ဗီယက်နမ် ဆောက်လုပ်ရေး ကုမ္ပဏီက စီမံကိန်း၏ ဒုတိယပိုင်း တည်ဆောက်ရေး လုပ်ငန်းများ စတင်

ဗီယက်နမ် ဆောက်လုပ်ရေး ကုမ္ပဏီက စီမံကိန်း၏ ဒုတိယပိုင်း တည်ဆောက်ရေး လုပ်ငန်းများ စတင်

ဗီယက်နမ်နိုင်ငံမှ ဟောင်အင်းဂရီလာ ကုမ္ပဏီအုပ်စုက ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမှုထားသည့်
HAGL မြန်မာစင်တာစီမံကိန်း ပထမပိုင်း၏ အဆောက်အအုံများဆောက်လုပ်ပြီးစီး၍
မြန်မာပလာဇာဈေးဝယ်စင်တာကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ် နိုင်ခဲ့ပြီး
နောက် စီမံကိန်းဒုတိယပိုင်းတည်ဆောက်ရေးလုပ်ငန်းများကို စတင်တော့မည်ဖြစ်သည်။

အဆိုပါ ဒုတိယပိုင်းစီမံကိန်း၏ ပန္နက်ရိုက် ပွဲကို မတ် ၁၉ ရက်တွင်ပြုလုပ်ခဲ့ပြီး လာမည့်
၂၀၁၈ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးရန် မျှော်မှန်းထားသည်ဟု ကုမ္ပဏီက
သတင်းထုတ်ပြန်သည်။ "ကျွန်တော်တို့ရဲ့ ဟောင်အင်းဂရီလာကုမ္ပဏီအုပ်စုရဲ့ HAGL မြန်မာ
စင်တာက မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလုပ်ငန်းကဏ္ဍမှာ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်ပါ
တယ်။စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာသန်း ၄၄၀ ရှိပြီး ဒီစီမံ ကိန်းကြီးရဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးသွားတဲ့အခါကျရင် မြန်မာစင်တာဟာ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံ
အကြား အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်မှုကို ဖော်ပြနေသ လို ရန်ကုန်မြို့ရဲ့ ဆောက်
လုပ်ရေးဗိသုကာပိုင်းမှာလည်း ထင်ရှားတဲ့ အဆောက်အအုံကြီးတစ်ခု ဖြစ်လာမှာပါ" ဟု HAGL
ကုမ္ပဏီ အုပ်စု၏ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ မစ္စတာ Doan Nguyen Duc က ပြောသည်။ မြန်မာစင်တာ
စီမံကိန်းဒုတိယပိုင်းတွင် ၂၈ ထပ်အမြင့်ရှိမည့် ရုံးခန်းအဆောက်အအုံနှစ်လုံးနှင့် လူနေတိုက်ခန်း
များပါ၀င်မည့် အဆောက်အအုံငါးလုံး စုစုပေါင်း အထပ်မြင့် အဆောက်အအုံ ခုနစ်လုံးကို
တည်ဆောက် သွားမည်ဖြစ်သည်။

အဆိုပါအဆောက်အအုံများတွင် လက်လီဆိုင်ခန်းများ၊ ရုပ်ရှင်ရုံများ၊ ဖျော်ဖြေရေးစင်တာများနှင့်
ကစားကွင်းနေရာ များပါ၀င်သည့် ဈေးဝယ်စင်တာများပါ၀င် မည်ဖြစ်ပြီး စတုရန်းမီတာ ၉၃,၇၄၂
ကျယ်ဝန်း သည့် အငှားစနစ်ဖြင့် ချထားမည့် စီးပွားရေးလုပ်ငန်းများအတွက် နေရာများလည်းပါ၀င်
မည် ဖြစ်သည်။

လူနေတိုက်ခန်းများပါ၀င်မည့် အဆောက်အအုံငါးလုံးတွင် အခန်းပေါင်း ၃၆၀ ရှိသည့် ၀န်ဆောင်မှုပါ
တိုက်ခန်းနှစ်လုံးနှင့် အခန်းပေါင်း ၆၇၄ ရှိသည့် သာမန်တိုက်ခန်းပါ သုံးလုံးတို့ ဖြစ်သည်။

ဟောင်အင်းဂရီလာ ကုမ္ပဏီအုပ်စုသည် အဆိုပါ HAGL မြန်မာစင်တာစီမံကိန်းကို ရင်းနှီးမြှုပ်နှံရန်
အတွက် ၂၀၁၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနထံမှ နှစ် ရ၀ စာချုပ်ဖြင့် မြေ နေရာကို ငှားရမ်းခဲ့ပြီး
၂၀၁၃ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်ခဲ့ရာ လက်ရှိအချိန်တွင် စီမံကိန်း၏ ပထမ
ပိုင်းအားလုံး ပြီးစီးသွားပြီးဖြစ်သည်။ အဆိုပါ မြန်မာစင်တာ၏ ကနဦး ရင်းနှီး မြှုပ်နှံမှုအပိုင်းတွင်
စင်ကာပူကုမ္ပဏီတစ်ခုဖြစ်သည့် Rowsely ကုမ္ပဏီက ၅၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်ထည့်ဝင်ရန်
အစီအစဉ်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်လက်ပါ၀င်ခြင်း မရှိတော့ပေ။ လက်ရှိတွင်
ဟောင်အင်းဂရီလာ က ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမှုဖြင့် စီမံကိန်း ဒုတိယပိုင်း ဆက်လက်
အကောင် အထည် ဖော်ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်