အနောက်တောင်မြို့သစ်စီမံကိန်းတွင် မြေကွက် ဈေးနှုန်းများ မြင့်တက်နေ

အနောက်တောင်မြို့သစ်စီမံကိန်းတွင် မြေကွက် ဈေးနှုန်းများ မြင့်တက်နေ

ရန်ကုန် အနောက်တောင်မြို့သစ်စီမံကိန်း နေရာတွင် ပါ၀င်သည့် တွံတေးမြို့နယ်အတွင်းရှိ
မြေကွက်များကို ၀ယ်ယူလိုသူများပြားလာပြီး မြေဈေးနှုန်းများလည်း ယခု ရက်ပိုင်းအတွင်း
မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"အနောက်တောင်မြို့သစ် စီမံကိန်း အတွက် ပထမဆုံးခြေလှမ်းဖြစ်တဲ့ ဗားကရာ တံတားကို
ဒီလအတွင်းစတင်ဆောက်လုပ် မယ်ဆိုတာကြောင့် စီမံကိန်းမြို့နယ်တွေက မြေကွက်တွေကို
ရင်းနှီးမြှုပ်နှံဖို့ ၀ယ်ယူလိုသူတွေ ပြန်ရှိလာတာဖြစ်ပါတယ်"ဟု အောင်အိမ်ခြံမြေ အကျိုးဆောင်က
ဦးအောင် ကိုကိုမင်းက ပြောသည်။ အနောက်တောင် မြို့သစ်စီမံကိန်းအကောင်အထည်ဖော်မည့်
နေရာနှင့် နီးစပ် ရာ မြို့နယ်များအဖြစ် ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့်
ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ရွာများရှိ မြေများကို ၀ယ်ယူလိုသူများ ရှိလာနေသော် လည်း အခြား
မြို့နယ်များထက် တွံတေးမြို့နယ်မှ မြေများသာလျှင် လက်ရှိအချိန် တွင် အရောင်းအဝယ်ပိုဖြစ်နေကြောင်း
သိရသည်။

"မြို့သစ်စီမံကိန်းခုနစ်ခုအနက် ပထမ ဆုံးအကောင်အထည်ဖော်မယ့် အနောက်
တောင်မြို့သစ်စီမံကိန်းနေရာမြို့နယ်တွေ မှာ မြေဝယ်ယူလိုသူတွေ များနေပါတယ်။
အကောင်အထည်ဖော်မယ့် မြို့နယ်သုံးမြို့ နယ်စလုံးမှာ မြေဝယ်ယူလိုသူတွေ များပြား
နေပေမယ့် ၀ယ်ရောင်းသမားတွေက မြေ ဈေးနှုန်း ကြီးမြင့်ပြီးဖြစ်တဲ့ ကြည့်မြင်တိုင်
မြို့နယ်နဲ့ လမ်းပန်းဆက်သွယ်ရေးလုံးဝ မကောင်းသေးတဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်
တွေထက် လှိုင်သာယာမြို့နယ်ကနေကားလမ်းနဲ့ အလွယ်တကူသွားနိုင်တဲ့အပြင်
ရန်ကုန်မြို့လယ်ကောင်နဲ့ မြစ်ခြားနေပေ မယ့် တံတားတည်ဆောက်ဖို့ ဆောင်ရွက်နေတဲ့
ဒလမြို့နယ်နဲ့လည်း ဆက်စပ်နေတဲ့ တွံတေးမြို့နယ်ကို တခြားမြို့နယ်တွေထက် မြေဝယ်ဖို့
ပိုစိတ်ဝင်စားကြပါတယ်"ဟု ဦးအောင်ကိုကိုမင်းက ပြောသည်။

မြို့သစ်စီမံကိန်း တည်ဆောက်ရန်အတွက် လိုအပ်သောပစ္စည်းများကို အချိန်တိုအတွင်းသယ်ယူရ
လွယ်ကူစေရန် တင်ဒါအောင်မြင်သော ကုမ္ပဏီသုံးခုပေါင်း ပြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာလမ်းမှ
တစ်ဖက်ကမ်းသို့ လှိုင်မြစ်ကို ဖြတ်သန်းတည်ဆောက် မည့် တံတားစီမံကိန်းကို ယခုလအတွင်း
စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး
ဦးကျော်စိုးက ပြောသည်။

တွံတေးမြို့နယ်တွင် မြေဈေးများမှာ ယခင်က လယ်မြေတစ်ဧကလျှင် သိန်း၁၀၀ ကျော်ခန့်သာရှိရာမှ
ယခုအချိန်တွင် သိန်း၃၀၀ ခန့်အထိ သုံးဆမြင့်တက်နေကြောင်း တွံတေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်
များက ပြောသည်။ "အနောက်တောင် မြို့သစ်စီမံကိန်း တကယ်အကောင်အထည်မပေါ်လာခဲ့လို့
၀ယ်ရောင်း မရှိသလောက်ဖြစ်နေပြီး ဈေး ကွက်အေးစက်နေတဲ့ တွံတေးမြေဈေးကွက် က အခုဆို
စိတ်ဝင်စားသူတွေ ပြန်ရှိလာပါ ပြီ။ ၂၀၁၅ နှစ်လယ်ပိုင်းလောက်က မြို့သစ် စီမံကိန်းဆိုတဲ့
သတင်းတွေကြောင့် မြေဈေး တွေ ယခုပေါက်ဈေးထက်တောင် ဈေးခေါ်ခဲ့ကြပေမယ့်
နောက်ပိုင်းအကောင်အထည်မပေါ်လာတော့ အရှုံးခံပြန်ရောင်းခဲ့ကြတာတွေလည်း ရှိခဲ့ပြီး
မြေဈေးကွက်ကို လုံးဝကို အေးစက်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ရင်းနှီးမြှုပ်နှံဖို့ ၀ယ်ယူလိုသူတွေ
ပြန်ရှိလာပါပြီ"ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးမြင့် အေးက ပြောသည်။

တွံတေးမြို့နယ် ၏ လမ်းမတန်းများ တွင် ဥယျာဉ်ခြံမြေ ဖြစ်ပါက တစ်ဧက လျှင် သိန်း ၅၀၀ မှ
သိန်း၁,၀၀၀ ကြား အထိ ဈေးမြင့်တက် နေပြီး လယ်မြေများ မှာ တစ်ဧကလျှင် သိန်း ၂၀၀ မှ
သိန်း၅၀၀ အထိ ဈေးရှိနေကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ "မြေဈေးတွေက
ပိုင်ဆိုင်မှုခိုင်မာတဲ့ အပေါ်မှာလည်း မူတည်ပြီး ဈေးကွာသွား ပါတယ်။ ဥယျာဉ်ခြံမြေက
လယ်မြေထက်ကို ပိုင်ဆိုင်မှုပိုခိုင်မာလို့ ဈေးပိုပါတယ်။ ဒါပေမဲ့ အားလုံးကတော့ ပါမစ်မြေတွေပဲ
ရှိပါသေးတယ်။ ရန်ကုန်ထပ်တိုးမြို့သစ်တွေ မှာ ဂရန်မြေတွေက မရှိသလောက်ကို ရှားပါ
တယ်"ဟု ၎င်းက ပြောသည်။

တွံတေးမြို့နယ်နှင့် နီးစပ်သော ကွမ်းခြံ ကုန်းမြို့နယ်၊ ထန်းတပင်မြို့နယ်နှင့် ကော့မှူးမြို့နယ်များတွင်
လမ်းပန်းဆက် သွယ်ရေးနှင့် အခြေခံအဆောက်အအုံများ ကောင်းမွန်စေရန် အကူအညီပေးသော
လူထုဗဟိုပြုစီမံကိန်းများ အကောင်အထည် ဖော်နေခြင်းကလည်း တွံတေးမြို့နယ်ကို ရင်းနှီးမြှုပ်နှံရန်
၀ယ်ယူလိုသူများ ပိုမိုစိတ် ၀င်စားလာစေကြောင်း ဦးမြင့်အေးက ပြောသည်။ "အရင်တုန်းက
တွံတေးမြို့ကနေ ဒလ မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့လောက်နဲ့ ပဲ ဆက်စပ်သွားလို့ရတာ။
ဒါပေမဲ့ အခုဆို သူ့ဧရိယာနားက မြို့တွေအကုန်လုံးမှာ လမ်း ပန်းဆက်သွယ်ရေးကောင်းမွန်ပြီး
ဖွံ့ဖြိုး တိုးတက်လာတော့ တွံတေးမြို့နယ်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာတာပေါ့။ ရန်ကုန်မြို့ စွန်က
မြို့တွေအားလုံး တစ်ပြေးညီဖွံ့ဖြိုး တိုးတက်လာစေချင်ပါတယ်"ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့၏
အနောက်ဘက်တွင် တည်ရှိသော တွံတေးမြို့နယ်၏ မြေဈေးများ မှာ ကျေးရွာတွင်းများတွင် စတုရန်းပေ
၃,၆၀၀ ရှိသော မြေကွက်တစ်ကွက်ကို သိန်းဆယ်ဂဏန်းကျော်ခန့်သာ ရှိကြောင်း မြို့ခံအိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။ "ရင်းနှီးမြှုပ်နှံသူတွေနဲ့ ၀ယ်ရောင်း သမားတွေက
လမ်းမတန်းတွေမှာပဲ ၀ယ်ယူ ကြလို့ လမ်းမတန်းက မြေဈေးတွေပဲ တက် လာပေမယ့်
ကျေးရွာတွင်းမှာတော့ သိန်းဆယ်ဂဏန်းကျော်လေးပဲ ရှိပါသေးတယ်။ ကျေးရွာတွင်းမှာ
၀ယ်ရောင်းလုပ်တဲ့သူတွေလည်း မရှိပါဘူး။ ၀ယ်ရောင်းလုပ်ဖို့ လာဝယ်ယူကြမှာထက်
တကယ်ရင်းနှီးမြှုပ် နှံကြဖို့ပဲ ၀ယ်ယူပြီး ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရမယ့်
စီမံကိန်းတွေကို လာရောက်ပြုလုပ် စေချင်ပါတယ်"ဟု ဦးအောင်ကိုကိုမင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်