အထပ်မြင့်အဆောက်အအုံများ၏ ခွင့်ပြုချက် ဘယ်သူ့အမိန့်အဓိကလဲ

အထပ်မြင့်အဆောက်အအုံများ၏ ခွင့်ပြုချက် ဘယ်သူ့အမိန့်အဓိကလဲ

ရန်ကုန်မြို့တွင် ဆောက်လုပ်သည့် မည်သည့်အဆောက်အအုံမဆို ရန်ကုန်မြို့တော်စည်
ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ခွင့်ပြုချက် ရရှိမှသာ
ဆောက်လုပ်ရသည့် လုပ်ထုံးလုပ်နည်းတစ်ခု ရှိခဲ့သည်။

အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်အတွက် ရန်ကုန်မြို့တော်အထပ်မြင့်
အဆောက်အအုံများ ဆောက်လုပ် မှုဆိုင်ရာစံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး
အဖွဲ့၏ စိစစ်မှုဖြင့် ခွင့်ပြုခြင်းလည်း ဖြစ်သည်။

အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အဆောက်အအုံ
အလုံးရေ ရ,၀၀၀ ခန့် ဆောက်လုပ်ခွင့် ခွင့်ပြုပေးခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် ၆,၈၀၀ ကျော်ခန့်
ရှိပြီး ယင်းနှစ်တွင် ကိုးထပ်ခွဲနှင့် အထက် (အထပ်မြင့်အဆောက်အအုံများ) ၉၃ လုံးခန့်ကို
ဆောက်လုပ်ခွင့်ပြုခဲ့သည်ဟု ၎င်းဌာနတာဝန်ရှိသူများက ပြောသည်။

လတ်တလောတွင် ရန်ကုန်မြို့ရှိ နာမည်ကြီးအထပ်မြင့်အဆောက်အအုံအချို့၏ စီမံကိန်းများသည်
လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိဘဲ ဆောက်လုပ်ခွင့်ပြုထားသည့်အတွက် ဆောက်လုပ်မှု
ရပ်နားရန် ကန့်ကွက်သည့်သတင်းများလည်း ထွက်ပေါ် လျက်ရှိသည်။ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၏ ကော်မတီအဖွဲ့ဝင် ဦးခင်လှိုင်သည် ၎င်း၏ အနောက်ပိုင်းခရိုင် ၁၀ မြို့နယ်
အတွင်းရှိ အထပ်မြင့် အဆောက်အအုံများတွင် လုပ်ထုံးလုပ်နည်းများနှင့်မကိုက်ညီဘဲ ခွင့်ပြုမိန့်
ရကာ ဆောက်လုပ် လျက်ရှိသည့် အဆောက်အအုံများ၏ စာရင်း ကို လာမည့်ရက်သတ္တပတ်တွင်
စာရင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောခဲ့သည်။

"အနောက်ပိုင်းခရိုင် ၁၀ မြို့နယ်ထဲက ဥပဒေနဲ့ကိုက်ညီမှုမရှိဘဲ ဆောက်လုပ်နေတဲ့အထပ်မြင့်
အဆောက်အအုံတွေရဲ့ စာရင်းကို ရှေ့တစ်ပတ်မှာ အတိအကျ ကြေညာပေးသွားပါမယ်။ လောလောဆယ် မြေပြင်ကိုဆင်းပြီးစာရင်းကောက်နေ
ပါတယ်။ စာရင်းရတာနဲ့ လိပ်စာအတိအကျနဲ့ကို တရားဝင်ရပ်ပေးဖို့၊ ဒါမှမဟုတ် ယာယီရပ်ပေး
ဖို့တို့ကို ကျွန်တော်ပြောသွားမှာပါ။ လွှတ်တော်က လည်း ဒီလိုအဆောက်အအုံမျိုးကို ပြန်စိစစ်ဖို့
ပြောထားတဲ့အတွက် ကျွန်တော့်အနေနဲ့ ကျွန်တော်တာဝန်ယူရတဲ့ ခရိုင်မှာ လုပ်ဆောင် သွားပါ
မယ်" ဟု ၎င်းက ပြောသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဦးခင် လှိုင်က ၎င်းခရိုင်မြို့နယ်
အတွင်း ဆောက်လုပ် လျက်ရှိသည့် အထပ်မြင့်အဆောက်အအုံများ အနက် ဆရာစံလမ်းနှင့်
ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ အထပ် ၂၇ ထပ်မြင့်သည့် 68 Residence ကွန်ဒိုစီမံကိန်းနှင့်
ခြံအမှတ် (၇၄) တက္ကသိုလ်ရိပ်သာလမ်းရှိ ၁၂ ထပ်မြင့် သည့် ပန်ဆန်းဒေသ ပြည်သူ့စစ်အဖွဲ
့ခေါင်းဆောင်တစ်ဦး တည်ဆောက်လျက်ရှိသည့် ကွန်ဒိုစီမံကိန်းနှစ်ခုကို ဆက်လက်ဆောက်
လုပ်ခွင့်မပြုသင့်သည့် စီမံကိန်းများဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော် အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနက ယင်းကဲ့သို့ ပေါ်ထွက်လာသည့် ကန့်
ကွက်ချက်များနှင့် ပတ်သက်၍ ပြန်လည်တုံ့ပြန်ဖြေရှင်းမည်မဟုတ်ဘဲ ဌာန၏ခွင့်ပြု ချက်များသည်
၎င်းတို့၏ တစ်ဦးတည်းဆုံးဖြတ် ချက်တစ်ခုတည်းဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ် ဘဲ သက်ဆိုင်ရာ
ကော်မတီဝင်များနှင့် ၀န်ကြီး အဆင့် ဆုံးဖြတ်ချက်များ ရယူပြီးမှသာ ခွင့်ပြု ခြင်းဖြစ်ကြောင်း
အဆိုပါဌာန၏ ဒုတိယ ဌာနမှူး ဦးနေဝင်းက ပြောသည်။

လတ်တလောတွင် ကော်မတီအဖွဲ့ဝင် ဦးခင်လှိုင်၏ တောင်းဆိုမှုကြောင့် မြို့တော်ဝန် ဦးလှမြင့်၏
ညွှန်ကြားချက်ဖြင့် ဇန်နဝါရီ ၁၈ ရက်တွင် အင်ဂျင်နီယာ(အဆောက်အအုံ) ဌာနက တက္ကသိုလ်ရိပ်
သာလမ်းရှိ ၁၂ ထပ် ကွန်ဒိုစီမံကိန်း၏ လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းရန် စာထုတ်ခဲ့သည့်အတွက်
အထပ်မြင့်စီမံကိန်းတစ်ခု ရပ်နားခဲ့သည်။ တက္ကသိုလ်ရိပ်သာလမ်းရှိ ၁၂ ထပ်မြင့်စီမံကိန်းတည်ရှိရာ
နေရာသည် ရွှေတောင် ကြားရပ်ကွက်တွင်လည်း ပါရှိသည့်အတွက် မြို့မြေအသုံးချမှုဇုန်
(Zoning Plan) အရ အထပ်မြင့်ဆောက်လုပ်ခွင့် မရှိသည့်အတွက် ဆောက်လုပ်ခွင့်ပေးခဲ့ခြင်း
အပေါ် ဌာနကို ဝေဖန်ခဲ့သည်။ "ဒီနေရာတွေက ဆိတ်ငြိမ်ရပ်ကွက်တွေပါ။ လေးထပ်ထက်
ပိုမဆောက်ရပါဘူး။ ဒါပေမဲ့ အဲဒီနေရာပေါ်မှာ ဘာလို့ ၁၂ ထပ်ဆောက်ခွင့် ပေးလဲဆိုတာကို
နားမလည်နိုင်ပါဘူး။ မြို့မြေအသုံးချမှုဇုန် (Zoning Plan) က တရား ၀င် အတည်မပြုရသေးပေမယ့်
ဒီစီမံကိန်းကို ခွင့်မပြုခင်မှာ စဉ်းစားသင့်ပါတယ်" ဟု ၎င်းက ပြောသည်။

အင်ဂျင်နီယာဌာန (အဆောက်အအုံ)က မြို့မြေအသုံးချမှုဇုန်သည် မူကြမ်းရေးဆွဲပြီး အတည်ပြုရန်
ကြန့်ကြာနေသည့်အတွက် ဌာနအနေဖြင့်လည်း အမြန်ဆုံးအတည်ပြုရန် လိုအပ်နေကြောင်းနှင့်
မြို့မြေအသုံးချမှုဇုန် ရှိလာပါက ဇုန်မှာပါရှိသည့်အတိုင်း ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း ယင်းဌာန၏
ဌာနမှူး ဦးသန်းဌေးက လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောသည်။ ထို့ပြင် 68 Residence
ကွန်ဒိုစီမံကိန်းတည်ဆောက်ရာ လမ်းဆုံသည် တည်ဆောက် ပြီးစီးပါက ယာဉ်ကြောကျပ်
တည်းမှုဖြစ်နိုင်ပြီး အဆောက်အအုံအမြင့်မှာလည်း ရွှေတိဂုံ စေတီနှင့် အပြိုင်ဖြစ်လာမည့်အတွက်
ပြန်လည်စိစစ်ရန် ယာယီရပ်နားထားသင့်ကြောင်း ဦးခင်လှိုင်က ပြောသည်။

"ဒီစီမံကိန်းက မဖြစ်သင့်ဘူးလို့ ပြောနေတဲ့ကြားက သူတို့က ဆက်ဆောက်နေကြတဲ့ အတွက်
ဒါ သူ့အကြောင်းနဲ့သူပါပဲ။ ကျွန်တော့် ဆီမှာ ဘာကြောင့် မဆောက်သင့်ဘူးဆိုတာကို အချက်
အလက်တွေအကုန် တိတိကျကျရှိပါတယ်။ အဲဒါကြောင့် ဒီလိုအဆောက်အအုံတွေကို ဒီအစိုးရ
လက်ထက်မှာ ခဏရပ်နားပြီး နောက်အစိုးရလက်ထက်မှာ ခွင့်ပြုသင့်၊ မသင့် ကို ပြန်စိစစ်လို့ရအောင်
ယာယီရပ်ဆိုင်းဖို့ ကျွန်တော် တင်ပြသွားမှာပါ" ဟု ၎င်းက ပြောသည်။

အဆိုပါ ကွန်ဒိုစီမံကိန်းသည် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်အဖွဲ့က ခွင့်ပြုထားခဲ့သည့်
စီမံကိန်းဖြစ်သည့်အတွက် အင်ဂျင်နီယာဌာန(အဆောက်အအုံ)နှင့် ရန်ကုန်မြို့ တော်အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ် ဆေးရေးနှင့် ကြီးကြပ်ရေး
အဖွဲ့က ခွင့်ပြုမိန့် ကို ရုပ်သိမ်းမည်မဟုတ်ဟု သိရသည်။ "68 Residence က တိုင်းဒေသကြီး
အစိုးရ က ခွင့်ပြုပေးခဲ့လို့ ကျွန်တော်တို့က ခွင့်ပြုထား တာ။ အစက ကျွန်တော်တို့ အင်ဂျင်နီယာဌာန
ကလည်း ဒီနေရာမှာဆောက်ရင် ကားပိတ်တာ တွေ ဖြစ်နိုင်တဲ့အတွက် ခွင့်မပြုသင့်ဘူးလို့
တင်ပြပေးခဲ့ပေမယ့် လုပ်ငန်းရှင်တွေက ၀န်ကြီးချုပ်နဲ့တွေ့ပြီး ရှင်းပြလို့ ၀န်ကြီးချုပ်က
ဆောက်ခွင့်ပြုခဲ့လို့ ကျွန်တော်တို့ကလည်း ခွင့်ပြုပေးခဲ့တာ" ဟု ဦးနေဝင်းကပြောသည်။

အဆိုပါကွန်ဒိုစီမံကိန်းသည်လည်း လတ် တလောတွင် ဆောက်လုပ်မှု ရပ်ဆိုင်းရန်
မည်သည့်တရားဝင်စာမှ မရောက်ရှိဘဲ ထွက်ပေါ်လာသည့်သတင်းများမှာ ကောလာ
ဟလများဖြစ်ပြီး စီမံကိန်းကို ဆက်လက် ဆောင်ရွက်နေသည်ဟု စီမံကိန်းမှ တာဝန်ရှိ
သူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော်အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှု
ဆိုင်ရာစံချိန်စံညွှန်း များ စစ်ဆေးရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ဒုတိယဌာနမှူး ဦးစိုးလွင်က
ယင်းဌာနက စိစစ် ခွင့်ပြုပေးခဲ့သည့် အဆောက်အအုံအားလုံးသည် ဆက်လက် ဆောက်လုပ်
ခွင့်ရှိမည်သာ ဖြစ်သည်ဟု ဆိုသည်။

ကော်မတီအဖွဲ့ဝင် ဦးခင်လှိုင်ကမူ ရန်ကုန် မြို့တွင် အဆောက်အအုံများ ဆောက်လုပ်ခွင့် ပေးသည့်
လက်ရှိကျင့်သုံးနေသည့် ဥပဒေများ မှာ ကောင်းမွန်သည့်အတွက် ပြင်ဆင်ရန် မလိုအပ်ဘဲ
ယင်းဥပဒေကို ကိုင်တွယ်ကျင့်သုံးသည့် သူများသာ ပြင်ဆင်ရန် လိုအပ်နေသည်ဟု
သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ထို့ကြောင့် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လောကအတွက် အထပ်မြင့်အဆောက်အအုံများ
တည်ဆောက်လိုသည့် လုပ်ငန်းရှင်များ သည် လက်ရှိဖြစ်ပျက်နေသည့် အနေအထား များအရ
ဆောက်လုပ်ခွင့်ပါမစ် ရရှိရန်မှာ တိကျသေချာသည့် ခွင့်ပြုမိန့်ပေးနိုင်မည့် အစိုးရအဖွဲ့အစည်း
သို့မဟုတ် ဥပဒေ တစ်ရပ် အမှန်တကယ်ပင် လိုအပ်နေတော့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်