ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျုးကျော် နေထိုင်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ က
အစီအစဉ်တကျ ဖျက်သိမ်းလျက်ရှိရာ အဆိုပါဖျက်သိမ်းခံကျူးကျော်နေထိုင်သူများကို
ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဆောက်လုပ်ဆဲ မဟာဗန္ဓုလအငှားအိမ်ရာများတွင် ပြန်လည်
နေရာချပေးသွားမည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။
"မဟာဗန္ဓုလ အငှားအိမ်ရာကလည်း အငှားသီးသန့်ပါ။ ကျုးကျော်တွေကိစ္စနဲ့မဆိုင်ပါဘူး။
ဂျာနယ်တချို့က ပေ ၂၀၊ ပေ ၆၀ မြေ ကွက်တွေကို ပြန်ချပေးမယ်၊ နှစ်သိန်းပေးရမယ့်
စီမံချက်ရှိတယ်ဆိုပြီး မှားရေးကြတာပါ။ ဗန္ဓုလအငှားအိမ်ရာအတွက် အခန်းလိုချင်ရင်
အစိုးရအဖွဲ့ကို လျှောက်လွှာတင်ရမယ်။ ဒါက အငှားအိမ်ရာသက်သက်ပါပဲ။ အရင်တုန်းက
ကျူးကျော်တွေကို ဒဂုံအရှေ့မှာ မြေကွက်ချပေး ခဲ့ဖူးတဲ့ သမိုင်းကြောင်းရှိတာကို သတင်းထောက်က
မှားရေးလိုက်လို့ ဒီသတင်းက ပြန့်သွားတာပါ"ဟုလည်း ၎င်းက ပြောသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကောက်ခံထားသည့်
စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီး အတွင်း နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်မြေနေရာများ
ပေါ်တွင် ဆောက်လုပ်ထားသည့် ကျူးကျော် တဲပေါင်း ၆၅,၀၀၀ ခန့်သာရှိသော်လည်း
နေ့စဉ် နှင့်အမျှ ကျူးကျော်တဲများ တိုးပွားလာနေသည့်အတွက် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင်
ကျုးကျော်တဲပေါင်း နှစ်သိန်းနီးပါးအထိ တိုးတက်လာသည်ဟု တာဝန်ရှိသူများက ခန့်မှန်း
ထားသည်။ ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်နေထိုင်သူများစာရင်း ပြန်လည် ပြုစုနေမှုမှာ
မပြီးစီးသေးသည့်အတွက် အတည်ပြုနိုင်သေးခြင်းမရှိဟု အဆိုပါဌာနက ဒုတိယညွှန်ကြားရေးမှူး
ဖြစ်သူ ဦးဝင်းနိုင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဒဂုံဆိပ်ကမ်း
မြို့နယ်အတွင်းရှိ ကျူးကျော်တဲပေါင်း ၂၀၀ ကျော်နှင့် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှု
ဇုန်အတွင်းရှိ ကျုးကျော်တဲ ၄၀၀ တို့ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့ပြီး လှိုင်သာယာမြို့နယ်
ရွှေလင်းပန်းစက်မှုဇုန်အတွင်းရှိ ကျူးကျော် တဲများကိုလည်း အမြန်ဆုံး ဖယ်ရှားပေးရန်
အကြောင်းကြားစာများ ပေးပို့ထားပြီးဖြစ်သည်ဟု သိရသည်။
"ကျူးကျော်ကို ရှင်းလင်းဖို့ အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေ ဘက်ကတော့ မူအရ လုပ်စရာရှိတာ
လုပ်ရမှာပဲ။ ကျူးတွေကို နေရာချထားပေးမယ်လို့ ပြောခဲ့တဲ့ သူကို ရှာပြီးပြန်မေးကြည့်ပါ။
ပထမ တစ်ခါတုန်းကလည်း အငြိမ်းစားတွေ မြေကွက်ပေးမယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ ဖွလိုက်တဲ့
သတင်းကလည်း မဟုတ်ပါဘူး။ ပြန်ရှင်း လိုက်ရတယ်။ အခုလုပ်နေတဲ့ ဗန္ဓုလအိမ်ရာ ကလည်း
အခန်းက ၁,၂၀၀ ပဲရှိတော့ ရန်ကုန် က အိမ်လိုတဲ့ လူအားလုံးအတွက် မလုံလောက်မှန်း
သိပေမယ့် ကနဦးစီမံချက်အနေနဲ့ စပြီး လုပ်နိုင်သလောက် လုပ်တာပါ" ဟု ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။
နိုင်ငံပိုင်မြေပေါ်တွင် အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်လျက်ရှိသည့် မဟာဗန္ဓုလ အငှားအိမ်ရာတွင်
အခန်းငှားရမ်းခ တစ်လ သုံးသောင်းကျပ်နှုန်း သတ်မှတ်ထားပြီး၊ အခန်းလျှောက်လွှာများကို
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လျှောက်ထားသူ
များပြားပါက မဲနှိုက်စနစ်ဖြင့် ဌားရမ်းပေးသွားမည်ဖြစ်သည်။
မဟာဗန္ဓုလ အငှားအိမ်ရာတွင် နေထိုင်ရန် လျှောက်လွှာများ စတင်လက်ခံသည့်နေ့၌ပင်
လာရောက်လျှောက်ထားသူပေါင်း တစ်ထောင်ကျော်ခန့်ရှိသည်ဟု သိရသည်။
"အခန်း ၁,၂၀၀ ပေမယ့် အန်ကယ်တို့က ၁,၃၀၀ လောက်ကို ရွေးထားမှာပါ။ လူများရင်တော့မဲ
စနစ်နဲ့ပေါ့။ စည်းကမ်းဖောက်တဲ့လူကို ဖယ်ပြီး နောက်လူကို ပေးလို့ရအောင်လို့ လူ ၁၀၀ လောက်
ပိုရွေးထားတဲ့ သဘောပါ။ မြို့နယ်ထွေအုပ်ရုံးတွေမှာလည်း လျှောက်ထားရမယ့် ပုံစံတွေကို
ကပ်ထားပါတယ်။ ၀န်ထမ်း၊ အပြင်လူ မခွဲခြားဘဲ ချပေးမှာပါ "ဟု ၎င်းက ပြောသည်။
အဆိုပါ အိမ်ရာတွင် ငှားရမ်းနေထိုင်သူများအနေဖြင့် အခန်းအား ပြန်လည်ရောင်းချပါက
၁၉၅၅ ခုနှစ် အစိုးရပိုင် အိမ်ဥပစာနှင်ထုတ်ခြင်း ဥပဒေဖြင့် အရေးယူသွားမည်ဟုလည်း
ဦးကျော်စိုးက ပြောသည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၁၄၁ ရပ်ကွက်အတွင်းရှိ မြေ ၁၄ ဧကအကျယ်အဝန်း ပေါ်တွင်
မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊
လာမည့် မတ်လကုန်ပိုင်းတွင် အပြီးသတ်တည်ဆောက်ရန် ညွှန်ကြားထားသည်ဟု
တည်ဆောက်ရေး ကုမ္ပဏီများထံက သိရသည်။
"တစ်စတုရန်းပေကို ကျပ် ၂၂,၀၀၀ နှုန်းနဲ့ ချပေးထားပါတယ်။ ရေ၊ လျှပ်စစ်မီး၊ ဆေးသုတ်တာကအစ
အားလုံးအပြီးအစီးလုပ်ပေးဖို့ တင်ဒါခေါ်ကတည်းက ပါပါတယ်။ အခုချပေးထားတဲ့
၂၂,၀၀၀ နှုန်းကလည်း ဆောက်လုပ် ရေးလောကမှာ မများတဲ့ ဈေးနှုန်းပါ။ အမြတ်အစွန်းထက်
ကုမ္ပဏီရဲ့ စံချိန်စံညွှန်းလက်ရာ ကို အများပြည်သူကို ဖော်ထုတ်ပြသချင်လို့ ဆောက်တာပါ။
မတ်လလို့ ညွှန်ကြားထား ပေးမယ့် အသေးစိတ်ကိုတော့ အိုးအိမ်က လူတွေပဲ သိနိုင်ပါလိမ့်မယ်" ဟု
Performer Area Service စီမံကိန်းမန်နေဂျာ ဦးဇော်လင်းအေးက ပြောသည်။
အဆိုပါ မဟာဗန္ဓုလအငှားအိမ်ရာတွင် အခန်းအကျယ်အဝန်း ၅၆၉.၅ စတုရန်းပေရှိ အခန်းများ
ပါ၀င်သည့် ခြောက်ခန်းတွဲ သုံးထပ် အဆောက်အအုံ လေးလုံးကို တစ်ပါတည်း တည်ဆောက်
သွားမည်ဖြစ်ပြီး ဈေးဝယ်ဆိုင်ခန်းပေါင်း ၁,၂၇၂ ခန်းလည်း ပါ၀င်သဖြင့် စုစုပေါင်း
အခန်းအရေအတွက် ၁,၂၇၂ ခန်း ထွက်ရှိမည်ဟု သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း
၃၃ မြို့နယ်အတွင်းရှိ ကျူးကျော် တဲများကို ဖယ်ရှားရှင်းလင်းနေသည့်နည်းတူ ဆက်လက်၍လည်း
ဖယ်ရှားပေးရန် အကြောင်း ကြားစာများပေးပို့ထားသည့် နေရာအများအပြား ရှိနေဆဲဖြစ်ရာ
ကျူးကျော်နေထိုင်သူများအားလုံးကို စနစ်တကျ နေရာပြန်လည်ချ ထားပေးရန်မှာလည်း
ဖြစ်နိုင်ခြေ နည်းပါးလျက်ရှိသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်
ဦးခင်မောင်တင့် က ပြောသည်။
"ကျူးတွေက အမျိုးမျိုးရှိတယ်။ ကျူးတဲရှင်းတာထက် အဓိကအကြောင်းတရားကို ရှာဖွေပြီး
တကယ်နေစရာ မရှိတဲ့လူတွေကို အငှားအိမ်ရာတွေ နေရာချထားပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။
အဲဒီလောက်ကြီးတဲ့ ပြဿနာဖြေရှင်းဖို့အတွက်ကျတော့ စည်ပင်သာယာက မတတ်နိုင်ပြန်ဘူး။
အစိုးရအဖွဲ့ကပဲ လုပ်နိုင်တယ်။ မြေကွက်ပေးမယ်၊ အငှား အိမ်ရာများ ပြန်ချပေးမယ်ဆိုတာကတော့
အင်မတန်ဖြစ်နိုင်ခြေ နည်းပါတယ်။ အခု ဆောက်နေတဲ့ အငှားအိမ်ရာကထွက်မယ့်
အခန်းတွေကလည်း နည်းတဲ့အတွက် ဆင့် ပါးစပ်နှမ်းပက်သလိုပဲ ဖြစ်လိမ့်မယ်"ဟု
၎င်းက ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ တွက်ချက်ခန့်မှန်းမှုများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း
နှစ်စဉ်အိမ်ခန်း လိုအပ်ချက် မှာ ရ၅,၀၀၀ မှ ၁၀၀,၀၀၀ ၀န်းကျင်ခန့်အထိ ရှိနေပြီး လိုအပ်ချက်
ပြည့်မီစေရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများက ပြည့်မီအောင် ဖြည့်ဆည်းနိုင်ခြင်း
မရှိသေးသည့်အပြင် ၀င်ငွေနည်းမိသားစုများအတွက် အငှားအိမ်ရာများ၊ တန်ဖိုးမျှတ၊
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဖော်ဆောင်ရန် လိုအပ်နေဆဲ ဖြစ်သည်။
















