာခိုင်နှုန်းပဲ လယ်သမားတွေကို ခွဲဝေပေးဖို့ ညှိနှိုင်းတော့ ၀န်ကြီးချုပ်က နည်းတယ်လို့ ပြောတဲ့အတွက် ၂၀ ရာခိုင်နှုန်းပေးဖို့
ပြန်ညှိနှိုင်းခဲ့တာ အဆင် ပြေပါတယ်။ အဲဒီညှိနှိုင်းမှုကို ကျွန်တော်တို့ ၀န်ကြီးချုပ်နဲ့ထပ်တွေတဲ့
ဇန်နဝါရီ ၁၈ ရက်မှာ တင်ပြသွားမှာပါ" ဟု ဦးတင်စိန်က အဆိုပါ နေ့မတိုင်မီက ပြောသည်။
မြို့သစ်စီမံကိန်း နေရာရှိ ဒေသခံရွာသူ၊ ရွာသားများမှာ မြို့သစ်တည်ထောင်မည့် အစီ အစဉ်ကို
စောင့်စားနေကြပြီး မကြာခင်စတင် နိုင်ရန် မျှော်လင့်ကြောင်းနှင့် လတ်တလော အချိန်တွင်
စီမံကိန်းဒေသ၏ အိမ်ခြံ မြေဈေးကွက်အရောင်းအဝယ်မှာ လှုပ်ခတ်မှုမရှိကြောင်း တမံကြီးကျေးရွာ
နေဒေသခံ ဦးခင်အေးက ပြောသည်။ ၂၀၁၄ ခုနှစ်က ကနဦးစတင်ထွက်ပေါ်လာသည့် ယင်းမြို့သစ်
စီမံကိန်း အစီအစဉ်ကြောင့် အနောက်တောင် ဒေသကြည့်မြင်တိုင် တစ်ဖက်ကမ်း ရှိ မြေယာများကို
လာရောက်ဝယ်ယူ သူများပြားပြီး ဈေးများအဆမတန် မြင့်တက်သည့် ဂယက်ဖြစ်ပေါ်ခဲ့ဖူးသည်။
သို့သော်ပွင့်လင်းမြင်သာမှု အားနည်းသည်ဆိုသည့် အချက်ဖြင့် အဆိုပါအချိန်က စီမံကိန်းမှာ
ပြန်လည် ရပ်ဆိုင်းသွားခဲ့သည်။
















