ရန်ကုန် အနောက်တောင်မြို့သစ်စီမံကိန်းအတွက် အရေးအကြီးဆုံးတည်ဆောက်ရေးစီမံ
ကိန်းတစ်ခုအဖြစ် သတ်မှတ်ထားသည့် ကြည့်မြင်တိုင်မြို့နယ် ဗားကရာလမ်းမှ လှိုင်မြစ်
တစ်ဖက်ကမ်း အလတ်ချောင်းကျေးရွာသို့ ဆက်သွယ်မည့် မြစ်ကူးတံတားစီမံကိန်း၏
ပန္နက်တင်အခမ်းအနားကို မတ် ၂၇ ရက်တွင် ပြုလုပ်သွားရန် စီစဉ်နေသည်ဟု
အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ
ဦးတင်စိန်က ပြောသည်။
ဝေဖန်ကန့်ကွက်မှုများ ရှိနေသော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
စတင်အကောင်အထည်ဖော်ရန် စိုင်းပြင်းနေ သည့် အဆိုပါတံတားတည်ဆောက်ရေး
စီမံကိန်းကို မူလက မတ် ၁၅ ရက်တွင် စတင်ရန် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
"ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက အခု ဒုတိယသမ္မတအဖြစ် ပြန်အရွေးခံရ တော့
နေပြည်တော်ကို သွားနေရတယ်၊ ဒါကြောင့် မတ် ၁၅ မှာ လုပ်မယ့် ပန္နက်တင် မင်္ဂလာ
အခမ်းအနားကို သူအားလောက်မယ့် မတ် ၂၇ ကို ရွှေ့လိုက်ရတာပါ၊ ပန္နက်တင်ပြီးတာနဲ့
တစ်ခါတည်း ဆောက်တော့မှာပါ၊ သူ့အစီအစဉ်နဲ့ သွားနေရတာဖြစ်လို့ သူမအား တဲ့အတွက်
ရပ်ထားလိုက်ရတာပါ"ဟု ဦးတင်စိန်က ပြောသည်။
အနောက်တောင် မြို့သစ်စီမံကိန်းကို ပြည်တွင်းမှ အနောက်တောင်ဒေသဖွံ့ဖြိုး တိုးတက်ရေး
အများပိုင်ကုမ္ပဏီ၊ Business Capital City Development နှင့် ရွှေသံလွင်ကုမ္ပဏီ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေပုပ္ပားဆောက်လုပ်ရေးကုမ္ပဏီတို့က လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး
အဆိုပါကုမ္ပဏီ သုံးခုပူးပေါင်း၍ စီမံကိန်းကို အကောင် အထည်ဖော်သွားမည်ဖြစ်သည်။ ဗားကရာ
လမ်းမကြီးပေါ်မှစ၍ လှိုင်မြစ်ဖြတ် တံတားသစ်တည်ဆောက်ရန် လှိုင်မြစ် တစ်ဖက်ကမ်းရှိ
အလတ်ချောင်းကျေးရွာအတွင်းရှိ လူနေအိမ် ၁၃ လုံးကို ဖယ်ရှားရန်လိုအပ်နေပြီး အဆမတန်
ငွေကြေးများတောင်း ဆိုမှုများ ရှိနေသည့်အတွက် လက်ရှိတွင် ညှိနှိုင်း နေရဆဲဖြစ်သည်ဟု
သိရသည်။ "ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ လုပ်တာပါ။ သမ္ဗန်
သမားတချို့ သူတို့စားဝတ်နေရေးအတွက် တစ်ယောက်ကို နစ်နာကြေး သိန်း ၄,၀၀၀ တောင်း
သလို ရွှေ့ရမယ့် အိမ် ၁၃ လုံးမှာ အိမ် တစ်လုံးကလည်း သိန်း ၂,၀၀၀ တောင် တောင်း နေတယ်၊
အရင်အစိုးရ အဆက်ဆက်မှာ တံတားတွေ အများကြီးထိုးခဲ့ပေမဲ့ ဒီလို ပြဿနာတွေ မဖြစ်ခဲ့ပါဘူး။
သူတို့ဧရိယာကို ချန်လှပ်ပြီး တံတားကို ကျော်ထိုးသွားဖို့တော့ စဉ်းစားထားပါတယ်"ဟု ဦးတင်စိန်က ပြောသည်။ ပြောင်းရွေ့ရမည့် နေအိမ်များကို ပြောင်းရွှေ့စရိတ်အဖြစ် နေအိမ်
တစ်လုံးလျှင် ကျပ် ၁၀ သိန်းနှင့် ခြောက်လစာ အိမ်ငှားစရိတ် အဖြစ် ကျပ် ၁၈ သိန်း စုစုပေါင်း
၂၈ သိန်းပေး လျော်ရန် ညှိနှိုင်းထားပြီး ပြောင်းရွှေ့ပေး ရမည့် နေအိမ်များအတွက်လည်း
အလတ် ချောင်း ကျေးရွာ အပြင်ဘက်တွင် မြေနေရာ များသတ်မှတ်ကာ ပြန်လည်ချထားပေး
မည်ဖြစ်သည်။ သတ်မှတ်ကာလအတွင်း တံတားတည်ဆောက်မှုများ ပြီးစီးခြင်း မရှိပါကလည်း
နေအိမ်တစ်အိမ်လျှင် ကျပ်သိန်း ၂၀၀ နှုန်းဖြင့် နစ်နာကြေးငွေများ ပေးလျော်ရန် စီစဉ်
ထားပြီးဖြစ်သည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လှိုင်မြစ်တစ်ဖက်
ကမ်းတွင် တည်ဆောက် မည့် ရန်ကုန်မြို့သစ်စီမံကိန်း၊ သို့မဟုတ် အနောက်တောင်မြို့သစ်
စီမံကိန်း တည်ဆောက် ရန် ခွင့်ပြုပေးခဲ့ပြီး ပထမဆုံးအဆင့်ဖြစ်သည့် ဗားကရာ -အလတ်ချောင်း
တံတား စတင် တည်ဆောက်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့က အများကြီးတောင်းဆို နေတာတော့ မဟုတ်ပါဘူး။ သင့်တင့်တဲ့ လျော်ကြေးနဲ့
အာမခံမှုကိုပဲ တောင်းနေတာ ပါ။ သူတို့ပေးတဲ့ ၂၈ သိန်းဆိုတာကလည်း အရမ်းနည်းသလို
တံတား ဘယ်အချိန်ဆောက် ဖြစ်မယ်၊ ကျွန်တော်တို့ကို ဘယ်လိုနေရာ ချထားပေးမယ်ဆိုတာ
ကလည်း ဘယ်သူမှ အာမခံနိုင်တဲ့ အခြေအနေမရှိလို့ တိုးပြီး တောင်းနေရတာပါ။ သိန်း ၂၀၀ လောက်ဆို နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဒေသကို
ကျွန်တော်တို့ လည်း တိုးတက်စေချင်ပါတယ်"ဟု အလတ် ချောင်းကျေးရွာမှ ဆိုင်ကယ်ကယ်ရီ
သမားဖြစ် သူတစ်ဦးက ပြောသည်။
















