ရန်ကုန်တစ်ဖက်ကမ်းရှိ ဒလမြို့နယ်တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များက မြစ်ကူးတံတားတည်ဆောက်
မည်ဆိုသောကြောင့် အိမ်ခြံမြေဈေးကွက် ကောင်းခဲ့ပြီး ပြောစမှတ်တွင် လောက်သည့် အရောင်း
အဝယ်များဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ရန်ကုန် - ဒလ မြစ်ကူးတံတားစီမံကိန်း အမှန်
တကယ်ပေါ်ထွက်လာခဲ့သော်လည်း ဒလအိမ်ခြံမြေ ဈေးကွက်အတွင်း ထူးထူးခြားခြား လှုပ်
ခတ်မှုမရှိတော့ပေ။
လွန်ခဲ့သည့် သုံးနှစ်ခန့်က တံတားစီမံကိန်း ရပ်သွားသည်အထိ မြေတစ်ဧကလျှင် ကျပ်သိန်း
၁,၀၀၀ ကျော်နှင့် လူနေရပ်ကွက်များအတွင်း ကျပ်သိန်း ၂,၀၀၀ နီးပါးထိ မြင့်တက်ခဲ့သည့်
ဒလအိမ်ခြံမြေ ဈေးကွက်သည် ယခုမြစ်ကူးတံတား အမှန်တကယ်တွင် တည်ဆောက်ဖြစ်တော့
မည်ဆိုသည့် အချိန်၌ မြေဈေးနှုန်းမှာ အမြင့်ဆုံး ကျပ်သိန်း ၆၀၀ ကျော်သာရှိပြီး အရောင်းအဝ
ယ်လည်း သိပ်မဖြစ်ကြောင်း ဒေသခံအိမ်ခြံမြေပွဲစားများက ပြောသည်။ "အခု ဒလမှာ မြေလာ
၀ယ်တဲ့သူရှိရင် အရောင်းအဝယ်ကသိပ်မဖြစ်ဘူး။ ဈေးတွေက လည်း ပုံမှန်ဈေးတွေပဲရှိတော့တယ်။
ပေ ၄၀၊ ပေ ၆၀ အကွက်ကြီးတွေတောင် သိန်း ၆၀၀ ကျော်လောက်နဲ့ပဲ အရောင်းအဝယ်ဖြစ်တော့
တယ်။ အခုတံတားစီမံကိန်းလုပ်မယ်ဆိုတာ သေချာသွားတဲ့ အချိန်မှာတော့ အရင်လို ဈေးကခုန်
မတက်တဲ့အပြင် အရောင်းအဝယ် လည်း မလိုက်ဘူး" ဟု ဒလမြို့ခံအိမ်ခြံမြေပွဲစားဦးလှချစ်က
ပြောသည်။
ယခင်က ရန်ကုန်မြို့နှင့် ဒလမြို့နှစ်မြို့ကို မြစ်ကူးတံတား တည်ဆောက်မည်ဟု ထွက်ပေါ်လာသည့်
သတင်းများကြောင့် ရန်ကုန် မြစ်တစ်ဖက်ကမ်းသို့ကူးကာ မြို့ပြဖွံ့ဖြိုး တိုးတက်မှု အားနည်းသည့်
ဒလမြို့လေးတွင် နေ့စဉ် မြေဝယ်ယူရန် လာရောက်သူများဖြင့် ပြည့်နှက်ခဲ့သော်လည်း လက်ရှိ
အခြေအနေနှင့် ကွာခြားကြောင်း ဒေသခံများက ပြောသည်။ "အဝယ်တွေက ပထမအခေါက်
တံတားစီမံကိန်းတုန်းကလို အုန်းအုန်းကျွက်ကျွက်မလာဘူး။ အရင်တုန်းက ၀ယ်ထားတဲ့သူတွေ
တော့ ပြန်လာကြတယ်။ သူတို့ ပြန်ရောင်းချင် ကြလို့ထင်တယ်။ ဒါပေမဲ့ စုံစမ်းတာလောက်ပဲ
ရှိတယ်။ တကယ်ဝယ်တဲ့သူက သိပ်မရှိဘူး။ အခုပေါက်ဈေးတွေကလည်း ပထမအခေါက်တံတား
စီမံကိန်းပျက်သွားပြီးကတည်းက ငြိမ်နေတဲ့ဈေးတွေကနေ အခုချိန်ထိ ပြန်တက်မလာဘူး" ဟု
ဦးလှချစ်က ပြောသည်။
ဒလမြို့၏ လတ်တလော မြေဈေးနှုန်းများ သည် ပေ ၂၅၊ ပေ ၅၀ တစ်ကွက်လျှင် ကျပ် သိန်း ၅၀၀
၀န်းကျင်၊ ပေ ၄၀၊ ပေ၆၀ တစ်ကွက် လျှင် ကျပ်သိန်း ၆၀၀ ၀န်းကျင်နှင့် မြစ်နှင့် ဝေးသည့် မြို့တွင်း
ပိုင်းလမ်းမဘေးများရှိ ပေ ၅၀ ပတ်လည် မြေကွက်ကျယ်ကြီးများသည် ပင်လျှင်ကျပ် သိန်း ရ၀၀ မှ
၁,၀၀၀ ၀န်းကျင် ခန့်သာရှိသည်ဟု ဒလဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
ထို့ပြင် ယခင်က တံတားစီမံကိန်း ပထမ အကြိမ် ရပ်နားသွားပြီးနောက် အမြင့်ဆုံး ဈေးဖြင့်
ကျန်ရှိခဲ့သည့် လယ်မြေများကို စီမံကိန်းရပ်သော်လည်း ဆက်လက်ဝယ်ယူခဲ့ သူများ၏
လက်ထဲတွင် လယ်မြေဈေးမှာ သိန်း ရာဂဏန်း ၀န်းကျင်သာရှိတော့သည့် အပြင် ၀ယ်ယူ
သူလည်း နည်းပါးသွားကြောင်း ဦးလှချစ်က ပြောသည်။
"အဲဒီလယ်မြေတွေဝယ်ထားတဲ့သူတွေက ဒီအချိန်မှာ ပိုက်မိထားတာပေါ့နော်။ သူတို့ ပြန်
ထုတ်တော့လည်း အရင်ဈေးကို ပြန်မလိုက် တော့ဘူး။ အရင်ဈေးကိုကျတော့လည်း ၀ယ်
တဲ့သူက မပေးဘူး။ အတွင်းကျတဲ့ နေရာတွေဆို တစ်ဧကကို သိန်း ၁၅၀ လောက်ပဲ
ပေးတော့တယ်။ ဒါပေမဲ့ ၂၀၁၂ လောက်က စီမံကိန်းစစချင်းမှာ ၀ယ်တဲ့သူတွေကတော့
ပြန်ရောင်းရင် မြတ်တယ်" ဟု ၎င်းက ပြောသည်။
ကနဦး မြစ်ကူးတံတားစီမံကိန်းသည် ဒလမြို့၏အိမ်ခြံမြေဈေးကွက်ကို ပြောင်းလဲမှု
များစွာဖြစ်ပေါ်စေခဲ့သော်လည်း ယခုနှစ် မြစ်ကူးတံတားတည်ဆောက်မည်ဖြစ်သည့်
အတွက် စီမံကိန်းနယ်မြေအတွင်းပါ၀င်သည့် ဒေသခံများကို နစ်နာကြေးပေးသည့်အချိန်
တိုင်အောင် ဒလအိမ်ခြံမြေဈေးကွက်မှာ လှုပ်ခတ်ခြင်း မရှိသေးပေ။ ဒေသခံများကလည်း
မြစ်ကူးတံတား တည်ဆောက်မှုကြောင့် ဒေသဖွံ့ဖြိုးမှုကို များစွာ မျှော်လင့် လိုလားလျက်ရှိသော်
လည်း ယခု အချိန်ထိ ဒလမြို့တွင် စီးပွားရေးလုပ်ငန်းဆိုင် ရာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ခြင်းမှာ
မရှိ သလောက်နည်းပါးသေးကြောင်း ဒေသခံများ က ပြောသည်။ ယခင်က ရန်ကုန်မြို့တွင်
စီမံကိန်းရှိသည့် နေရာများသည် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားခံရသည့်နေရာ
များဖြစ်ပြီး အိမ်ခြံမြေအရောင်းအဝယ်ဈေးနှုန်းများလည်း အလွန်ကောင်းသည့် နေရာများဖြစ်ကြ
သည်။ သို့သော် ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှ စ၍ အိမ်ခြံမြေဈေးကွက် ငြိမ်သက်သွားသော ရန်ကုန်မြို့သည်
ယင်းကဲ့သို့ စီမံကိန်းများပြုလုပ်ရန် လျာထားသည့် မြို့နယ်များ၌ပင် အရောင်းအဝယ်များအေးစက်ကာ
ရင်းနှီးမြှုပ်နှံမှု လျော့နည်းလာသည့် အခြေအနေတွင် ဒလ မြို့နယ်၏ အိမ်ခြံမြေဈေးကွက်လည်း
ပါ၀င်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် များက ပြောသည်။
"အခုလို ဒလမြို့နယ်ရဲ့ အိမ်ခြံမြေဈေးကွက်ဘာလို့ ဖြစ်ရတာလဲဆိုတော့ ပထမအချက်က
မြန်မာငွေမာလာပြီး ငွေရှား လာတာရယ်။ နောက်တစ်ခုက နိုင်ငံရေးအပြောင်းအလဲကို
စောင့်ကြည့်ရင်းနဲ့ အိမ်ခြံ မြေဈေးကွက်က အေးလာတာရယ်။ နောက် တစ်ချက်က ဒလက
တစ်ချိန်က ဈေးအရမ်း တက်သွားတော့ အခုချိန်မှာ ဈေးကို အများကြီး ချပြီး မရောင်းကြတော့
ဘူး။ အဲဒါတွေကြောင့်ပဲ ဒလမှာ သွားဝယ်ဖို့ တန့်နေကြတယ်လို့ ထင်ပါတယ်" ဟု
စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း အမှူဆောင်အရာရှိချုပ် ဦးစိုင်းခွန်နောင်က
ပြောသည်။
သို့သော် ဒလမြို့နယ်သည် မြစ်ကူးတံတား တည်ဆောက်ပြီးစီးသည့်နောက်ပိုင်းတွင် ဖွံ့ဖြိုး
တိုးတက်မှုများကြောင့် အိမ်ခြံမြေဈေးကွက် ကောင်းလာမည့် အနေအထား ရှိလာနိုင်ကြောင်း
၎င်းက ပြောသည်။
"ခုနပြောတဲ့ သုံးချက်ကြောင့် ဒလရဲ့ မြေအရောင်းအဝယ်က နည်းနေတာပေါ့။ ဒါပေမဲ့ မြေဈေးနှုန်းကို မချဘဲနဲ့ ဈေးထပ်တက်ပြီးရောင်းရင် တော့ ဈေးကွက်ပြန်တက်လာဖို့က တော်တော် အားယူရပါမယ်။
ဒါပေမဲ့ ဒလမြို့နယ်က ရင်းနှီးမြှုပ်နှံလို့ကောင်းတဲ့ နေရာတစ်နေရာ ဖြစ်လာမှာပါ"ဟု
အိမ်ခြံမြေအကျိုးဆောင် ဦးစိုင်းခွန်နောင်က ပြောသည်။















