ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်သော ၂၀၁၆ ခုနှစ် ပြည်ထောင်စုအခွန်အကောက်
ဥပဒေသည် သာမန်တိုက်ခန်း ရောင်းဝယ်မှုနှင့် ငှားရမ်းမှုဈေးနှုန်းများကို ပိုမို မြင့်တက်လာစေနိုင်
သည်ဟု အိမ်ခြံမြေဝါရင့် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
အဆိုပါဥပဒေအရ ကျပ်သိန်း ၁,၀၀၀ နှင့်အထက် ရောင်းဝယ်မှုများအတွက် အခွန် ၃၀ ရာခိုင်နှုန်း
ကျသင့်စေရန် သတ်မှတ် လိုက်ရာ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် သည် ကျပ်သိန်း ၁,၀၀၀
အောက်သို့ ဦးတည် လာလျက်ရှိပြီး တိုက်ခန်းအရောင်းအဝယ် နှင့် အငှားဈေးကွက်တွင်
ဈေးနှုန်းမြင့်တက် လာစေသည်ဟု သိရသည်။
"လက်ရှိအခွန်ကိစ္စနဲ့ ပတ်သက်လို့တော့ ပြည်သူတွေကတော့ မအီမလည်နဲ့ တော်တော်ကြီးကို
ခံစားနေရတယ်။ အခြေခံတန်ဖိုးနည်းအရောင်းအဝယ်လေးတွေကိုပါ အခွန်နှုန်းက အရမ်းမြှင့်
တင်လိုက်တော့ အခြေခံလူတန်းစား တွေက တော်တော်လေးကို ဒုက္ခရောက် ရတယ်။ အိမ်ခြံမြေလောကအနေအထားနဲ့ ပြောရရင်တော့ သိန်းသုံးရာ လေးရာဆိုတာက စာရင်းထဲကို
မဝင်သလိုဖြစ်နေတယ်။ သိန်း ၁,၀၀၀ ၀န်းကျင်ဆိုတာကလည်း တကယ်ဝယ်တော့ မယ်ဆိုရင်
ပြောပလောက်တဲ့ တူတူတန်တန် အခန်းကို မရဘူး။ အခုက သိန်း ၁,၀၀၀ နဲ့ အထက်ကို၀ယ်မယ်
ဆိုရင် ၃၀ ရာခိုင်နှုန်းနဲ့ အထက် အခွန်ဆောင်ရမယ်ဆိုတာ ဖြစ်သွားတယ်လေ။ အခုဆိုရင်ပဲ
အခွန်နှုန်းထားက အရင်ကထက်စာရင် ငါးဆလောက်တက်သွား တယ်။ သေချာတာကတော့
အရောင်းအဝယ် အနေအထားတွေ အားလုံးက ကမောက်ကမ တွေဖြစ်ကုန်တာပေါ့"ဟု မဏ္ဍိုင်
အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဦးသန်းဦးက ပြောသည်။
လာမည့် ဧပြီလ ၁ ရက်နေ့ စတင်အသက်ဝင်မည့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏အခွန်
အကောက်ဥပဒေတွင် ၀င်ငွေရလမ်းဖော်ပြ နိုင်ခြင်းမရှိဘဲ အခြေပစ္စည်းတစ်ခုခုအား ၀ယ်
ယူခြင်း၊ တည်ဆောက်ခြင်းများပြုလုပ်ပါက ကျပ်သိန်း ၁,၀၀၀ နှင့်အထက် ရောင်းဝယ်မှု
များအတွက် အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင် ရန် ပြဋ္ဌာန်းထားသည်။ ယခင် ၂၀၁၅ ခုနှစ်
အခွန် အကောက်ဥပဒေတွင် ကျပ်သိန်း ၁,၀၀၀ နှင့် အထက်ရောင်းဝယ်မှုများကို ၂၀ ရာခိုင်နှုန်းသာ
ပေးဆောင်ရန်ပြဋ္ဌာန်းထားခဲ့ပြီး ကျပ် သိန်း ၁,၅၀၀ နှင့် အထက်ကိုသာ အခွန် ၃၀ ရာခိုင်နှုန်းကျသင့်စေရန် ပြဋ္ဌာန်းထားခဲ့ ခြင်းဖြစ်သည်။ အိမ်ခြံမြေရောင်းဝယ်မှုများအပေါ် အခွန်ဈေးနှုန်းများတိုးမြင့်လိုက်ခြင်းသည် ငွေကြေးခဝါချမှုများကို ထိန်းချုပ်သည့် စနစ်တစ်ခုဖြစ်
နိုင်သော်လည်း လက်ရှိတွင် သာမန်အားဖြင့် အခန်းဝယ်ယူလိုသူများနှင့် အငှားနေထိုင်လိုသူ
များအတွက် တိုက်ရိုက်သက်ရောက်လာ စေ နိုင်လျက်ရှိသည်ဟုလည်း ဦးသန်းဦးက ပြောသည်။
"အခွန်နှုန်းထားက ငွေကြေးခဝါချမှုကို ချုပ်ကိုင်ဖို့ လုပ်တယ်ဆိုပေမယ့် တကယ်တမ်းငွေကြေး
ခဝါချတဲ့သူတွေက သိန်း ၁,၀၀၀ လောက်ကို လှည့်ကြည့်တာမဟုတ်ဘူး။ သူတို့ တကယ်လုပ်
တာက သိန်းသောင်းနဲ့ချီတဲ့ အိမ်ရာ တွေနဲ့ ကျောက်မျက်အကြီးစားရောင်းဝယ်မှုတွေမှာလုပ်တာလေ။
ဆိုတော့ ဘာမဟုတ်တဲ့ အဆင့်တွေကိုပါ လှမ်းပြီးချုပ်လိုက်တော့ တကယ်မဖြစ်စလောက်
၀ယ်ယူကြမယ့်သူတွေအတွက် အခက်အခဲဖြစ်ပြီး အရောင်းအဝယ်အေးသွားရတယ်" ဟု
ဦးသန်းဦးက ပြောသည်။ အခွန်အကောက်ဥပဒေ အပြောင်းအလဲ ကြောင့် ရန်ကုန်မြို့၏
အချက်အချာအကျ ဆုံး ခြောက်မြို့နယ်ဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊
လသာ၊ ပုဇွန် တောင်၊ ဗိုလ်တထောင် မြို့နယ်များရှိ အခန်း ဈေးနှုန်းများမှာ အခြားသော မြို့နယ်
များထက် ပိုမိုများပြားကာ ဈေးနှုန်းအမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေနိုင်သည်ဟု အိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။
"မြို့တွင်းခြောက်မြို့နယ်က ကျောင်းနဲ့နီး တယ်။ စီးပွားရေးလုပ်ငန်းနဲ့လည်း နီးတဲ့အတွက်
စီးပွားရေးလုပ်ငန်းတစ်ခုခုရှိတဲ့သူ တွေနဲ့ ကားကျပ်တည်းမှုကို မခံနိုင်တဲ့သူတွေ ကသာ
ဆက်ပြီးငှားရမ်းနေထိုင်ကြတော့တာပေါ့။
အခန်းဈေးတွေက အမြင့်ပိုင်းမှာသာရှိ နေတော့အများစုက ငှားနေကြတဲ့အတွက် အငှားဈေးကွက်က
ပိုများတယ်။ သာမန်စားဝတ် နေရေးအတွက်ကြိုးပမ်းနေရတဲ့သူတစ်ယောက် အတွက်တော့
မြို့ထဲခြောက်မြို့နယ်မှာ အခန်းတစ်ခန်းဝယ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး" ဟု ရွှေတြိဂံအိမ်ခြံမြေဝန်ဆောင်
မှုလုပ်ငန်းမှ ဦးသစ္စာလေးက ပြောသည်။ ရန်ကုန်မြို့၏ အဓိကအချက်အချာကျ သော မြို့နယ်များတွင်
စီးပွားရေးအနေအထား အရ မြို့တွင်းငှားရမ်းနေသူ အရေအတွက် လျော့ကျမသွားသဖြင့်
အခန်းဈေးနှုန်းများမှာ လည်း ကျဆင်းလာခြင်းမရှိဘဲ ဈေးနှုန်းမြင့် တက်နေဆဲဖြစ်ရာ
အထပ်မြင့်အဆောက် အအုံများ တိုးတက်လာမှု များလာသည့် သာကေတ၊ သုဝဏ္ဏ၊
သင်္ဃန်းကျွန်း စသည့် မြို့နယ်များသို့ ပြောင်းရွှေ့နေထိုင်ကြသူလည်း များလာသည်ဟု
ဦးသစ္စာလေးက ပြောသည်။
ဆောက်လုပ်ရေး စီမံကိန်းသစ်များ ပေါများသည့် သာကေတ၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်း စသည့်
မြို့နယ်များ၏ အခန်းဈေးနှုန်းများ သည် မြို့တွင်းခြောက်မြို့နယ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက
တစ်ခန်းစီအလိုက် ကျပ် ၅၀,၀၀၀ ၀န်းကျင်ခန့် ဈေးသက်သာနေသည် ဟု သိရသည်။
ဆောက်
လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီး ဌာနကလည်း အငှားစနစ်ဖြင့်
နေထိုင်နိုင် သည့် အိမ်ရာစီမံကိန်းများကို ဖော်ဆောင်ပေး လျက်ရှိသော်လည်း ရန်ကုန်မြို့၏ များပြား
လာ သည့် လူနေထူထပ်မှုအရ မိသားစုဦးရေနှင့် အခန်းအရေအတွက် လောက်ငမှုမရှိဖြစ်နေရာ
အခန်းငှားရမ်းမှုဈေးနှုန်းများ ကျဆင်းစေရန် တွန်းအားမပေးနိုင်သေးကြောင်း အိမ်ခြံမြေကဏ္ဍ
ကျွမ်းကျင်သူများက ပြောသည်။
"အစိုးရက ငှားနေနိုင်တဲ့ စီမံကိန်းတွေလုပ် နေတယ်ဆိုပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့အနေ
အထားကရှိတဲ့အခန်းအရေအတွက်နဲ့ ငှားရမ်း နေထိုင်သူအရေအတွက်က မမျှတော့ ဈေးကျဖို့က
မဖြစ်နိုင်ဘူး။ အငှားဈေးတောင် မကျမှတော့ အရောင်းဈေး ကျဖို့က ပိုပြီးမဖြစ် နိုင်ဘူး။ အိမ်ရာ
အခန်းတွေကို လူဦးရေနဲ့ မျှတတဲ့အထိ များများစားစားထွက်လာ အောင် မလုပ်နိုင်ဘူးဆိုရင်တော့
အငှားဈေး ဖြစ်ဖြစ်၊ အရောင်းဈေးဖြစ်ဖြစ် ဆက်ပြီး တက်နေဦးမှာပဲ။ ဒါကို ထိန်းချုပ်လို့လည်းရမှာ
မဟုတ်ဘူး "ဟု ဦးသစ္စာလေးက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော
အစိုးရသစ်တက်လာပါက အိမ်ခြံမြေ ကဏ္ဍတွင် အပြောင်းအလဲများ ထပ်မံ ပေါ်ထွက်လာရန်
မျှော်မှန်းလျက်ရှိသကဲ့သို့ အိမ်ခြံမြေဈေးကွက်အပေါ် မူဝါဒများချမှတ် နိုင်ရန်လိုအပ်လျက်ရှိသည်ဟု
ဦးသန်းဦးက ပြောသည်။
"ပြီးခဲ့တဲ့နေ့ကပဲ (ဖေဖော်ဝါရီ ၁၆) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ရန်ကုန် တိုင်းနဲ့ပတ်သက်ပြီး
စီမံကိန်းတွေကို စိစစ်ဖို့ လုပ်မယ်ဆိုတဲ့ အသံလေးတွေထွက်လာတယ်။ ဒီလိုအသံထွက်လာတာက
မြို့တွင်းဘက်ကို တစ်ခုခုပြောင်းလဲစေမှာလားဆိုတာ တွေး စရာရှိတယ်။ မြို့ထဲဘက်မှာရှိနေတဲ့
အိမ်ရာစီမံကိန်း တွေနဲ့ ပတ်သက်လို့ ဘယ်လိုအကျိုးသက် ရောက်မှုတွေရှိမှာလဲ။ အသစ်တွေကို
ထပ်ပြီး ခွင့်ပြုသွားမှာလား၊ အဟောင်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုဆက်လုပ်သွားမှာလဲ၊
ကွန်ဒိုမီနီယံတွေနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ အားပြုပြီးဆောင်ရွက် ပေးသွားမလဲ
စသဖြင့် အများကြီး စောင့်ကြည့်စရာတွေရှိလာတယ်" ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့တွင်းခြောက်မြို့နယ်သည် နေရာလွတ်မြေဧရိယာများမရှိသလောက် နည်းပါးနေပြီဖြစ်ရာ
သာမန်လူနေတိုက်ခန်းများနှင့် ကွန်ဒိုအခန်းများကိုသာ ရောင်းဝယ်၊ ငှားရမ်းသည့် ဈေးကွက်ကို
သာ ဖြစ်ပေါ်နေစေ လျက်ရှိသည်ဟု အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
ကျောက်တံတားမြို့နယ် တွင်ဆိုပါက ၁၂ ပေခွဲ၊ ပေ ၄၀ အကျယ်အဝန်း ရှိ အထပ်အမြင့်
ခုနှစ်လွှာနှင့် ရှစ်လွှာကဲ့သို့ အခန်းသည်ပင်လျှင် ရောင်းဈေးအားဖြင့်ကျပ် သိန်း ၃၇၀ နှင့်အထက်
ဈေးပေါက်နေကာ အငှားဈေးနှုန်းအားဖြင့် ကျပ်နှစ်သိန်း နှစ်သောင်းအထိ ဈေးပေါက်လာလျက်ရှိပြီး၊
နှစ်စဉ် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနေ လျက်ရှိသည်ဟုလည်း ၎င်းတို့က ပြောသည်။
"ဈေးနှုန်းအားဖြင့်တော့ တစ်ခန်းချင်းစီအလိုက် သူ့ဈေးနဲ့သူ ဖြစ်နေမှာပဲ။ တစ်ခုနဲ့ တစ်ခု မတူနိုင်ဘူး။
အခန်းအကျယ်၊ လမ်းအကျယ်၊ လမ်းတည်နေရာအနေအထား၊ အခန်းပြင် ဆင်ထားမှု၊ တိုက်ခန်းနဲ့
ကွန်ဒိုစတာတွေကို လိုက်ပြီး တစ်ခုနဲ့ တစ်ခုတော့ ဈေးနှုန်းက မတူနိုင်ဘူး။ နေရာချင်းတူရင်တောင်
ကွန်ဒိုနဲ့ သာမန်အခန်းက ဈေးမတူနိုင်ဘူး။ မြန်မာ နိုင်ငံရဲ့ ဈေးကွက်အားနည်းချက်တစ်ခုက ကာလတစ်ခုရဲ့ ပေါက်ဈေးလို့ကို ပြောလို့ တောင်မရဘဲ လမ်းအနေအထားနဲ့ အခန်း အပြင်အဆင်တွေ
အရ ကြိုက်တယ်ဆိုရင် ကြိုက်သလို ရောင်းသူဝယ်သူအဆင်ပြေတဲ့ ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ
တာများတယ်" ဟု ဦးသစ္စာလေးက ပြောသည်။
မြို့ထဲခြောက်မြို့နယ်တွင်လည်း လသာ မြို့နယ်သည် အခန်းအရောင်းအဝယ်ဈေးနှုန်း နှင့်
အငှားဈေးနှုန်းအမြင့်ဆုံးဖြစ်ကာ ဒုတိယ ဈေးအများဆုံးမြို့နယ်မှာ လမ်းမတော်ကရှိနေသည်
ဟုလည်း အကျိုးဆောင်များက ပြောသည်။
လသာမြို့နယ်၏ အခန်းဈေးနှုန်းများ သည် သာမန်လမ်းအနေအထားအရ ၁၂ ပေခွဲ၊ ပေ ၄၀
အကျယ်အဝန်းရှိ အထပ်အမြင့် ခုနစ်လွှာ၊ ရှစ်လွှာရှိ အခန်းများ၏ အနိမ့်ဆုံးရောင်းဈေးနှုန်းမှာ
ကျပ်သိန်း ၃၉၀ မှ ၄၀၀ အထိ ခန့်မှန်းပေါက်ဈေးရှိနေသည်ဟုပြော သည်။ ကွန်ဒိုတိုက်ခန်းများတွင်
အိုလံပစ်တာဝါ၊ ပန်းဆိုးတန်းအလယ်ရှိ Business တာဝါ၊ ၃၉လမ်းနဲ့ လမ်း ၄၀ ကြားရှိ Central
တာဝါ များမှ အခန်းတစ်ခန်းရောင်းဈေးသည် အနိမ့် ဆုံး ကျပ်သိန်း ၃,၀၀၀ နှင့်အထက်ရှိနေပြီး
ကားပါကင်ပါရှိမှုနှင့် အခန်းအပြင်အဆင် အလိုက် ဈေးနှုန်းပိုမိုမြင့်မားနေကြောင်း သိရသည်။
















