ကွန်ဒို ဥပဒေတွင်အငြင်းပွားဖွယ်ရာအချက်များပါ၀င်နေ

ကွန်ဒို ဥပဒေတွင်အငြင်းပွားဖွယ်ရာအချက်များပါ၀င်နေ

ပြီးခဲ့သည့်လအတွင်း ပြည်ထောင်စုလွှတ်တော် က အတည်ပြုခဲ့သည့် စုပေါင်းပိုင်အဆောက်
အအုံဥပဒေ (ကွန်ဒိုမီနီယံဥပဒေ) တွင် အဆောက်အအုံသတ်မှတ်ချက်နှင့် နိုင်ငံ ခြားသားဝယ်
ယူခွင့်အပေါ် အငြင်းပွားဖွယ်ရာ အချက်များပါ၀င်နေသည်ဟု အိမ်ခြံမြေကဏ္ဍ တာဝန်ရှိသူများက
ပြောကြားသည်။

၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့သည့် ကွန်ဒိုမီနီယံဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့
လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ် အကြား သဘောထားကွဲလွဲမှုများကြောင့် အပြီး
သတ်အတည်ပြုနိုင်ခြင်းမရှိပဲ အချိန်သုံးနှစ်နီးပါး ကြန့်ကြာနေခဲ့ရသည်။ အဆိုပါ ဥပဒေကြမ်းပါ
အချက်အလက်များနှင့် ပတ်သက် ၍ လွှတ်တော်နှစ်ရပ်အကြား အကြိမ်ကြိမ် ဆွေးနွေးကာ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီ၏
ပြင်ဆင်ချက်များဖြင့် လက်ရှိအစိုးရသက်တမ်း မကုန်ခင် ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံး
သီတင်းပတ်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့၏ အတည်ပြုမှုနှင့် အသေးစိတ် နည်းဥပဒေများ ထွက်ရှိရန် ကျန်နေသော်လည်း
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခဲ့ပြီးဖြစ်သော ကွန်ဒိုဥပဒေအရ နိုင်ငံခြားသား များကို ကွန်ဒိုအဆောက်အအုံ၏ ခြောက်ထပ် နှင့် အထက်ကို ၄၀ ရာခိုင်နှုန်း ၀ယ်ယူခွင့်ပြု ထားသည်။ အဆိုပါသတ်မှတ်ချက်သည် ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ နှင့် အိမ်ခြံမြေကဏ္ဍ
အပေါ် အထောက်အကူပြုမည်ဟု ခန့်မှန်းပြောဆိုနေကြသော်လည်း ယင်းအချက်၌ပင်
အားနည်းချက်ရှိနေသည် ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်း အထွေထွေအတွင်းရေးမှူး
ဒေါ်မို့မို့အောင် က ပြောသည်။ "ကွန်ဒိုဥပဒေအရ နိုင်ငံခြားသားကို ၄၀ ရာခိုင်နှုန်းရောင်းခွင့်
ရှိတယ်။ ဒါပေမဲ့ ဘယ်လိုနိုင်ငံခြားသားမျိုးတွေကို ရောင်းမှာလဲ ဆိုတဲ့အချက်ကပေါ်လာတယ်။
နိုင်ငံခြားသားတိုင်း ကို ရောင်းမှာလား။ ဒါမှမဟုတ် ဘယ်နှနှစ် နေတဲ့ နိုင်ငံခြားသားတွေကို
၀ယ်ခွင့်ပြုမှာလဲ။ အဲဒီလိုရောသတ်မှတ်ထားသေးလားဆိုတာ တွေမေးဖို့ရှိလာတယ်။ စင်ကာပူလို
နိုင်ငံမှာဆိုရင် နေထိုင်ခွင့်ရမှ (PR) ၀ယ်ခွင့်ပေးတာမျိုး ရှိတယ်။ ဒီမှာ နိုင်ငံခြားသားတိုင်းသာ
၀ယ်ခွင့် ပြုမယ်ဆိုရင်တော့ ဒါက စီးပွားရေးအတွက် ကမောက်ကမ ဖြစ်မယ့်အချက်ထဲမှာ ပါနိုင်
တယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် လက်ရှိဆောက်လုပ်ရေးဈေးကွက် ထဲတွင် BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း)
စနစ်ဖြင့် ဆောက်လုပ်လျက်ရှိသည့် အဆောက်အအုံအများအပြားရှိနေသည့်အတွက် အဆိုပါ
စနစ်ဖြင့် ဆောက်လုပ်ထား သည့် အဆောက်အအုံများသည် သတ်မှတ် လိုက်သည့်ဥပဒေအရ
ကွန်ဒိုသတ်မှတ်ချက် နှင့် ကိုက်ညီမှုမရှိကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အသင်း ဒုတိယဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

"ဥပဒေထဲမှာ ကွန်ဒိုအခန်းဝယ်တဲ့သူက မြေကိုစုပေါင်းပိုင်တယ်လို့ ပြောထားတယ်။အဲ့ဒါဆိုရင်
အခုရန်ကုန်မှာ ဘီအိုတီ ( BOT) စနစ်နဲ့ဆောက်ထားတဲ့ အခန်းတွေက ကွန်ဒို မဖြစ်တော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ မြေက အစိုးရ မြေဖြစ်နေတဲ့အတွက် မြေကိုစုပေါင်း ပိုင်လို့သတ်မှတ်လို့
မဖြစ်တော့ဘူး။ ဒီဥပဒေအတိုင်းဆို တကယ့်ဥပဒေနဲ့ညီတဲ့ ကွန်ဒိုက ရန်ကုန်မြို့မှာ ၁၀ လုံးလောက်ပဲ
ရှိနိုင်တော့ မယ်ထင်တယ်" ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့တွင်းရှိ အချို့သော နိုင်ငံတကာ အဆင့်မီကွန်ဒိုများမှာ နိုင်ငံတော်ပိုင်မြေများပေါ်တွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ သူများနှင့်
အစိုးရဌာနများအကြား သဘော တူညီချက်ဖြင့် နှစ်ရှည် မြေငှားရမ်းလုပ်ကိုင် သည့်စနစ်ဖြင့် ဆောက်လုပ်ရောင်းချနေကြခြင်းဖြစ်သည့်အတွက် မူလမြေပိုင်ရှင်မှာ
နိုင်ငံတော်ပိုင်မြေများသာ ဖြစ်သည်ဟုလည်း ဦးကိုကိုထွေးက ပြောသည်။

နိုင်ငံပိုင်မြေကို နှစ်ရှည်မြေငှားရမ်း လုပ်ကိုင်ရာတွင် ကနဦးငှားရမ်းခြင်း နှစ် ၅၀ အပြင်
ထပ်တိုး ၁၀ နှစ် နှစ်ကြိမ်ဖြင့် စုစုပေါင်း နှစ် ရ၀ ကို BOTစနစ်ဖြင့် ကွန်ဒိုမီနီယံများ ဆောက်လုပ်
လျက်ရှိသည့်အတွက် အတည်ပြုလိုက်သည့်ကွန်ဒိုမီနီယံဥပဒေအရ ကွန်ဒိုအဖြစ်သတ်မှတ်ရန်
ခက်ခဲမည်ဖြစ်သည်။ "BOT စနစ်ဆိုတာ အစိုးရဆီမှာ ကုမ္ပဏီ က နှစ်ရှည်မြေငှားလုပ်ရတာ။
ဒါကြောင့် သူတို့မြေပိုင်မဟုတ်တဲ့အတွက် အစိုးရမြေမှာဆောက်တဲ့ အဆောက်အအုံတွေက
မြေပိုင်ရ မှာ မဟုတ်ဘူး။ အစိုးရနဲ့ချုပ်ထားတဲ့စာချုပ်သက်တမ်းအတွင်းပဲ နေလို့ရမယ်။ အခန်းပိုင်ပြီး
မြေမပိုင်သလို ဖြစ်နေတော့ ကွန်ဒိုဥပဒေ အရ မညီညွတ်ဘူးဖြစ်နေတယ်။ ကွဲလွဲချက် တွေက
တဖြည်းဖြည်း ပေါ်လာတယ်။ ကိုယ်ပိုင် မြေပေါ်မှာ ဆောက်နေတဲ့ ကွန်ဒိုအကြီးတွေလောက်ပဲ
ကွန်ဒိုဥပဒေအရ အကျုံးဝင်နိုင်တယ်" ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှု အသင်း
ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးကလည်း ပြောသည်။

ထို့ပြင် ယခင်ကွန်ဒိုမီနီယံဥပဒေမူကြမ်း၌ ကွန်ဒိုအဆောက်အအုံကို မြေတစ်ဧကပေါ် တွင်သာ
ဆောက်ခွင့်ပြုရန်ဟူသော အချက် ကိုရေးဆွဲခဲ့သော်လည်း အတည်ပြုလိုက် သည့်အချိန်တွင်
မြေဧရိယာကို လျှော့ကာ စတုရန်းပေ ၂၀,၀၀၀ (ဧကဝက်) ပေါ်တွင်သာ ဆောက်လုပ်ခွင့်ပြုရန်
ပြင်ဆင်သတ်မှတ် ခဲ့သည်။ ယင်းသတ်မှတ်ချက်အရ ကွန်ဒိုအများဆုံး တည်ဆောက်မည့်
ရန်ကုန်မြို့အတွက် သတ်မှတ် မြေဧရိယာမှာ နည်းနေပြီး ယာဉ်ကြောကျပ် တည်းမှုများဖြစ်ပေါ်နိုင်သည့်
အခက်အခဲများ ရှိနိုင်ကြောင်းလည်း ဒေါ်မို့မို့အောင်က ပြောသည်။

"ရန်ကုန်မှာ ကွန်ဒိုဆောက်မယ်ဆိုရင် ဒီအဆောက်အအုံထဲကို ၀င်လာမယ့် ကား
အဝင်အထွက်အတွက် နေရာလိုအပ်မယ်။ ပြီးတော့ ကားထားဖို့နေရာလည်း လိုတယ်။
လမ်းဆုံ၊ လမ်းခွလိုနေရာမျိုးမှာ ဆောက်မယ်ဆိုရင် ဒီ ဧကဝက် (စတုရန်းပေ ၂၀,၀၀၀) က
ဧရိယာနည်းတဲ့အတွက် ယာဉ်ကြောပိတ်မှာ ကို စိုးရိမ်ရတယ်။ အဲဒါကြောင့် ဒီမြေအကျယ်
ပေါ်မှာ ကွန်ဒိုဆောက်မယ်ဆိုရင် အဆင်မပြေ နိုင်ဘူးလို့ထင်တယ်" ဟု ၎င်းက ပြောသည်။

ဥပဒေကြမ်းတွင်သတ်မှတ်ခဲ့သည့် မြေ တစ်ဧကအကျယ်အဝန်းသည် ကွန်ဒိုအများဆုံး
တည်ဆောက်ရန် လိုအပ်သည့် ရန်ကုန်မြို့ အတွက် ကျယ်လွန်းသည့်မြေဧက ဖြစ်သည့်အတွက်
မြေနေရာမရရှိမှုများ မဖြစ်နိုင်စေရန် လျှော့သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်
ဥပဒေကြမ်းကော်မတီ အတွင်း ရေးမှူး ဦးစောလှထွန်းက ပြောသည်။ "လက်တွေ့ကျတော့
တစ်ဧကဆိုတာ ရန်ကုန်လိုမြို့ကြီးမှာကျတော့ ရဖို့ရှားတယ်။ ရန်ကုန်မြို့ထဲမှာဆို တစ်ဧကအကျယ်
ဆိုတာ ရဖို့ပိုခက်တယ်။ အဓိက ကွန်ဒိုဥပဒေ ဦးတည် တာကလည်း ရန်ကုန်မြို့ကိုး။ ပြီးတော့
ရန်ကုန် မှာပဲ ကွန်ဒိုက ပိုလိုအပ်နေတာဆိုတော့ အားလုံး အဆင်ပြေအောင် ဧကဝက်ကို
ပြောင်းပြီး သတ်မှတ်လိုက်တာ" ဟု ၎င်းက မြန်မာတိုင်း(မ်) ကိုပြောသည်။ ထို့ပြင်
ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများမှာ မြန်မာနိုင်ငံ၏စီးပွားရေးတွင် အရေးပါ
သည့်အစိတ်အပိုင်းတစ်ခုဖြစ် သည့်အတွက် တာဝန်ရှိသူများနှင့် ဥပဒေရေးဆွဲသူများမှာ
ပြည်သူအလွှာပေါင်းစုံအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် ဥပဒေများ ရေးဆွဲနိုင်ရန်
လိုအပ်ကြောင်း ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

"အခုဖြစ်နေတဲ့ အခြေအနေက အရင်ရှိပြီးသား အခြေအနေကို အကျိုးအမြတ်အတွက် တဖြည်းဖြည်းလှီးယူနေသလို ဖြစ်နေတယ်။ မြန်မာ့စီးပွားရေးက နိုင်ငံရေးနဲ့ တွဲနေတယ်။
နိုင်ငံရေးပြောင်းတိုင်း စီးပွားရေးက လိုက်ပြောင်းနေတယ်" ဟု ၎င်းက ပြောသည်။
ကွန်ဒိုဥပဒေနှင့် ပတ်သက်၍ အသေးစိတ် နည်းဥပဒေများ ထွက်ပေါ် မလာမီ "လွှတ်တော်မှာ
ပြဋ္ဌာန်းလိုက်တဲ့ ကွန်ဒိုဥပဒေကြောင့် နိုင်ငံခြားသား ၀ယ်ခွင့်ရလာတယ်။ အေးနေတဲ့
ကွန်ဒိုဈေးကွက် ပြန်လှုပ်လာမယ်။ အိမ်ခြံမြေ လောကအတွက် အဆင်ပြေနိုင်တဲ့ ဥပဒေ
နည်းဥပဒေတွေကို လော်ဘီလုပ်ပေးဖို့ လိုအပ် တယ်။ အမှန်တကယ် အလုပ်ဖြစ်တဲ့
ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ အရေးကြီးတယ်" ဟုလည်း ဦးအောင်ထွန်းသက်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်