ဘီအိုတီစနစ်ဖြင့် ဆောက်လုပ် ထားသည့် အဆောက်အအုံများ ကွန်ဒိုအဖြစ် မှတ်ပုံတင်ရန်လို

ဘီအိုတီစနစ်ဖြင့် ဆောက်လုပ် ထားသည့် အဆောက်အအုံများ ကွန်ဒိုအဖြစ် မှတ်ပုံတင်ရန်လို

နိုင်ငံပိုင်မြေပေါ်တွင် ၀န်ကြီးဌာနများနှင့် သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီများ
အကြား နှစ်ရှည်သဘောတူညီမှုဖြစ်သော ဘီအိုတီစနစ် (BOT) ဖြင့်တည်ဆောက်
ထားသည့် အဆောက်အအုံများကို ကွန်ဒိုမီနီယံ အဆောက်အအုံအဖြစ် အသိအမှတ်ပြုရန်
မြေပိုင်ဆိုင်သည့် ၀န်ကြီးဌာနများက စာချုပ် စာတမ်းမှတ်ပုံတင်ရုံးတွင် သွားရောက်
မှတ်ပုံ တင်ရန်လိုအပ်ကြောင်း ပထမအကြိမ် ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်
မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။

"ဥပဒေထဲမှာ ဘီအိုတီစကားရပ်မပါပေ မယ့် မြေပိုင်ဆိုင်တဲ့ ၀န်ကြီးဌာနဘက်က
အသိ အမှတ်ပြုရင် ရပါတယ်။ နိုင်ငံပိုင်မြေမှာ အဆောက်အအုံ ဆောက်တဲ့ကိစ္စနဲ
ပတ်သက် ပြီး မြေပိုင်ဆိုင်တဲ့ ၀န်ကြီးဌာနကို လုပ်ပိုင်ခွင့် တွေပေးထားပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရက သီးခြားစီစဉ်ထားတဲ့ အဆောက် အအုံတွေအကုန်လုံးကို
ကွန်ဒိုဆိုပြီးလိုက် ပြောနေကြမှာ စိုးလို့ပါ။ သက်ဆိုင်တဲ့ဝန်ကြီး ဌာနကသာ ကွန်ဒိုလုပ်
ချင်တယ်ဆိုရင် ဥပဒေမှာပါတဲ့ ကော်မတီမှာလာပြီး မှတ်ပုံ တင်လိုက်ရင်ပဲ ကွန်ဒိုဥပဒေ
ထဲမှာ အကျုံးဝင် သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်
နှစ်ရပ်အကြား သဘောထားကွဲလွဲမှုများ ကြောင့် အချိန်သုံးနှစ်ကျော်ကြာခဲ့သည့်
စုစုပေါင်းပိုင်အဆောက်အအုံဥပဒေကို ယခု နှစ်ဇန်နဝါရီလတွင်မှ အပြီးသတ်
အတည်ပြု နိုင်ခဲ့ပြီး၊ နည်းဥပဒေအသေးစိတ်ကိုမူ ဆောက်လုပ်ရေးဝန်ကြီးဌာနက
ရေးဆွဲနေ ဆဲ ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခဲ့သည့် စုပေါင်းပိုင်
အဆောက်အအုံဥပဒေ (ကွန်ဒိုဥပဒေ)၏ အခန်း ( ၅ ) ၌ မှတ်ပုံတင် ခြင်းနှင့် စုပေါင်းပိုင်
အဆောက်အအုံ တည်ထောင်ခြင်း ခေါင်းစဉ်အောက်၌ ဖော်ပြထားချက်များအရ
စာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်ထားပြီးဖြစ်သည့် စုပေါင်း ပိုင်မြေတွင်
ဆောက်လုပ်ထားသည့် အဆောက် အအုံများကိုသာ စုပေါင်းပိုင်အဆောက်အအုံဟု
ဆိုလိုခြင်းဖြစ်သည်ဟု ဆိုထားသည်။ ထို့ပြင် ဥပဒေပါ အခန်း (၅) အပိုဒ် ၁၀ (ခ) တွင်
ဖော်ပြထားချက်အရ စုပေါင်းပိုင် အဆောက် အအုံအဖြစ် အသိအမှတ်ပြုလိုပါက မြေ
လက်ရှိပိုင်ဆိုင်ထားသူက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြီး စုပေါင်း ပိုင်ဆိုင်ခွင့်ရှိသူများထံသို့ မြေကိုလွှဲပြောင်း ပေးရမည်ဟုလည်း ဆိုထားသည်။

"နိုင်ငံပိုင်မြေပဲဖြစ်ဖြစ်၊ ဘယ်လိုမြေပဲ ဖြစ်နေဖြစ်နေ ကွန်ဒိုဆောက်ချင်တယ်ဆိုရင်
ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ မှတ်ပုံတင် စာရင်းသွင်းတဲ့ဌာန နှစ်ခုကိုလာပြီး
မှတ်ပုံတင် ရမယ်။ မှတ်ပုံတင်ပြီးတဲ့ မြေဆိုရင်တော့ ဌာန နဲ့ မပတ်သက်တော့ပါဘူး၊
ဒီကိစ္စကိုလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်း ပြီးမှ ဥပဒေကိုရေးဆွဲ
ထားတာပါ၊ ကွန်ဒိုဥပဒေ ထဲမှာ ဘီအိုတီ အဆောက်အအုံတွေအကြောင်း မထည့်
တာက မြေကို ၀န်ကြီးဌာနတွေကို လုပ်ခွင့် ပေးထားပြီးဖြစ်တာကြောင့် မလိုအပ်လို့
စကားလုံး မထည့်လိုက်တာပါ။ ၀န်ကြီးဌာန တွေကလည်း သူပိုင်တဲ့မြေမှာ ဆောက်
ထားပြီး ဖြစ်တဲ့ ကွန်ဒိုအဆောက်အအုံဆောက်ထားတဲ့ မြေအတွက်စာချုပ်စာတမ်းမှတ်
ပုံတင် ရုံးမှာ သွားပြီးမှတ်ပုံတင်ပေးဖို့ လိုပါတယ်"ဟု ဦးစော လှထွန်းက ပြောသည်။
စုပေါင်းပိုင်အဆောက်အအုံ ပေါ်ပေါက် မလာမီ အချိန်ကာလက ဆောက်လုပ်ထားခဲ့
သည့် ကွန်ဒိုအဆောက်အအုံများ၊ ဆောက်လုပ် ဆဲ ကွန်ဒိုအဆောက်အအုံများအတွက်
လည်း အခန်း ( ၅ ) အပိုဒ် ၁၂ ( က ) ပါ ဖော်ပြထားချက် အရ တိုင်းဒေသကြီးနှင့်
ပြည်နယ် အသီးသီးတွင် ဖွဲ့စည်းထားသည့် အဖွဲ့ဝင်ကိုးဦးပါ စုပေါင်း ပိုင်အိမ်ရာစီမံ
ခန့်ခွဲရေးကော်မတီထံတွင် သွားရောက်လျှောက်ထားနိုင်သည်။

စုပေါင်းပိုင်အဆောက်အအုံဥပဒေ၏ သဘောသဘာဝအရ စုပေါင်းပိုင်မြေပေါ်တွင်
ဆောက်လုပ်ထားသည့် အခန်းပိုင်ရှင်များ အားလုံး မြေကို အချိုးကျပိုင်ဆိုင်နိုင်ခွင့်ရှိ
သော်လည်း ရန်ကုန်မြို့တော်ရှိ နာမည်ကြီး ကွန်ဒိုမီနီယံအဆောက်အအုံ အများစုမှာ
၀န်ကြီးဌာန အသီးသီးမှ ပိုင်ဆိုင်သည့် မြေနေရာ ပေါ်တွင် ကနဦး နှစ် ၅၀၊ ထပ်တိုး
၁၀ နှစ်နှစ်ကြိမ်၊ စုစုပေါင်း နှစ် ရ၀ မြေအငှား သဘောတူညီ ဖြင့် ဆောက်လုပ်
ထားကြခြင်းဖြစ်သည်။

"ကျွန်တော်တို့ စက်မှု (၁) မြေမှာ ဆောက်နေတဲ့ Pyay Garden ကတော့ အခန်းပိုင်
ဆိုင်ကြောင်း စာအုပ်အဖြူလေးတွေ ထွတ်လာတာတွေ့ရပါတယ်။ နှစ် ရ၀ လုံး
လုံးမြေပေါ်မှာ လုပ်ငန်းလုပ်ကိုင်ခွင့်ချထားပေးပြီးသားဖြစ်ပါတယ်၊ ပိုင်ဆိုင်တယ်လို့
ပြောမှပဲ ပေါင်လို့ နှံလို့ ချေးလို့ရမယ်။ မြေက နှစ် ရ၀ ငှားထားရင် နှစ် ရ၀ ရပိုင်ခွင့်ကို
အခန်းပိုင်ရှင်တွေက ရရမှာ ပဲ" ဟု ဇေကမ္ဘာကုမ္ပဏီမှ အုပ်ချုုပ်မှုဒါရိုက်တာ
ဦးဇေသီဟက ပြောသည်။ "မြေကိုပိုင်တယ်လို့ အစိုးရရဲ့မူအရကို ဘယ်သူမှ
ပြောလို့မရပါဘူး၊ ဂရန်အပါအဝင် အားလုံးကို မြေငှားစာချုပ်ဆိုပြီးတော့ပဲ
ထုတ်ပေးထားတာ ဖြစ်တယ်၊ နှစ် ၃၀ ၊နှစ် ၆၀ ၊ နှစ် ၉၀ မြေငှားစာချုပ်နဲ့ပဲ
အစိုးရက မြေကြီး ကို ငှားတာပဲ တွေ့ရလိမ့်မယ်၊ မြေနဲ့ ပတ်သက် လာရင်
ပိုင်တယ်ဆိုတဲ့ စကားလုံးကို သုံးလို့ကို မရဘူး၊ အားလုံးက ဥပဒေအရ အစိုးရဆီကပဲ
ငှားသုံးရတာပါ၊ မှတ်ပုံတင်လုပ်ဖို့လိုတယ်" ဟုလည်း ၎င်းက ပြောသည်။ ပြည်ထောင်စု
လွှတ်တော်က အတည်ပြုခဲ့သည့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေတွင်
ဘီအိုတီစနစ်ဖြင့် ဆောက်လုပ် ထားသည့် အဆောက်အအုံများ၊ ကွန်ဒို မီနီယံများနှင့်
စပ်လျဉ်းသည့် စကားလုံးများ ပါ၀င်ခြင်း မရှိသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းနှင့်
အိမ်ခြံမြေ လုပ်ငန်းများကို လုပ်နေသူများအကြား ဝေဖန်မှုများဖြစ်ပေါ်လာ သည့်အပြင်
မကြာမီထွက်ရှိလာတော့မည့် နည်းဥပဒေတွင်လည်း ဘီအိုတီအဆောက် အအုံများနှင့်
စပ်လျဉ်းပြီး အဆောက်အအုံ ဆောက်လုပ်ရင်းနှီးမြှုပ်နှံသူများနှင့် ယင်း အခန်းများကို
၀ယ်ယူနေထိုင်သူများ၏ အကျိုးစီးပွား အလို့ငှာ သီးသန့်အချက်တစ်ခု အနေဖြင့် ပြန်လည်
ထည့်သွင်းပေးရန် လိုအပ် ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ပြောသည်။
"ကွန်ဒိုဥပဒေသစ်ကို ကြိုဆိုပါတယ်။ ၀ယ် တဲ့ လူတွေတင်မဟုတ်ဘူး။ ဆောက်လုပ်ရေး
ကုမ္ပဏီတွေအတွက်ပါ အကျိုးရှိဖို့ လိုတယ်၊ အစိုးရဘက်က ဥပဒေတစ်ခုကိုထုတ်ပြီးလို့
ရှိရင် ဒီအတိုင်းပဲထားခဲ့လို့မရပါဘူး။ဥပဒေ ရဲ့လိုအပ်ချက်တွေကို ရှင်းလင်းမှုတွေ
ထုတ်ပြန် မှုတွေကို ထပ်ထပ်ပြီး လုပ်ဖို့လိုတယ်။ ရန်ကုန်က ကွန်ဒိုတော်တော်များများက
ဘီအိုတီစနစ်နဲ့ ဆောက်နေလို့ ကွန်ဒိုဥပဒေမှာ ဘီအိုတီ အခန်းကဏ္ဍကပါဖို့ လိုတယ်" ဟု
ရန်ကင်း မြို့နယ်အတွင်းရှိ တပ်မတော်ပိုင်မြေနေရာ ကို ဘီအိုတီစနစ်ဖြင့် ဆောက်
လုပ်နေသည့် Golden City ၏ စီမံကိန်း ကိုယ်စားလှယ် ဖြစ်သူ မစ္စတာဂျက်ဖရီလူက
ပြောသည်။

အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်း သည် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အရေးပါ
သည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက်အမှန်တကယ် အကျိုးပြုနိုင်သည့် ဥပဒေ
အဖြစ် ရေးဆွဲရန် လိုအပ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်