အိမ်ခြံမြေလုပ်ငန်းရှင်များက အစိုးရသစ်အပေါ် များစွာ မျှော်လင့်နေ

အိမ်ခြံမြေလုပ်ငန်းရှင်များက အစိုးရသစ်အပေါ် များစွာ မျှော်လင့်နေ

တစ်နှစ်ကျော်ခန့် ငြိမ်သက်သွားသည့် အိမ်ခြံမြေဈေးကွက်သည် လက်ရှိနိုင်ငံရေးအပြောင်း
အလဲကာလများတွင်လည်း အရောင်းအဝယ်လုပ်ငန်းများမှာ ရပ်တန့်လုနီးနီး ဖြစ်ခဲ့ပြီး
အိမ်ခြံမြေဈေးနှုန်းများလည်း ကျဆင်းလျက်ရှိသည်။

လက်ရှိအစိုးရလက်ထက်အတွင်း လွတ်လပ်စွာ ၀ယ်ယူရောင်းချခွင့်ရှိမှုနှင့် အတူ
အိမ်ခြံမြေဈေးကွက်သည် ၂၀၁၃ ျွ ၁၄ ခုနှစ်များတွင် ငွေရှင်အများစု၏ ရင်းနှီးမြှုပ်နှံ
မှုကြောင့် ဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့ သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ
ဈေးကွက် အေးစက်နေသော်လည်း အစိုးရ သစ်လက်ထက်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်
မှုအတွက် ခိုင်မာသည့်ဥပဒေများထွက်ပေါ်လာပါက ယခင်အစိုးရထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
မြင့်လာနိုင်ပြီး အိမ်ခြံမြေဈေးကွက် လည်း ပြန်လည်အသက်ဝင်လာနိုင်ဖွယ်ရှိသည်ဟု လုပ်ငန်း
ရှင်များက ခန့်မှန်းသည်။

"အခုအခြေအနေက နိုင်ငံခြားသားတွေလာတယ်၊ လေ့လာတယ်၊ သတင်းအချက်အလက်တွေ
ယူပြီးပြန်သွားတယ်။ ပထမ ပညာရှင်တွေလာတယ်၊ ဥပဒေလေ့လာတဲ့သူတွေလာတယ်။ နောက်ဆုံးမှ တကယ်ရင်းနှီး မြှုပ်နှံတဲ့သူတွေလာကြတာ။ သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံခြားသား
ရင်းနှီးမြှုပ်နှံ မှုက လက်ချိုးရေလို့ရတယ်။ အစိုးရနဲ့ အကျိုး တူပူးပေါင်းဖို့လာတာက ပိုများတယ်။
အဲဒါကြောင့်အစိုးရသစ်လက်ထက်မှာ ဥပဒေ တွေခိုင်မာလာလိမ့်မယ်လို့ ထင်တယ်၊ ဥပဒေ
ခိုင်မာလာတာနဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ မှုတွေ လာကြမယ်၊ ဒီရင်းနှီးမြှုပ်နှံမှုတွေကြောင့်
အိမ်ခြံမြေဈေးကွက်လည်း ပြန်သွက် လာနိုင်မယ်လို့ ထင်ပါတယ်" ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ
၀န်ဆောင်မှုအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

အိမ်ခြံမြေဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အဓိကဆက်စပ်နေသည့်အတွက်
လက်ရှိအနေအထားထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာနိုင်သည့်အခြေအနေများ
အကောင်အထည်ပေါ်ရန် အစိုးရသစ်အပေါ် အိမ်ခြံမြေလုပ်ငန်းရှင် များက များစွာမျှော်လင့်လျက်
ရှိသည်။ "အိမ်ခြံမြေလုပ်ငန်း ပြန်ကောင်းလာဖို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပေါ်မှာ မူတည်နေ
တယ်။ အဓိကအားဖြင့် ကွန်ဒိုဆောက်တဲ့ပိုင်း မှာ ရင်းနှီးမြှုပ်နှံမှုများလာရင် မြေအရောင်း အဝယ်နဲ့
ဈေးနှုန်းတွေကလည်း လိုက်လာမှာပါပဲ။ အဲဒီအချိန်ကျရင် ဈေးကွက်က ပုံမှန်အတိုင်း ပြန်လည်
ပတ်သွားမယ်။ ဒါ့ကြောင့် အစိုးရသစ်ကိုမျှော်လင့်တာကတော့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်
တဲ့အပိုင်း မှာ သေချာအကောင်အထည်ဖော်ဖို့ကို မျှော် လင့်ပါတယ်" ဟု ရွှေကံမြေအိမ်ခြံမြေ အကျိုး
ဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။

ဦးသိန်းစိန်ဦးဆောင်သော လက်ရှိ အစိုးရ၏ ငါးနှစ်တာကာလအတွင်း အိမ်ခြံ မြေဈေးနှုန်းများ အဆမတန်မြင့်ခဲ့သည့်နည်းတူ မြေဈေးနှုန်းများမှာလည်း အိမ်နီးချင်း နိုင်ငံများနှင့်ယှဉ်ပါက
များစွာကြီးမြင့်သည့် အနေအထားဖြစ်ခဲ့သည်။ ယင်းကဲ့သို့ မြေ ဈေးနှုန်းများ ကြီးမြင့်လာရခြင်း
သည် မြေယာ များကို ပိုင်ဆိုင်သည့် အစိုးရ၏ ကနဦးမြေတန်ဖိုးသတ်မှတ်မှုနှုန်းထား
များနေခြင်းကြောင့် ဖြစ်ပြီး၊ အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုအပေါ် မထိန်းချုပ်ခြင်းများကြောင့်
ဖြစ်သည်ဟု အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။

"နိုင်ငံတော်မှာ ဒီမြေယာတွေအတွက် တင်ဒါတွေရှိတယ်၊ အဲဒီတင်ဒါဈေးတွေထက်တော့ ဘယ်သူမှ
လျှော့ရောင်းမှာ မဟုတ်ဘူး။ အဲဒီတော့ ဒီဈေးနှုန်းတွေကို ဘယ်သူသတ်မှတ် လဲ။ ပြီးတော့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ ဒေါ်လာဈေးနဲ့ ရွှေဈေးကိုထိန်းချုပ်ပြီး ကား ဈေးကွက်ကိုလည်း
ပေးလိုက်တဲ့ နောက်မှာ မြေမှာပဲ လူတွေက စုပြံုပြီး လာမြှုပ်နှံကြတော့ တယ်။ အဲဒီမှာ အရောင်း
အဝယ်တွေပိုကောင်း လာပြီး အစိုးရကလည်း သိပ်ပြီးမထိန်းထားတော့ ဈေးနှုန်းတွေက
တအားမြင့်တက်တဲ့ အခြေအနေဖြစ်သွားတာ"ဟု အိမ်ခြံမြေအကျိုး ဆောင်လုပ်သက် ၂၁
နှစ်ရှိသည့် ဒေါ်မို့မို့ အောင်က ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင် သော
အစိုးရသစ်လက်ထက်တွင် အိမ်ခြံမြေ ဈေးကြီးမြင့်မှုများ ဆက်လက်မဖြစ်ပေါ်ရန် ထိန်းချုပ်သွား
မည်ဟု မျှော်လင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ "ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ
ဈေးတွေက အရမ်းတက်ခဲ့တာဆိုတော့ ဒီအစိုးရလက်ထက်မှာတော့ ထိန်းချုပ်မယ်လို့မျှော်လင့်ပါ
တယ်။ ထိန်းချုပ်ထားနိုင်မယ့် အနေအထားလည်းရှိပါတယ်။ အဓိက အခွန်စည်းကြပ်မှု နဲ့ပဲ ထိန်းချုပ်
သွားမယ်လို့ ထင်ပါတယ်။ ရန်ကုန်လိုနေရာမှာလည်း အိမ်ခြံမြေဈေး တွေက သူ့မြို့အနေအထားနဲ့သူ
ဈေးတွေ တည်ငြိမ်သွားမယ်လို့ ထင်ပါတယ်" ဟု ဦးခင်မောင်အေးက ပြောသည်။ လက်ရှိအစိုးရ၏
ငါးနှစ်သက်တမ်းအတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကို လွတ်လပ် စွာစီးဆင်းနိုင်ရန် အခွန်လျော့ပေါ့မှုများရှိခဲ့ပြီး နိုင်ငံ၏စီးပွားရေးအခွင့်အလမ်းနည်းပါး မှုကြောင့် အိမ်ခြံမြေလုပ်ငန်း
များတွင် အလွယ် တကူ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောကြောင့် အမြင့်ဆုံးဈေးကွက်အနေအထား
ရောက်ရှိ ခဲ့ခြင်းဖြစ်သည်။

အိမ်ခြံမြေ ခေတ်ကောင်းခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှ စကာ ရွေးကောက်ပွဲကာလ၊ အစိုးရ
အပြောင်းအလဲကာလများဖြင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ စောင့်ကြည့်သူများဖြင့် ဈေးကွက်ငြိမ်
ခဲ့ရာမှ လက်ရှိအစိုးရ၏ လက်ကျန်သက်တမ်းတိုအတွင်းတွင် ၎င်းတို့ က အိမ်ခြံမြေအခွန်စည်းကြပ်မှုကို ပြန်လည်မြှင့်တင်ခဲ့သည့်အတွက် ဈေးကွက်အတွင်း အရောင်း
အဝယ်မှာ မရှိသလောက်အနေအထားအထိ ဖြစ်ခဲ့သည်။

လက်ရှိ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက် အတွင်းသည် အရောင်းအဝယ်ဈေးကွက် ကျဆင်းနေ
ရုံသာမက အငှားဈေးကွက်ပါ ကျဆင်းနေကြောင်း သိရသည်။ ယခင်က ရန်ကုန် အိမ်ခြံမြေသည်
အိမ်၊မြေ ၀ယ်ရောင်းများ ကျဆင်းနေသည့်တိုင်အောင် နိုင်ငံခြားသား ငှားရမ်းနေထိုင်မှုများဖြင့် အငှားဈေးကွက်မှာ ကောင်းမွန်ခဲ့သော်လည်း ယခုအခါတွင် အိမ်ခန်းအငှားဈေးနှုန်းများ ကျဆင်း
သွား သည်အထိ ဈေးကွက်အေးလာကြောင်း အိမ်ခြံ မြေအကျိုးဆောင်များထံမှ သိရသည်။

"အခုချိန်က အငှားဈေးကွက်တောင် ဈေး တွေကျတယ်။ သိန်း ၃၀ ထက်အငှားတွေဆို အားလုံးကျ
ကုန်ကြတယ်။ အရင်ဆို ဒေါ်လာ ၁,၀၀၀ လောက်နဲ့ငှားတဲ့အိမ်တွေဆို အခု ဒေါ်လာ ရ,၀၀၀
လောက်ပဲ ရတော့တယ်။ အရင်က သိန်း ၃၀ နဲ့ ငှားတဲ့ အငှားက အခုချိန် မှာ ၂၂ သိန်းလောက်ပဲ
ရတော့တယ်။ ဒါပေမဲ့ သုံးလေးငါးသိန်း ၀န်းကျင် အငှားဈေး တွေတော့ မကျဘူး" ဟု ၀င်းရွှေဝါ
အိမ်ခြံမြေ အကျိုးဆောင်မှ သိရသည်။ အရောင်းအဝယ်တွင်မှု သိန်း ၁,၀၀၀ အောက် တိုက်ခန်း
များမှာ အမှန်တကယ် နေထိုင်လိုသူများ၏ ၀ယ်ယူမှုရှိပြီး သိန်း ၂၀၀ နှင့် သိန်း ၅၀၀ ကြား
တိုက်ခန်းများ အရောင်းအဝယ်ဖြစ်သည်။ မြေအရောင်းအဝယ်တွင် မြို့စွန်မြေကွက်များသည်
သိန်း ၁၀၀ ၀န်းကျင် များ အရောင်းအဝယ်ဖြစ်ကြောင်း အကျိုး ဆောင်က ပြောသည်။ အစိုးရ
သစ်အပေါ် အကောင်းမြင်မှုများ ဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးရင်းနှီးမြှုပ်နှံမှု များထဲတွင် အဓိက
တစ်ခုဖြစ်သည့် အိမ်ခြံ မြေကဏ္ဍမှာလည်း ပိုမိုကောင်းမွန်လာမည် ဟု မျှော်လင့်နေကြသလို
လူတန်းစားမရွေး အိုး၊ အိမ် ပိုင်ဆိုင်လာနိုင်မှုများကိုလည်း မကြာ ခင်တက်လာတော့မည့်
အစိုးရအပေါ် မျှော်လင့်နေကြသည်။

"အဓိကက ရန်ကုန်မှာ နေထိုင်ရေးပြဿနာ က ကြီးနေတယ်။ မြို့တွင်းဧရိယာမှာ လူတိုင်း ၀ယ်နိုင်ဖို့
မလွယ်ပေမယ့် မြို့စွန်တွေမှာ အိမ်ရာသစ်တွေပေါ်လာတာတွေ၊ တိုက်ခန်းအသစ်တွေ ဆောက်တာတွေက
ဖြစ်လာမယ်ဆိုရင် လူတိုင်း အိုးအိမ် ပိုင်ဆိုင်မှုက ဖြစ်လာနိုင်မှာပါ။ ဒါကို နောက်အစိုးရက ထည့်
စဉ်းစားလာမယ်လို့ ကျွန်တော် မြင်ပါတယ်" ဟု ဦးခင်မောင်အေးက ပြောသည်။ လာမည့်စိုးရသစ်
လက်ထက်တွင် မြန်မာ့ စီးပွားရေး၏ အဓိကတစ်ခုဖြစ်သည့် အိမ်ခြံ မြေ ဈေးကွက်စနစ်တကျ
ဖွံ့ဖြိုးတိုးတက် လာမည်ဟု အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင်သူ ဦးသန်းဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်