ရန်ကုန်မြို့တွင်း အကောင်အထည်ဖော်တည်ဆောက်ရန် လက်ရှိအစိုးရကလျာထားသည့် ခုံးကျော်တံတားစီမံကိန်းသစ်များသည် ပြည်သူလူထုအပေါ် အမှန်တကယ်အကျိုး သက်ရောက်မှု
ရှိ၊ မရှိကို မကြာမီက ခေါ်ယူခဲ့ သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သစ်က ပြန်လည်သုံး
သပ်စိစစ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
မကြာမီ သက်တမ်းကုန်ဆုံးတော့မည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၂၀၁၆ -၁၇
ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းဆုံတွင် ခုံးကျော်တံတား
တစ်စင်း၊ မြောက်ဥက္ကလာပ အဝိုင်းလမ်းဆုံ၌ ခုံးကျော်တံတားတစ်စင်း တည်ဆောက်ရန်
ဆက်လက်လျာထားခဲ့ရာ ၎င်းစီမံကိန်းများကို အစိုးရသစ်နှင့် လွှတ်တော် သစ်တို့က
ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်သည်။ ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှု များကို
ဖြေရှင်းနိုင်ရန် အဆိုပါ ခုံးကျော်တံတား နှစ်စင်းကို တည်ဆောက်ရန် လျာထားခဲ့ခြင်း ဖြစ်သည်ဟု
လက်ရှိရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်း နွယ်က ဖေဖော်ဝါရီ
၁၅ ရက်က လွှတ်တော်သစ်ကို အသိပေးခဲ့သည်။ ခုံးကျော်တံတားနှစ်စင်းအတွက် အသုံး
စရိတ်လျာထားမှုသည် ရန်ကုန်တိုင်းဒေသကြီး ၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တစ်ခုလုံး၏ အသုံး
စရိတ်ဖြစ်သော ၃၃၆ ဒသမ ၂၁၁၅၇ ဘီလျံက ၏ ၁၀ ရာခိုင်နှုန်းနီးပါးရှိနေပြီး အစိုးရအဖွဲ့
အနေဖြင့် တံတားနှစ်စင်းအတွက် ၃၂ ဒသမ ရ ဘီလျံ သုံးစွဲရန်လျာထားသည်ဟု ဘဏ္ဍာရေး
၀န်ကြီး ဒေါ်စန်းစန်းနွယ်က လွှတ်တော်သို့ တင်ပြခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးရရှိ ထားသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ဒုတိယအကြိမ်အစည်းအဝေးများကို စတင် ကျင်းပနေပြီဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့က
လျာထားသည့် ခုံးကျော်တံတားစီမံကိန်း သစ်များအပါအဝင် အခြားစီမံကိန်းများကိုလည်း
အမှန်တကယ် လိုအပ်ခြင်း ရှိမရှိ ပြန်လည်သုံးသပ်မည့် အနေအထားတွင် ရှိနေသည်။
တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက
ယခင်အစိုးရအဖွဲ့က လျာထားသတ်မှတ်ထားသော စီမံကိန်းများနှင့် ပတ်သက်သည့်
စာရင်းဇယားများကို မေးမြန်းစုံစမ်းသွားမည် ဖြစ်ပြီး စီမံကိန်းဆောင်ရွက်ရသည့်အကြောင်း
အရာများကိုလည်း အစိုးရအဖွဲ့က လွှတ်တော် ကို ရှင်းပြရန်လိုအပ်သေးသည်ဟု ဆိုသည်။
"ဒီခုံးတံတားနှစ်စင်းကိစ္စဟာ အရင် ဘတ်ဂျက်နှစ်ကတည်းကပါတယ်လို့ သိထားတယ်။ ဒါပေမဲ့
မလုပ်ခဲ့ကြဘူး။ ဒါကြောင့် စီမံကိန်းတစ်ခုအတွက် ဘတ်ဂျက်တောင် လျာထားပြီး
ဘာလို့မလုပ်ဖြစ်ခဲ့ရတာလဲ ဆိုတာကို သိဖို့လိုတယ်။ နောက်ပြီး တကယ် လို၊ မလိုဆို
တာကိုလည်း လွှတ်တော်သစ်ပြန် စိစစ်ဖို့ လိုတယ်"ဟု ဦးညီညီက မြန်မာတိုင်း(မ်)ကို
ပြောသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သော အစိုးရလက်ထက်တွင်
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ရန်အတွက်ဟုဆိုကာ ခုံးကျော်တံတားများ
ဆောက်လုပ်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှု အမှန်တကယ်လျော့ကျခဲ့ခြင်း မရှိသောကြောင့် ခုံးကျော်တံတားတည်ဆောက် ခြင်းသည် ထိရောက်မှန်ကန်သော နည်းလမ်းမဟုတ်ဟု
တိုင်းလွှတ်တော်အတွင်း အတိုက်အခံအမတ်အချို့နှင့် မြို့ပြပညာရှင်အချို့ တို့က ဝေဖန်ခဲ့ကြသည်။















