ကရင်ပြည်နယ် ဘားအံမြို့နှင့် ခုနစ်မိုင်အကွာ ဘားအံစက်မှုဇုန်အနီးတွင် အကောင်အထည်
ဖော်တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းကို အကြိမ်ကြိမ်စိစစ်ပြီးမှသာ
ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့၊ တာဝန်ရှိသူက ပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ရန် ဒေသခံ
မြဌေးကြွယ်လင်းကုမ္ပဏီနှင့် The Infrastructure of Myanmar ကုမ္ပဏီတို့က တင်ပြခဲ့ရာ
စီမံကိန်းပါ အချက်အလက်များကို အသေးစိတ်စိစစ်ပြီးမှသာ ခွင့်ပြုရခြင်းဖြစ်သည့် အတွက်
အချိန်ကြန့်ကြာမှုများ ရှိခဲ့ရခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်
စက်မှုဝန်ကြီးဦးစောကြည်လင်းကပြောသည်။
"ကျွန်တော်တို့ဆီကို မြဌေးကြွယ်လင်းနဲ့ The Infrastructure of Myanmar ပေါင်းပြီး
တန်ဖိုးနည်းအိမ်ရာစီမံကိန်း လာတင်တုန်းက တော့ နည်းနည်းသံသယဝင်မိတယ်။
မြဌေးကြွယ်လင်းက ကျွန်တော်တို့ ဒေသခံကုမ္ပဏီဖြစ် လို့ ယုံကြည်ပြီးသားပါ။ The
Infrastructure of Myanmar ပါ တွဲပြီးပါလာတော့ ပွင့်ပွင့် လင်းလင်းပြောရရင်
သိပ်မယုံဘူးပေါ့၊ ဟုတ်မှ ဟုတ်ပါ့မလား၊ ဖြစ်နိုင်ပါ့မလားပေါ့။ အကြိမ်ကြိမ် ပြန်ဆွေးနွေး
ခဲ့ကြတယ်။ အရမ်းကိုသက်သာတဲ့ ဈေးတွေ ဖြစ်နေလို့ပါ။ အစိုးရ အဖွဲ့ဘက်ကလည်း ဒေသခံတွေကို ပြန်ကာ ပေးတဲ့အနေနဲ့ ပြည်သူတွေရဲ့ အိမ်ဖိုးသွင်းတဲ့
ငွေကို ကုမ္ပဏီကို ကိုင်ခွင့်မပေးဘဲ ဘဏ် အကောင့် အသစ်တစ်ခု ထပ်ဖွင့်ထားတယ်။
အခန်းလက်ဝယ်ရပြီးမှ ငွေကို ထုတ်ပေးပြီး ကျန်တာ ဆက်သွင်းစေတဲ့စနစ်နဲ့ ဒေသခံတွေ
မနစ်နာအောင် ကာကွယ်ပြီးမှ အခုလိုလုပ်ခွင့် ပြုလိုက်တာ ဖြစ်တယ်"ဟု ၎င်းက ပြောသည်။
တပ်မတော်က ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြန်လည်ပေးအပ်ခဲ့သည့် မြေလွတ်မြေရိုင်း
များအနက် မြေဧက ၂၀ ကို တစ်ဧကလျှင် ကျပ် သိန်း ၁၃၀ နှုန်းဖြင့် ဒေသခံကုမ္ပဏီဖြစ်
သည့်မြဌေးကြွယ်လင်းကုမ္ပဏီသို့ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရန် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက် ဖြင့် တစ်လ ကျပ်ငွေ ၃၀,၀၀၀ ပေးသွင်းရမည့်
အနှစ် ၃၀ အရစ်ကျစနစ်ဖြင့်သော်လည်းကောင်း၊ တိုက်ရိုက်ငွေချေစနစ်ဖြင့်သော်လည်းကောင်း
ရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာ စီမံ ကိန်းများ တည်ဆောက်ရန် အဆိုပါကုမ္ပဏီများက
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆိုပြုလွှာ များ စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်၊
အောက်တိုဘာတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိခဲ့ခြင်းဖြစ်သည်။ မြေဧက
၂၀ ပေါ်တွင် အခန်းပေါင်း ၂,၅၆၀ ပါ၀င်မည့် အထပ်ငါးထပ်ပါ အဆောက်အအုံများ
တည်ဆောက်သွားမည်ဖြစ်ပြီး မြေညီထပ်ကိုမူ ကားပါကင်အဖြစ် အသုံးပြုသွားမည်ဖြစ်သည်။
အခန်းဝယ်ယူလိုသူများက အခန်းများကို ၀ယ်ယူလိုကြောင်း လျှောက်ထား လွှာများနှင့်အတူ
လစဉ်ပေးသွင်းရမည့် ငွေကျပ် ၃၀,၀၀၀ ကို ဒေသခံကုမ္ပဏီဖြစ်သည့် မြဌေးကြွယ်လင်း
ကုမ္ပဏီသို့ ပေးသွင်းရမည်ဖြစ် သည်။ ငွေပေးသွင်းကာလနှစ်နှစ်အကြာတွင် အခန်းအပ်နှံ
မည်ဖြစ်ပြီး ကျန်ရှိသည့် ၂၈ နှစ် ကာလအတွင်း အခန်းဖိုးငွေကို လစဉ် ဆက်လက်ပေးသွင်း
သွားရမည်ဖြစ်သည်။
"အစိုးရ အဖွဲ့ရဲ့ သီးသန့်ငွေစာရင်း တစ်ခုအဖြစ် အခန်းဖိုးသွင်းထားတဲ့ ငွေတွေကို ထိန်းသိမ်း
ထားပါမယ်။ ကုမ္ပဏီက အခန်းမအပ် မချင်း ဒီငွေတွေကို ထိလို့မရပါဘူး။ ဆောက်လုပ်ဆဲကာလ
အတွင်းမှာတော့ ကုမ္ပဏီဘက် က သူ့ငွေနဲ့ သူလုပ်ရမှာဖြစ်ပါတယ်" ဟု ဦးစော ကြည်လင်းက
ပြောသည်။ ပေ ၂၀၊ ပေ ၃၀ အကျယ်အဝန်းရှိ အခန်းများ ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ ၊
အလုပ်သမားကတ်များဖြင့် ဇန်နဝါရီလ နောက်ဆုံး ပတ်မှစတင် လျှောက်ထားဝယ်ယူနိုင်ပြီး
စတုရန်းပေ ၆၀၀ အကျယ်အဝန်းရှိသည့် အခန်းများကိုလည်း လက်ငင်းငွေချေစနစ် သို့မဟုတ်
အရစ်ကျစနစ်များဖြင့် ရောင်းချ မည်ဖြစ်သည်။ "တန်ဖိုးနည်း အိမ်ရာတွေ အများအပြား
ဆောက်ချင်ပေမယ့် အဓိက လိုအပ်ချက် က ခွင့်ပြုမိန့်ပဲဖြစ်ပါတယ်။ ရန်ကုန် အပါ အဝင်
တိုင်းဒေသကြီး တော်တော်များများမှာလည်း လုပ်နိုင်ဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ နဲ့
ညှိနှိုင်းနေဆဲဖြစ်ပါတယ်" ဟု The Infrastructure of Myanmar ကုမ္ပဏီ၏ အုပ်ချုပ်မှု
ဒါရိုက်တာ ဦးသန်းဦးကပြောသည်။
လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူလိုပါက အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၈၀ နှုန်းဖြင့်
ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်လသုံးသောင်း သွင်း နှစ် ၃၀ အရစ်ကျ ၀ယ်ယူမည်ဆိုပါက
နှစ် ၃၀ ပြည့်မြောက်သည့် အချိန်တွင် အခန်း တန်ဖိုးကျပ် ၁၀၈ သိန်းကျသင့်မည်ဟု သိရ
သည်။ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရန် လိုအပ်သည့် မြေနေရာများ ရရှိရန် ဒေသခံ
မြဌေးကြွယ်လင်း ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး တည်ဆောက်ရေး
လုပ်ငန်းများအတွက် The Infrastructure of Myanmar က တာဝန်ယူရမည်ဖြစ်သည်။















