အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း ကော့မှူးမြို့နယ်တွင် လမ်းမတန်းရှိ မြေကွက် ဈေးနှုန်းများမှာ
တစ်နှစ်အတွင်း တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းကျော်သာရှိခဲ့သော်လည်း လက်ရှိတွင်
တစ်ဧကပေါက်ဈေး သိန်း ၃၀၀ ကျော်အထိရှိနေသည်ဟု ကော့မှူးမြို့ခံများက ပြောသည်။
"ကော့မှူးမြို့နယ်မှာ မြေဈေးတွေက နေ့စဉ် နဲ့အမျှကို ဈေးတက်နေပါတယ်။ လမ်းမတန်းတွေမှာ
မြေတစ်ဧကကို ပြီးခဲ့တဲ့နှစ်က ၁၀ ကျော်ခန့်ပဲ ဈေးရှိသေးပေမဲ့ အခုဆို သိန်း ၃၅၀ ကျော်နဲ့
အရောင်းအဝယ်ဖြစ်နေပါ တယ်"ဟု ကော့မှူးမြို့ခံ ဦးကျော်လွင် အောင်က ပြောသည်။ ရန်ကုန်မြို့တွင်
အိမ်ခြံမြေအရောင်း အဝယ်ဈေးကွက် အေးနေသော်လည်း ကော့မှူး မြို့နယ်တွင် မြေဈေးနှုန်းမှာ
အတက်ဘက်သို့ သာ ဦးတည်နေပြီး နေ့စဉ်နီးပါး မြေကွက်အရောင်းအဝယ်ဖြစ်နေသည်ဟု သိရ
သည်။ "ကော့မှူးမြို့နယ် လမ်းမတန်းပေါ်မှာ ၀ယ်ရောင်းလုပ်သူတစ်ယောက်က ဖေဖော်ဝါရီ လဆန်းက တစ်ဧကကျယ်တဲ့ မြေကွက်တစ်ကွက် ကို သိန်း ၃၀၀ နဲ့ ၀ယ်ပြီး လကုန်မှာ ပြန်ရောင်းတာ
သိန်း ၅၀၀ တောင် ဈေးရတယ်။ ဒီမြို့နယ် က မြေကွက်တွေကို ၀ယ်ရောင်းသမားတွေ စိတ်ဝင်
စားလာကြပြီး အဝယ်လိုက်လာကြတော့ တစ်နှစ်အတွင်းမှာကို မြေဈေး သိသိသာသာ တက်
လာတယ်" ဟု ကော့မှူးမြို့မှ အိမ် ခြံမြေအကျိုးဆောင် ဦးမြင့်လွင်က ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း ကော့မှူးမြို့နယ်နှင့် အခြားမြို့နယ်များ ဆက်စပ်အမြန်ကားလမ်းမများ
ဖောက်လုပ်ခဲ့ရာ လမ်းပန်းဆက်သွယ်ရေး သိသိသာသာကောင်းမွန်လာသည့်နည်းတူ
အိမ်ခြံမြေဝယ်ရောင်းလုပ်သူများ ပိုမိုစိတ်ဝင် စားခဲ့သည်ဟု သိရသည်။ "ကော့မှူးမြို့နယ်ရဲ့
အဓိကလမ်းမကြီးတွေကို ကွန်ကရစ်လမ်းတွေဖောက်လုပ်ပြီးချိန်မှာ ရင်းနှီးမြှုပ်နှံဖို့ မြေကွက်
လာရောက်ဝယ်ယူသူတွေ များလာ ကြတယ်။ မနှစ်တုန်းက ကော့မှူးမြို့နဲ့ ဆက်စပ် နေတဲ့
မြို့နယ်တွေနဲ့ လမ်းသစ်တွေဖောက်ခဲ့တော့ လမ်းပန်းဆက်သွယ်ရေးက သိသိသာသာ
ကောင်းလာပါတယ်။ ကော့မှူးနဲ့ တွံတေး ကို လမ်းသစ်ကသွားရင် နာရီဝက်လောက်ပဲကြာတယ်။
တွံတေးကနေ လှိုင်သာယာကို ၁၅ မိနစ်လောက်နဲ့သွားနိုင်တော့ ပိုနီးသွားတာပေါ့"ဟု ဦးမြင့်လွင်က
ပြောသည်။ ရန်ကုန်၏ အနောက်တောင်ဘက်စွန်းတွင် ရှိသော ကော့မှူးမြို့နယ်သည် ရန်ကုန်နှင့်
ပဲခူး နယ်စပ်ရှိ အခြားမြို့နယ်များကဲ့သို့ပင် လမ်းပန်း ဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာသည်ဟု
ကော့မှူးမြို့ခံများက ပြောသည်။ "ကော့မှူးမြို့နယ်က အရင်က လမ်းပန်းဆက် သွယ်ရေး တော်တော်
ဆိုးရွားတယ်။ မြို့နယ်ထဲ မှာလည်း မြေနီလမ်းတွေပဲ ခင်းထားတာဆို တော့ မိုးရွာရင် ရွာထဲက
ထွက်ဖို့ကို တော်တော် အချိန်ယူရတယ်။ အခုတော့ မြို့ထဲမှာ လမ်းမတန်း တွေကို ကွန်ကရစ်လမ်းတွေ
စတင်ဖောက် လုပ်နေပါပြီ။ တချို့ရွာတွေထဲမှာလည်း အဓိက လမ်းမတွေကို လမ်းတွေခင်းပေးနေပါ
တယ်။ ရွာနီစပ်ရွာတွေနဲ့လည်း လမ်းပန်းဆက်သွယ် ရေးကောင်းမွန်လာပါပြီ"ဟု မြို့ခံတစ်ဦး ဖြစ်သူ
ဦးကျော်လွင်အောင်က ပြောသည်။
ကော့မှူးမြို့နယ်တွင် လမ်းမတန်းမြေကွက် များသာ အဆမတန်ဈေးမြင့်တက်နေသော်လည်း
ကျေးရွာများအတွင်းရှိ မြေကွက်များမှာ မူ ပေ ၈၀ ပတ်လည်ခန့်ကို ကျပ် ၁၀ သိန်း မျှသာ
ဈေးရှိသေးပြီး လာရောက်ဝယ်ယူခြင်း များလည်း မရှိသေးကြောင်း ဒေသခံ အိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။ "ကော့မှူးမြို့ခံတွေရော၊ ၀ယ်ရောင်းသမား တွေကပါ
ကော့မှူးမြို့နယ်က ဒေါ်အောင်ဆန်း စုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တော့ အခုလို သူ့မှာ
လုပ်ပိုင်ခွင့်ရှိချိန်မှာ သူ့အကူအညီနဲ့ ကော့မှူးမြို့နယ်ရဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုး
တိုးတက်လာမယ်လို့ အသေအချာ ယုံကြည်နေ ကြတယ်"ဟု ဦးမြင့်လွင်က ပြောသည်။
ရန်ကုန် - ဒလ မြစ်ကူးတံတားတည်ဆောက်ပြီးစီးသွားပါက ကော့မှူးနှင့် ရန်ကုန်အကြား
လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဟုလည်း ၎င်းက ပြောသည်။ အခြေခံ
အဆောက်အအုံဖွံ့ဖြိုးတိုးတက် ရေးအတွက် ကမ္ဘာ့ဘဏ်နှင့် အီတလီအစိုးရ၏ ထောက်ပ့ံကြေးဖြစ်သော
အမေရိကန်ဒေါ်လာ သန်း ၄၈၀ နှင့် ယူရိုငွေသန်း၂၀ ကို အသုံးပြု ၍ လူထုဗဟိုပြုဖွံ့ဖြိုးမှုစီမံကိန်းကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ပေါင်း ၆၀ တွင်အကောင်အထည်ဖော်လျက်ရှိရာ ကော့မှူးမြို့နယ်လည်း အပါအဝင်ဖြစ် သည်။ ၂၀၁၂ ခုနှစ်မှ
၂၀၂၁ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆိုပါစီမံကိန်းတွင် ၂၀၁၆ ခုနှစ်
အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကော့မှူး မြို့နယ်က ရရှိခဲ့သည်ဟု အဆိုပါဌာနမှ တာဝန်
ရှိသူတစ်ဦးက ပြောကြားသည်။
"ကော့မှူးမြို့နယ်မှာ လူထုဗဟိုပြုစီမံကိန်း ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ အကောင်
အထည်ဖော်ဆောင်ရွက်သွားမှာပါ။ ပထမနှစ် မှာ အခြေခံအဆောက်အအုံတွေကို ပြင်ဆင်
နိုင်မှာဖြစ်ပြီး နောက်နှစ်တွေမှာပါ အခြေခံအဆောက်အအုံတွေတည်ဆောက်တာနဲ့ လမ်းဖောက်တာတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကော့မှူးမြို့ဒေသခံ တွေကို သင်တန်းတွေပေးနေပါတယ်။ ဒေသခံ
တွေကို သင်တန်းပေးပြီးသွားရင် သူတို့ အကောင်အထည်ဖော်ချင်တဲ့ စီမံကိန်းတွေ စတင်
လုပ်ဆောင်တော့မှာပါ"ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
အဆိုပါ လူထုဗဟိုပြုစီမံကိန်းကြောင့် ကော့မှူးမြို့နယ်တွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်
လာမည်ဖြစ်သည်။ "မနှစ်တုန်းက ထန်းတပင်မြို့နယ်က လူထု ဗဟိုပြုဖွံ့ဖြိုးမှုစီမံကိန်းရခဲ့ပြီး ကွမ်းခြံ
ကုန်းမြို့နယ်က နောက်နှစ်အတွက် ဒီစီမံကိန်းကို ရမယ်လို့ ရွေးချယ် ခံထားရပြီးသားပါ။ ကော့မှူး
မြို့နယ်နဲ့ နီးစပ်တဲ့ မြို့နယ်သုံးမြို့နယ်ဆက်တိုက် ဒီစီမံကိန်းကို ရတော့ ရန်ကုန်မြို့အစွန်းနားက
ဒီဧရိယာနားမှာ အခြေခံအဆောက်အအုံ တွေ ဖွံ့ဖြိုးတိုးတက်ပြီး လမ်းပန်းဆက်သွယ်ရေး လည်း ကောင်းမွန်လာမှာပါ"ဟု ကော့မှူးမြို့နယ် ရှာဖွားကျေးရွာအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးမျိုးမြင့်မောင်က ပြောသည်။
















