ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အတွင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက
တည်ဆောက်နေသည့် ယုဇန စီမံကိန်း အိမ်ရာတိုက်ခန်းများကို မတ်လကုန်မှ စ၍ အများပြည်
သူထံ ရောင်းချပေး သွားမည်ဖြစ်ပြီး အချို့သောအခန်း များကို သက်သာသည့်နှုန်းထားဖြင့် ငှားရမ်း ပေးသွားမည်ဖြစ်သည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
"အဆောက်အအုံတွေက ပြီးသလောက်ရှိပေမယ့် ရေတွေ၊ လျှပ်စစ်မီးတွေတပ်ဖို့ ကျန်သေးတယ်။ နောက်ထပ်တစ်လလောက်မှ ရောင်းနိုင်မယ်။ တချို့အခန်းတွေကို ရောင်း
ပေးမှာ ဖြစ်သလို တချို့အခန်းတွေကိုတော့ အငှားစနစ်နဲ့ လုပ်ပေးဖို့တော့ စီစဉ်ထားတယ်။
ဘယ်လောက်နဲ့ ရောင်းမယ်။ ဘယ်လို ပုံစံနဲ့ရောင်းမယ်ဆိုတာ အသေးစိတ်တော့ မတွက်ချက်
ရသေးပေမယ့် အကြမ်းဖျင်း ပြောလို့ရတာကတော့ သိန်းနှစ်ရာဝန်းကျင် လောက်တော့ ရှိလိမ့်
မယ်၊ ဆွေးနွေးညှိနှိုင်း နေဆဲကာလဖြစ်လို့ အသေးစိတ်တော့ ပြောဖို့ အချိန်နည်းနည်း စောသေး
တယ်" ဟု ၎င်းက ပြောသည်။
ယုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်း အဆိုပါအိမ်ရာကို အပိုင်း (၁) နှင့် အပိုင်း (၂) ခွဲကာ
ဆောက်လုပ်နေခြင်းဖြစ်ပြီး အပိုင်း (၁) အိမ်ရာစီမံကိန်းကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင်
စတင်ဆောက်လုပ်ခြင်းဖြစ်ပြီး အပိုင်း (၂) စီမံကိန်းကိုမူ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင်
စတင်ဆောက်လုပ်ခဲ့သည်။ အပိုင်း (၁) တိုက်ခန်းများမှာ ၂၂ ပေ (စတုရန်းပေ ၄၄၀) ပတ်လည်
အခန်းများဖြစ်ပြီး ရေချိုး ခန်းနှင့် အိမ်သာများပါ တစ်ပါတည်း ပါရှိ သည့် အခန်းများဖြစ်သည်။
ခြောက်ခန်း တွဲ လေးထပ်အဆောက်အအုံ ၁၂ လုံး၊ ရှစ် ခန်းတွဲ လေးထပ်အဆောက်အအုံ
၁၈ လုံး ပါ၀င်မည်ဖြစ်ပြီး စုစုပေါင်း တိုက်အလုံးရေ ၃၀ မှ အခန်းပေါင်း ၈၆၄ ခန်းထွက်ရှိမည်
ဖြစ်သည်။ တည်ဆောက်ဆဲဖြစ်သည့် အပိုင်း (၂) တိုက်ခန်းများတွင် စတုရန်းပေ ၄၄၀ ကျယ်
၀န်းသည့် ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါ၀င် သည့် အခန်းများကို တည်ဆောက်နေဆဲ ဖြစ်ပြီး
ခြောက်ခန်းတွဲ လေးထပ် အဆောက် အအုံ ၁၂ လုံး ၊ ရှစ်ခန်းတွဲ လေးထပ် အဆောက် အအုံ
၂၈ လုံးပါ၀င်ပြီး စုစုပေါင်း တိုက်အလုံး ရေ ၄၀ မှ အခန်းပေါင်း ၁,၁၅၂ ခန်း ထွက်ရှိ မည်ဖြစ်
သည်။ "အပိုင်း (၁) ဆောက်ဖို့ ကုမ္ပဏီ ၁၁ ခုနဲ့ အပိုင်း (၂) ကို ကုမ္ပဏီ ၁၇ ခု နဲ့ဆောက်နေတာ
ပါ။ တချို့ကုမ္ပဏီတွေက အပိုင်း (၁) မှာကော အပိုင်း (၂) မှာပါ အလုံးယူဆောက်တာတွေ လည်း
ရှိပါတယ်။ အားလုံးကို ဏဗန (ပစ္စည်း ဖိုးနှင့် လက်ခအပြီးအစီး) စနစ်နဲ့ ဆောက် လုပ်စေတာ
ဖြစ်ပါတယ်"ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်ခင်သိင်္ဂီက
ပြောသည်။ ရေ၊ လျှပ်စစ်မီး၊ မိလ္လာစနစ်အပါအဝင် ဆေးသုတ်ပြီးအထိ ကုမ္ပဏီများမှ အပြီးအစီး
တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ပေပတ်လည်နှုန်းထားကို ကျပ် ၁၈,၀၀၀ နှုန်းဖြင့် တင်ဒါရယူ ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း ယင်းအိမ်ရာစီမံကိန်းကို ဆောက်လုပ်နေသည့်
ကုမ္ပဏီများထံမှ သိရသည်။
"ဌာနဘက်ကလည်း မကြာခဏ အဖွဲ့ ပေါင်းစုံနဲ့ လာလာစစ်ပါတယ်။ ဆေးသုတ်တာက အစ အပြီးအစီးလုပ်ရပါတယ်။ဆောက်တာကတော့ နှစ်နှစ်လောက်ရှိပါပြီ"ဟု ရွှေရဲဆောက်လုပ်ရေး
တာဝန်ခံ ဦးအောင်ကိုက ပြောသည်။
ယုဇန ဥယျာဉ်မြို့တော်ဝင်းအတွင်းရှိ ပဲခူးမြစ်လမ်းနှင့် ယုဇနတိုက်ခန်းများအကြား မြေကွက်လပ်နှင့်
စစ်တောင်းအိမ်ရာ အနောက်ဘက် ရှိ မြေကွက်လပ်နှစ်ခုပေါ်တွင် အိမ်ရာစီမံကိန်းများကို
တည်ဆောက် နေခြင်းဖြစ်ပြီး မကြာမီ ယုဇန အိမ်ရာစီမံကိန်း အပိုင်း (၃) ကိုလည်း ဆက်လက်လုပ်
ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း ၎င်းက ပြောသည်။
















