ပြီးခဲ့သည့် ဇန်နဝါရီလတွင် တရားဝင်ခွင့်ပြုခဲ့ သည့် ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းကို
အမြန်ဆုံးအကောင်အထည်ဖော်နိုင် ရန် စီမံကိန်းပထမအဆင့်အဖြစ် ကြည့်မြင်တိုင် မြို့နယ်တွင်
မြစ်ကူးတံတား တည်ဆောက်ခြင်းကို ယခုလအတွင်းစတင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ သစ်တော နှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက လွန်ခဲ့ သော ရက်သတ္တပတ်က
မြန်မာတိုင်း(မ်)နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ် ဗားကရာလမ်းမှ စ၍ လှိုင်မြစ်ကိုဖြတ်သန်းတည်ဆောက်မည့် အဆိုပါ
တံတားတည်ဆောက်ခြင်းအတွက် ပန္နက်ရိုက်လုပ်ငန်းကို မတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်ဟု
၎င်းက ပြောသည်။ "အခုတံတားဆောက်တာက ကိုရီးယား အကူ အညီနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က
ဆောက် မယ့် ဒလတံတားနဲ့ မဆိုင်ပါဘူး။ ဒီဗားကရာ တံတားက ကြည့်မြင်တိုင်မြို့နယ်နဲ့ တစ်ဖက်ကမ်းက
ရွာတွေကို ဆက်မယ့် မြစ်ကူးတံတားပါ။ လုပ်ငန်းလုပ်ခွင့်ရတဲ့ ကုမ္ပဏီသုံးခုပေါင်း ပြီး ဆောက်
ရမှာဖြစ်ပါတယ်။ ဒီတံတား ဆောက်ပြီးမှပဲ မြို့သစ်စီမံကိန်း တည်ဆောက် ရေးလုပ်ငန်းတွေအတွက်
လိုအပ်တဲ့ ပစ္စည်း တွေကို အချိန်တိုနဲ့ သယ်နိုင်မှာဖြစ်လို့ အမြန် ဆုံး ဆောက်ခိုင်းထားတာပါ"ဟု
ဦးကျော်စိုးက ပြောသည်။
တံတားတည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီသုံးခုသို့ အကြောင်းကြား
စာများ ပေးပို့ထားခဲ့ပြီးဖြစ် သည်။ ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်း သို့မဟုတ် ရန်ကုန်မြို့သစ်
စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ရန် တင်ဒါလျှောက် ထားခဲ့သည့် ကုမ္ပဏီ ၅၄ ခုအနက်
အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီ၊ Business Capital City Development
ကုမ္ပဏီနှင့် ရွှေပုပ္ပါး အင်တာနေရှင်နယ် ဆောက်လုပ်ရေးကုမ္ပဏီတို့ကို တင်ဒါအောင် မြင်သည့်
ကုမ္ပဏီများအဖြစ် ဖေဖော်ဝါရီလ အတွင်းက ရွေးချယ်ခဲ့ပြီးဖြစ်သည်။
အနောက်တောင်မြို့သစ် စီမံကိန်း အဆိုပြုလွှာတွင် အနောက်တောင်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး
အများပိုင်ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံရန် အဆိုပြုခဲ့ ရာ တင်ဒါလျှောက်
ထားရာတွင် အများဆုံး အဆိုပြုခဲ့သည့် ကုမ္ပဏီဖြစ်ပြီး အခြားတင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီ၏
ရင်းနှီးမြှုပ်နှံမှုပမာဏကိုမူ မသိရပေ။ အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီသည်
ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ တမာတကောကျေးရွာ ဒေသခံများ စုဖွဲ့ထားသည့် အများပိုင်
ကုမ္ပဏီ တစ်ခုဖြစ်သည်ဟု အဆိုပါကုမ္ပဏီက ပြောကြားသော်လည်း မြန်မာ့စေတနာမြို့သစ်အများပိုင်
ကုမ္ပဏီအမည်ဖြင့် ရန်ကုန်မြို့သစ်စီမံကိန်း ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သည့် တရုတ်လူမျိုး
ရှောက်စမ်းနှင့် ရှောက်ပန်း တို့ ပါ၀င်ပတ်သက်နေသည်ဟုလည်း သတင်း များ ထွက်ပေါ်လျက်ရှိသည်။
Business Capital City Development ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး
ဌာနတွင် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်း မှတ်ပုံ တင်ထားပြီ ပြည်တွင်းက ထိပ်သီးစီးပွား ရေးလုပ်ငန်းရှင်
တစ်ဦးဖြစ်သူ မောင်ဝိတ်ပိုင် ကုမ္ပဏီတစ်ခုဖြစ်သည်ဟု သိရသည်။ ရွှေပုပ္ပား အင်တာနေရှင်နယ်
ဆောက်လုပ်ရေးကုမ္ပဏီ မှာ Sky Net ရုပ်သံလိုင်းပိုင်ရှင် ဦးကျော်ဝင်းပိုင် ရွှေသံလွင်ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့သစ်
စီမံကိန်း တင်ဒါစိစစ်ရွေးချယ်ရေး အဖွဲ့က ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ ပုဒ်မ ၂၅၁ အရ ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး နောက်ဆုံးအဆင့် တင်ဒါအောင်မြင် သည့် အဆိုပါ
ကုမ္ပဏီသုံးခုသည် ရန်ကုန်မြို့ သစ်စီမံကိန်းကို အတူတကွ ပူးပေါင်းဆောင် ရွက်ရန် အဆိုပြုလာ
သည့်အပြင် စီမံကိန်း လုပ်ငန်း ပမာဏကြီးမားနေသည့်အတွက် လည်း ပူးပေါင်းအကောင်
အထည်ဖော်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ ဗားကရာတံတား
တည်ဆောက်ရေးစီမံကိန်းသည် အချိန်တစ်နှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ပြီး စီမံကိန်းကို ကုမ္ပဏီ
သုံးခုစလုံးက စုပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန် အနောက်တောင်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးတင်စိန်က ပြောသည်။
"တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဒီတံတားစီမံကိန်းကို ပထမဦးဆုံးစဆောက်တာပါ။
တံတားကိုပြီးအောင်ဆောက်ပြီးတော့ မှ တခြားစီမံကိန်းတွေကို ဆောက်သွားပါမယ်။
တည်ဆောက်မယ့် တံတားဒီဇိုင်းအတွက် စင်ကာပူကုမ္ပဏီကို ငှားထားပါတယ်" ဟု ၎င်းက
ပြောသည်။
တံတားတည်ဆောက်မည့်စီမံကိန်း နေရာတွင် ပါ၀င်သည့်ကျေးရွာများက အိမ်ခြေ ၂၂၀ ခန့်အတွက် တံတားတည်ဆောက်ပြီးစီးသည့်အချိန်တွင် ၎င်းတို့အတွက် လုံးချင်းအိမ် များဖြင့် ပြန်လည်နေရာ
ချပေးသွားမည်ဖြစ်သည်ဟု ဦးတင်စိန်က ပြောသည်။ "ကျွန်တော်တို့ တံတားဆောက်တော့
ရွာဘက်ခြမ်းမှာ မလွတ်တဲ့အိမ်တွေရှိပါ တယ်။ ပန္နက်ရိုက်ပြီးတာနဲ့ တံတားလုပ်ငန်းစတော့မယ်
ဆိုရင် အဲဒီအိမ်တွေက ဖယ်ပေးရ တော့မှာဆိုတော့ သူတို့အတွက် လွတ်တဲ့ နေရာ တွေမှာ
အိမ်ရာတွေ တစ်ခါတည်း ပြန်ဆောက် ပေးမှာပါ" ဟု ၎င်းက ပြောသည်။

တံတားဆောက်သည့် ကာလအတွင်း ပြောင်းရွှေ့ပေးရသည့်သူများအတွက် အိမ်ပြောင်းစရိတ်
တစ်ဦးလျှင် ၁၀ သိန်းနှင့် အိမ်ငှားနေနိုင်ရန်အတွက် တစ်လလျှင်သုံးသိန်းဖြင့် ခြောက်လစာ
ထုတ်ပေးသွားမည်ဖြစ်ပြီး ၎င်းတို့အတွက် အသစ်ဆောက်ပြန်ပေးမည့် အိမ်များကိုလည်း
တံတားစီမံကိန်းနှင့် အတူ တစ်ပြိုင်နက်တည်း စတင်သွားမည်ဟု သိရသည်။ "တံတားပန္နက်
ရိုက်တာနဲ့အတူတူ ဖယ် ပေးရတဲ့သူတွေအတွက် ဆောက်မယ့်အိမ်တွေကိုလည်း တစ်ခါတည်း
ပန္နက်ရိုက်ပြီး ဆောက်သွားမှာပါ။ ဖယ်ပေးရတဲ့အိမ်ခြေ အရေအတွက်အတိုင်း ပေ ၄၀x၆၀
မြေကွက်တွေပေါ်မှာ အိမ်တွေပြန်ဆောက်ပေးမှာပါ" ဟု ဦးတင်စိန်က ပြောသည်။ ရန်ကုန်
အနောက်တောင်မြို့သစ်စီမံကိန်း အတွက် အထက်ပါကုမ္ပဏီသုံးခုက တင်ပြလာ သည့် စီမံကိန်း
အဆိုပြုလွှာအရ ရန်ကုန်မြို့ နှင့် တိုက်ရိုက်ဆက်သွယ်မည့် တံတားသုံးစင်း နှင့် အခြားတံတားနှစ်စင်း
အပါအဝင် စုစုပေါင်း တံတားငါးစင်းတည်ဆောက်မည်ဖြစ်ပြီး ဗားကရာတံတားမှာ ပထမဆုံး
တည်ဆောက် မည့်တံတား ဖြစ်သည်။
အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းတွင် စက်မှု ဇုန်များ၊ လုံးချင်းအိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများ
ထည့်သွင်းတည်ဆောက်သွား မည်ဖြစ်ပြီး စီမံကိန်းသဘောတူညီချက်အရ အထက်ပါကုမ္ပဏီသုံးခုက
တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းပေါင်း ၁၀,၀၀၀ ကို အခမဲ့တည် ဆောက်ပေးရမည်ဟုလည်း
တိုင်းဒေသကြီး ၀န်ကြီးဦးကျော်စိုးက ပြောသည်။
"တံတားငါးစင်းထဲမှာ ဗားကရာတံတား က အရေးအကြီးဆုံးနဲ့ အမြန်ဆုံး လုပ်ရမယ့် တံတားဖြစ်လို့
ညွှန်ကြားရတာပါ။ ကုမ္ပဏီ တွေဘက်ကလည်း အစိုးရအဖွဲ့ကို တန်ဖိုး နည်းအိမ်ရာ တိုက်ခန်းအခန်း
၁၀,၀၀၀ အခမဲ့ဆောက်ပေးရမယ်ဆိုတော့ ဒီစီမံကိန်း ပြီးသွားရင် အခြေခံလူတန်းစားတွေရဲ့ အိမ်ရာ
လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ ထင်တယ်"ဟု ၎င်းက ပြောသည်။
















