ရန်ကုန်မြို့တွင် အင်္ဂလိပ်ခေတ် မိလ္လာစနစ်ကို အသုံးပြုနေရဆဲဖြစ်

ရန်ကုန်မြို့တွင် အင်္ဂလိပ်ခေတ် မိလ္လာစနစ်ကို အသုံးပြုနေရဆဲဖြစ်

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် ရေဆိုးမြောင်းနှင့် အညစ်အကြေးစွန့်ပစ်ခြင်း
များကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက် နေသော်လည်း အင်္ဂလိပ်အစိုးရလက်ထက်
၁၈၈၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် မြေအောက်မိလ္လာစနစ်ကို အားထားအသုံးပြု
နေရဆဲဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

နှစ်ပေါင်း ၁၂၈ သက်တမ်းရှိပြီဖြစ်သည့် အင်္ဂလိပ်ခေတ် မိလ္လာစနစ်ကို စဉ်ဆက်မပြတ် ပြုပြင်
ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ကာ အသုံးပြုနေရဆဲဖြစ်သည်ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးခင်မောင်တင့်က ပြောသည်။
"လူတွေက သတိမထားမိပေမယ့် ဒီစနစ် ကြီးကို အမြဲတမ်း ပြုပြင်ထိန်းသိမ်းတာတွေ လုပ်
နေရပါတယ်။ ဒီစနစ်ကြီးသာ တစ်နေရာမှာ ပိတ်ဆို့ ရပ်တန့်သွားခဲ့ရင် ရန်ကုန်မြို့ကြီး၊ အထူးသဖြင့် မြို့တွင်းခြောက်မြို့နယ်မှာ ပြဿနာဖြစ်လာနိုင်တယ်။ နှစ်ပေါင်းများစွာ ကြာပေမယ့်လည်း ဒီစနစ်ကြီးက
အသုံးချလို့ ရပါသေးတယ်။ အင်မတန်ကောင်းပြီး စနစ် တကျလုပ်ထားတဲ့ စနစ်ကြီးဖြစ်တယ်"ဟု
၎င်းက ပြောသည်။ လူဦးရေ သုံးသိန်းခွဲကျော်အတွက် ၀န်ဆောင်မှု ပေးနေရဆဲဖြစ်သည့်
သက်တမ်းရင့် ရန်ကုန် မြေအောက်မိလ္လာပိုက်လိုင်းစနစ်ကို ပုံမှန်လည်ပတ်နိုင်ရေးအတွက်
၀န်ထမ်းအင်အား ရ၀ ၀န်းကျင်ဖြင့် လုပ်ကိုင်လျက်ရှိသည်။ ရန်ကုန် မြို့၏ အထင်ကရ လမ်းမကြီး
ဖြစ်သည့် အနော် ရထာလမ်းမကြီး၏ မြေအောက်အနက် ပေ ၃၀ ခန့်တွင် ၃၆ လက်မ အကျယ်၊
နှစ်လက်မခွဲ အထူရှိသည့် အကြမ်းခံ (Cast iron) သံကျွတ်ပိုက် ကြီးများဖြင့်လည်းကောင်း၊
ကမ်းနားလမ်းနှင့် ကုန်သည်လမ်းတစ်လျှောက် မြေအောက်အနက် ၂၅ ပေခန့်တွင် ၂၄ လက်မ
အထူရှိ သံပိုက်ကြီး များကို ထည့်သွင်းမြှုပ်နှံတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လူနေအိမ်များက ထွက်ရှိ
လာသည့် အညစ်အကြေးများကို အဆိုပါပိုက်လိုင်းကြီး များမှတစ်ဆင့် မြေအောက်မိလ္လာအိုးကြီးများ
တွင် စုစည်းစေလျက် မိလ္လာတွန်းစက်ကြီးများ ဖြင့် တွန်းထုတ်ပေးသည့် စနစ်ဖြစ်သည်။ အင်္ဂလိပ်
အစိုးရလက်ထက်တွင် ရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင်အနေအထားအရ အဆိုပါမိလ္လာစနစ်ကို
တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်မြို့လယ်ရှိ လူနေတိုက်ခန်းများ၏ နောက်ဖေးလမ်းကြားပေါင်း
၃၁၃ ခုမှ စီးထွက် လာသည့် မိလ္လာအညစ်အကြေးများကို မြေ အောက်မိလ္လာအိုးများတွင်
စုစည်းစေပြီးမှ လေအားဖြင့် မိလ္လာတွန်းစက်များကို လည်ပတ်စေကာ မိလ္လာပိုက်လိုင်းကြီးနှစ်ခု
အတွင်းသို့ စနစ်တကျ စီးဝင်စေသည့်စနစ် ဖြစ်သည်။

အင်္ဂလိပ်အစိုးရ လက်ထက်တွင် မြို့တွင်းခြောက်မြို့နယ်ဖြစ်သည့် လမ်းမတော်၊ လသာ၊
ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်များတွင် နေထိုင်သည့်
လူဦးရေလေးသောင်းအတွက်ကိုသာ ဒီဇိုင်းတွက်ချက်၍ ပုံစံထုတ် တည်ဆောက်ထားခြင်း
ဖြစ်ရာ လက်ရှိတွင် ရန်ကုန်မြို့တွင်းခြောက် မြို့နယ်တွင် နေထိုင်သူ သုံးသိန်းခွဲကျော်ရှိလာသည့်
အတွက် အဆိုပါမိလ္လာစနစ်ကို မဖြစ် မနေ ပြန်လည်အဆင့်မြှင့်တင်ရန် လိုအပ်လာသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ
ဒုတိယဌာနမှှူးး ဦးသိန်းမင်းက ပြောသည်။ "လက်ရှိအနေအထားအရ ဒီစနစ်က အဆင်ပြေနေပေမယ့်
လူဦးရေတွေက တိုးလာ တဲ့အပြင် အထပ်မြင့်တွေကလည်း အများကြီး ရှိလာတယ်။ ဒါကြောင့်
ဒီစနစ်ကို အဆင့်မြှင့် ဖို့ စီမံချက်တွေရေးဆွဲထားပါတယ်။ အရင်က လူနှစ်သိန်းလေးသောင်းအတွက်
မိလ္လာ တွန်းစက် ၂၂ လုံးပဲရှိတာကနေ အခု အလုံး ၄၀ ဖြစ်အောင်လုပ်ထားပေမယ့် ငါးလုံးက ပျက်
နေတာတွေ၊ ပိတ်နေတာကြောင့် တကယ်လည်ပတ်နိုင်တာ ၃၅ လုံးပဲရှိတယ်။ စနစ်က သုံးလို့ရပေ
မယ့် အထပ်မြင့်တွေ အများကြီး ဖြစ်လာတော့ တစ်နည်းနည်းနဲ့တော့ ပြန်လည် ထိန်းသိမ်းဖို့ လုပ်
ရမှာပါ " ဟု ၎င်းက ပြော သည်။ လမ်းမတော် မြို့နယ်မှ စတင်ကာ ဗိုလ်တ ထောင်မြို့နယ် သန်လျက်
စွန်း ရေဆိုးသန့်စင်စက်ရုံအထိ အရှည် ၁၀ ကီလိုမီတာဝန်းကျင်ရှိ သော မြေအောက် ပိုက်လိုင်းကြီးနှစ်
ခုဖြင့် စွန့်ပစ်အညစ်အကြေးများကို မိလ္လာတွန်းစက် ၃၅ လုံးကို အသုံးပြု၍ ရန်ကုန်မြစ်ထဲသို့ တိုက်
ရိုက်စွန့်ပစ်သည့်စနစ်ကို အင်္ဂလိပ်အစိုးရ လက်ထက်မှစတင်ကာ ၂၀၀၃ ခုနှစ်အထိ ကျင့် သုံးခဲ့သည်။
ရန်ကုန်မြစ်ထဲသို့ အညစ်အကြေးများ တိုက်ရိုက်စွန့်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ
ဖြစ်ပေါ်လာနိုင်သဖြင့် ၂၀၀၃ ခုနှစ်တွင် ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်း ရှိ မြေဧက ၅ ဒသမ
၅၆ အကျယ်အဝန်းရှိ နေရာတွင် ရေဆိုးသန့်စင်စက်ရုံတစ်ခုကို တည်ဆောက်ခဲ့သည်။

သန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံကို တွေ့ရစဉ် ။နိုင်ဝင်းထွန်း / မြန်မာတိုင်း(မ်)

အဆိုပါစက်ရုံသည် ရေဆိုးဂါလန် ၃ ဒသမ ၂၅ သန်းကို ပြန်လည်သန့်စင်ပေးနိုင်ပြီး၊ ၂၀၀၅
ခုနှစ်တွင် ၎င်းစက်ရုံ ကို စတင်လည်ပတ်နိုင်ခဲ့သည့်အတွက် ရန်ကုန် မြစ်ထဲသို့ မိလ္လာများတိုက်ရိုက်စွန့်ခြင်းအစား ပြန်လည်သန့်စင်ပြီးမှသာ စွန့်ထုတ်သည့်စနစ်ကို ပြောင်းလဲ
ကျင့်သုံးခဲ့သည်။ အင်္ဂလိပ်ခေတ်ကတည်းက တည်ရှိခဲ့သည့် အဆိုပါမိလ္လာပိုက်လိုင်းကြီးနှစ်ခုမှ
နေ့စဉ်မိလ္လာ နှင့် ရေဆိုးဂါလန်ပေါင်း တစ်သိန်းကျော်ကို သန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံသို့
ပို့ဆောင် ပေးလျက်ရှိသည်။ "ပိုက်လိုင်းကြီး နှစ်ခုကလာ တဲ့ မိလ္လာရေဆိုးတွေ၊ တခြားမြို့နယ်တွေက
လာတဲ့ကားတွေပေါင်းရင် တစ်နေ့ကို ဂါလန် ခြောက်သိန်းလောက်အထိ ဒီစက်ရုံထဲကို ၀င်လာပါ
တယ်။ ကျွန်မတို့က စက်ယန္တရား တွေ၊ လှောင်ကန်တွေအကူအညီနဲ့ ပြန်လည်သန့်စင်ပြီးမှ အရည်ကို
မြစ်ထဲကို ပြန်စွန့်ထုတ် လိုက်တာပါ၊ အခြောက်ခံ ဆေးဝါးတွေနဲ့ ပြုပြင် လိုက်တော့ မြေဆွေးဖြစ်
သွားတဲ့ အခြောက်ဖတ် တွေကိုတော့ ပန်းခြံတွေမှာ မြေဆီအဖြစ် ပြန်သုံးပါတယ်" ဟု သန်လျက်စွန်း
ရေဆိုးသန့်စင် စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်က လူနေတိုက်ခန်းများက စွန့်ပစ် သည့် မိလ္လာများအပြင် ရေဆိုးများကိုလည်း
အဆိုပါမြေအောက်မိလ္လာပိုက်များအတွင်းသို့ ထည့်သွင်းစွန့်ပစ်ခဲ့သော်လည်း ၁၉၆၂
ခုနှစ် တွင် လူနေအိမ်များမှ စွန့်ထုတ်သည့် ရေဆိုး များကို စွန့်ပစ်ရန် ရေနုတ်မြောင်းစနစ်ကို
ပြောင်းလဲကျင့်သုံးခဲ့သည်။

ထိုသို့ ရေဆိုး နှင့် အညစ်အကြေးကို ခွဲခြားစွန့်ပစ်ခဲ့ခြင်း ကြောင့် လူဦးရေလေးသောင်းအတွက်သာ
အသုံးပြုရန် တည်ဆောက်ထားခဲ့သည့် အင်္ဂလိပ် ခေတ် မြေအောက်မိလ္လာကြီးများသည် ယနေ့
ခေတ်တွင် လူဦးရေ သုံးသိန်းခွဲကျော်အတွက် ကောင်းမွန်စွာ ဆက်လက်အသုံးပြုနေခြင်းဖြစ်
သည်ဟုလည်း တာဝန်ရှိသူများက ပြောသည်။ ရှည်လျားသည့် ပိုက်လိုင်းကြီးများ၊ လေအားသုံး
မိလ္လာတွန်းစက်ကြီးများ၊ မြေအောက် မိလ္လာအိုးကြီးများဖြင့် စွန့်ထုတ်သည့်စနစ်မှာ ကုန်ကျ
စရိတ်များပြားသည့်အပြင် လုပ်ငန်းပိုင်း ဆိုင်ရာ လည်ပတ်စနစ်ရှုပ်ထွေးသည့်အတွက် လက်ရှိတွင်
ပါကစ္စတန်နိုင်ငံမြို့ တော် ကရာချိ၊ အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုနှင့် ရန်ကုန်မြို့များတွင်သာ လက်ရှိ
အသုံးပြုနေဆဲဖြစ်ပြီး အကုန်အကျများပြားသည့်အတွက် ယနေ့ခေတ်တွင် ယင်းစနစ်ကို
တည်ဆောက် ရန် ဖြစ်နိုင်ခြေ မရှိတော့ကြောင်းလည်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်
မတီ၊ အင်ဂျင် နီယာဌာနမှ အရာရှိတစ်ဦးက ပြောသည်။

"အင်္ဂလိပ်အစိုးရက ဘယ်လိုရည်ရွယ်ချက် တွေနဲ့ အခုလို စနစ်တကျ လုပ်သွားတယ်ဆိုတာ
မသိနိုင်ပေမယ့် တခြားမြို့တွေမှာ အခုလို စနစ်တကျ လုပ်မယ်ဆိုရင် ဒေါ်လာဘီလျံနဲ့ချီ ကုန်နိုင်တယ်။
ဘယ်သူမှလည်း မလုပ်နိုင် တော့ဘူး။ ကရာချိ၊ ကိုင်ရို၊ ရန်ကုန်မှာပဲ ဒီစနစ် ကျန်တော့တယ်လို့
သိရတယ်။ ကျွန်တော် သိသလောက်ကတော့ နိုင်ငံတကာမှာ ပိုက် လိုင်းစနစ်တွေ သုံးကြပေမယ့်
အခုလို ပိုက်အရှည်ကြီးတွေ မသုံးတော့ဘဲ မြို့နယ်တစ်ခု လောက်မှာတင် သီးသန့် Treatment
plants (ရေဆိုးသန့်စင်စက်ရုံ)လေးတွေ အများကြီး လုပ်ပြီး သုံးကြတော့တယ်။ ၁၉၆၂ ခုနှစ်က စပြီး ရေဆိုးတွေကို မြေပေါ်မြောင်းစနစ်တွေ ပြောင်းလိုက်လို့ အခုထက်ထိ ဒီစနစ်ကသုံး
နေနိုင်တာ ဖြစ်တယ် " ဟု ၎င်းက ပြောသည်။ ရန်ကုန်မြေအောက် မိလ္လာစနစ်တွင်
လိုအပ်လျက်ရှိသည့် စက်ယန္တရားများကို လည်း လွန်ခဲ့သည့်တစ်နှစ်ဝန်းကျင်မှ စတင်
ကာ ဂျပန်နိုင်ငံ အိုဆာကာကော်ပိုရှင်းမှ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီသို့
မြန်မာငွေကျပ်သိန်းတစ်ထောင်ဝန်းကျင်ခန့် တန်ဖိုးရှိ စက်နှစ်လုံးထောက်ပံ့ပေးခဲ့သည်။

မြို့တွင်းခြောက်မြို့နယ်နည်းတူ မြေအောက် ပိုက်လိုင်း မိလ္လာစနစ်ထည့်သွင်းတည်ဆောက်နိုင်ခြင်း
မရှိသည့် မြို့နယ်များတွင် လည်း လက်ရှိသုံးစွဲနေသည့် ကျင်းအိမ်သာ စနစ်အစား ရေရှည်တွင် ပိုက်လိုင်းစနစ်များ ပြောင်းလဲအသုံးပြုပြီး ရေဆိုးသန့်စင်စက်ရုံ ငယ်များကိုလည်း မြို့နယ်အလိုက်
တည်ဆောက် သွားရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ၂၀၄၀
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံချက်တွင် ထည့်သွင်း ရေးဆွဲထားသည်။ အဆိုပါစီမံချက်အရ
ရန်ကုန်မြို့၏ ဇုန်ပေါင်းရှစ်ဇုန်တွင် ပိုက်လိုင်း စနစ်ဖြင့် ရေဆိုးသန့်စင်စက်ရုံငယ်များ
တည်ဆောက်ရန် ပြည်ပအကူအညီများစွာ လိုအပ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော်စည်
ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်