သက်တမ်းကုန်ဆုံးရန် ရက်ပိုင်းသာလိုတော့ သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သည်
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် မြေဧက ၅၅၀ အကျယ်အဝန်းရှိနေရာကို စက်မှု ဇုန်သစ်ထူထောင်ရန်
ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ချထားပေးခဲ့ရာ ယင်းကုမ္ပဏီ၏ နောက်ကွယ်တွင် တရုတ်လုပ်ငန်းရှင်များ
ပါ၀င်ပတ်သက် နေသည့်အပြင် စီမံကိန်းတင်ဒါဆောင်ရွက်ခဲ့ရာတွင်လည်း အငြင်းပွားဖွယ်ရာအချက်
များ ပါ၀င်ခဲ့သည်ဟု သိရသည်။
ရန်ကုန် -မန္တလေးအမှတ် ၂ လမ်းမကြီးနှင့် အမှတ် ရ လမ်းမကြီးကြား၊ စိတ်ကျန်းမာရေး ဆေးရုံနောက်
ဘက်ရှိ မြေဧက ၅၅၀ အကျယ် အဝန်းတွင် ပုဂ္ဂလိကပိုင် အသေးစားစက်မှုဇုန် သစ်တစ်ခုထူထောင်ရန်
တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဇန်နဝါရီလအတွင်း တင်ဒါခေါ်ယူခဲ့ သည်။ တင်ဒါလျှောက်လွှာတစ်စောင်လျှင်
ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ပြီး၊ လျှောက်ထားသူများက အာမခံကြေး ကျပ် သိန်း ၁,၀၀၀ ပေးသွင်းရ
မည်ဖြစ်သည်။ တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီသုံးခုအနက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
Excellent Fortune Development ကုမ္ပဏီ ကို လုပ်ပိုင်ခွင့်ချထားပေးခဲ့သည်။
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ မလစ် ကျေးရွာအုပ်စု၊ ထောင်တလုပ်ကျေးရွာရှိ မြေဧရိယာ ဧက ၅၅၀
ပေါ်တွင် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ်တည်ဆောက်ရန် တင်ဒါ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အပြီး
သတ်တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီသုံးခုရှိခဲ့သည်။ အဆိုပါကုမ္ပဏီများမှာ ဇေကမ္ဘာဦးခင်ရွှေဦးစီး
သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ အုပ်စု၊ Excellent Fortune Construction နှင့် ဒေါက်တာစိုးထွန်းဦးဆောင်သည့် မြန်မာ့မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ အများပိုင်
ကုမ္ပဏီတို့ဖြစ်သည်။ အဆိုပါစက်မှုဇုန်တင်ဒါ တွင် တင်ဒါအာမခံကြေးသွင်းရာတွင် အမျိုးသား ဖွံ့ဖြိုးတိုး
တက်ရေးကုမ္ပဏီအုပ်စုက ကျပ်သိန်း ပေါင်း ၂၀၀,၀၀၀၊ Excellent Fortune Construction က
ကျပ်သိန်းပေါင်း ၁၄,၅၀၀ ပေး သွင်းခဲ့ပြီး မြန်မာ့မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ အများပိုင်ကုမ္ပဏီမှာမူ
အချိန် ၅ မိနစ်နောက်ကျသဖြင့် တင်ဒါ၀င်ရောက် ယှဉ်ပြိုင်ရန် တားမြစ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။
"သုံးဖွဲ့ လာတင်တယ်။ Excellent Fortune ကအောင်သွားတယ်။ အဲဒီမြေတွေက နည်းနည်းတော့ ပြောရ
ခက်တယ်၊ လန ၃၉ ကျ ပြီးမြေတွေကို စီမံကိန်းအကောင်အထည်ဖော်သူအဖြစ်လုပ်သွားမှာ။ နိုင်ငံတော်ကို
စာချုပ် ချုပ်လို့ သိန်း ၆,၀၀၀ သွင်းတယ်။ နှစ်စဉ် တစ် ဧကကို သွင်းဈေးသုံးသိန်းနှုန်းနဲ့ တစ်နှစ်ကို
သိန်း ၁,၆၅၀ သွင်းတယ်။ ခန့်မှန်း ဧက ၅၅၀ ရှိတယ်။ အကြမ်းဖျင်းနေရာ ပြောရရင် မစို ကျေးရွာနဲ့
ထောင်တလုပ်ကျေးရွာအပိုင်၊ စိတ်ကျန်းမာရေးဆေးရုံ ကျောနောက်ဘက်က မြေကွက်တွေ ဖြစ်တယ်"ဟု
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင် ၀န်ကြီး၊ တင်ဒါခေါ်ယူရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ
ဦးကျော်စိုးက ပြောသည်။ တင်ဒါရွေးချယ်မှုတွင် ရှင်းလင်းပြတ်သားမှု မရှိခြင်း၊ တရုတ်နိုင်ငံသား
စီးပွားရေး လုပ်ငန်းရှင်များ နောက်ကွယ်တွင် ပါ၀င် ပတ်သက်မှု ရှိနိုင်ခြင်း၊ တင်ဒါ တင်သွင်းခဲ့
သည့် ကုမ္ပဏီနှစ်ခုက နိုင်ငံတော်သို့ ပေးသွင်း မည့် ငွေကြေးပမာဏ ကွာဟချက် အဆမတန် ကြီးမားသော်လည်း ငွေကြေးအနည်းငယ် သာ ပေးသွင်းထားသည့် ကုမ္ပဏီတစ်ခုကို တင်ဒါလုပ်ပိုင်ခွင့်
ပြုလိုက်သည့်အတွက် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စု ၏ ဥက္ကဋ္ဌ ဇေကမ္ဘာ ဦးခင်ရွှေက
မတ် ၂၈ ရက် တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
"အဆပေါင်းမြောက်မြားစွာ ကွာတဲ့တင်ဒါ ကို ဘာလို့ သူတို့ရွေးလိုက်တယ်ဆိုတာ နားမလည်
တော့ပါဘူး။ Under Table Money (လာဘ်ထိုးခြင်း) ဆိုတာကလည်း စားပွဲအောက်က သွားတဲ့
အတွက် မြင်ရတာ မဟုတ်သလို လက်ဆုပ်လက်ကိုင် ပြဖို့လည်း ခက်တယ်။ အခုအစိုးရလက်ထက်မှာ
မှားသွားလို့ ပြင်ချင် တယ်ဆိုလည်းရတယ်။ နောက်အစိုးရလက်ထက်ထိ ဒီကိစ္စကိုဆက်လုပ်သွားရင်တော့
ထပ်ပြီးကန့်ကွက်မယ်"ဟု ဦးခင်ရွှေက ပြောသည်။ တင်ဒါ စည်းမျဉ်းများအရ အများပိုင် ကုမ္ပဏီကို
ဦးစားပေးမည်ဖြစ်ပြီး မူလမြေပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် မြေပိုင်ရှင်ကိုသာ ဦးစားပေးမည်ဟု
ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင်
အမည်ပျက်စာရင်းအဖြစ် မှတ်တမ်းတင်ခံထားရသည့် ကုမ္ပဏီနှင့်ဒါရိုက်တာများ၊ သက်ဆိုင်ရာ
တရားရုံးများတွင် ကုမ္ပဏီဖျက်သိမ်းရန် သို့မဟုတ် စာရင်းရှင်းလင်းရန် တင်ပြထားသည့် ကုမ္ပဏီများ၊
တရားစီရင်ရေး စနစ်အောက် သို့ ရောက်ရှိနေသည့် ကုမ္ပဏီများအပြင် ရာနှုန်းပြည့်
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် ပြုလုပ်ဆောင်ရွက်မည့် ကုမ္ပဏီများ ၀င်ရောက် ယှဉ်ပြိုင်ခြင်းကို
ကန့်သတ်ထားသည်ဟု သိရသည်။
"ကျွန်တော်တို့ မတင်တော့တာ မဟုတ်ဘူး။ သူတို့က တင်ဒါလာသွင်းတာကို လက်မခံ တော့တာပါ။
အခုထိလည်း အာမခံသွင်းထား တဲ့ သိန်း ၁,၀၀၀ ကို ပြန်မထုတ်ရသေးပါ ဘူး။ နဂိုကတည်းကိုက
သူတို့က ညှိထားပြီး သား။ အခုရတဲ့အဖွဲ့ကိုပဲ ပေးမယ်ဆိုတာ လည်း သိထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့
၀င်ပြိုင်ကြည့်လိုက်တာပါ"ဟု တင်ဒါအာမခံ ကြေးပေးသွင်းခဲ့သည့် မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ
အများပိုင်လီမိတက် ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက မတ် ၂၉ ရက်တွင် ပြောသည်။ တင်ဒါအောင်မြင်ခဲ့သည့်
Excellent Fortune Construction ကုမ္ပဏီသည် အစိုးရအဖွဲ့နှင့် မတ်လ ၂၅ ရက်နေ့တွင် စာချုပ် ချုပ်ဆို၍
ငွေကျပ်သိန်း ၆,၀၀၀ ပေးသွင်းခဲ့ပြီး တစ်ဧက သုံးသိန်းနှုန်းဖြင့် တစ်နှစ်လျှင် သိန်း ၁,၆၅၀ ကိုလည်း
ငါးနှစ်ဆက်တိုက် ပေး သွင်းသွားမည်ဖြစ်သည်ဟု သိရသည်။ မူလ ပိုင်ရှင်ဆိုသည့် လယ်သမားများထံမှ
မြေများ ကို သဘောတူညီချက်များဖြင့် ၀ယ်ယူထားပြီး ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ၏
ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ချထားပေးခဲ့ခြင်း ဖြစ်ပြီး အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ၏
လျှောက်ထားမှုမှာ တိုင်းဒေသကြီး အစိုးရကို လယ်သမားမြေများ သိမ်းယူစေ သည့် ပုံစံဖြစ်နေသဖြင့်
မရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း တင်ဒါအဖွဲ့ခေါင်းဆောင် ဦးကျော် စိုးက ပြောသည်။ "ရွေးတဲ့ပုံစံကတော့
တင်ဒါစိစစ်ရေး အဖွဲ့ကလည်း ရွေးသလို၊ အစိုးရအဖွဲ့ကလည်း စိစစ်တယ်၊ တင်ဒါပုံစံမှာကတည်းက
မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့လူကို ဦးစားပေးမယ်လို့ ဖော်ပြထားပြီးဖြစ်တယ်။ နှစ်သိန်းပေးမယ် ဆိုတဲ့
လူက အစိုးရကို မြေသွားသိမ်းခိုင်း တယ်။သူတို့တင်တဲ့ စာချုပ်တွေ ရှိတယ်၊ အစိုးရက ဒီခေတ်မှာ
မြေသိမ်းလို့ ရသေးလို့ လား၊ ဒီမိုကရေစီအစိုးရ မြေသိမ်းတာနဲ့ ဒီနေ့ သိမ်း မနက်ဖြန်ပြုတ်မယ်။
အဲဒီမြေက အစိုးရ မြေမဟုတ်ပါဘူး။ လယ်သမားပိုင်တွေပါ။ အစိုးရမြေဆိုရင် တန်ဖိုးနည်း အကွက်တွေ
လုပ်ပစ်လိုက်မှာပေါ့။ မူလလယ်သမားနဲ့ ကုမ္ပဏီနဲ့ လက်လွှဲလက်ပြောင်းလုပ်ထားတဲ့ မြေတွေကို
ခွင့်ပြုပေးလိုက်တဲ့ သဘောပါ၊ ပြည်တွင်းကုမ္ပဏီ တစ်ခုပါ"ဟု ၎င်းက ပြောသည်။
လယ်သမားထံမှ မြေများကို ကြိုတင်ဝယ်ယူထားပြီး ငွေကျပ်သိန်းပေါင်း ၆,၀၀၀ ကျော်ပေးသွင်းရုံဖြင့်
စက်မှုဇုန်အဖြစ် လုပ်ကိုင်ခွင့် ရရှိနိုင်သည့် အခွင့်အရေးကို မည်သည့် ပြည်တွင်းကုမ္ပဏီများမှ ရရှိနိုင်
ခြင်း မရှိသည့်အပြင် အစိုးရအဖွဲ့က တရားဝင် တင်ဒါ ခေါ်ယူထားသည့်အတွက် နိုင်ငံပိုင်မြေများဖြစ်
သည်ဟု ထင်မှတ်ကာ ၀င်ရောက် တင်ဒါ ဆွဲခြင်းဖြစ်ကြောင်း ဦးခင်ရွှေက ပြောသည်။ "လယ်သမားမြေကို
သွားပြီးစက်မှုဇုန်လုပ် ဖို့ အစိုးရက တင်ဒါ သွားပစ်လို့မရဘူးလေ။ သူတို့ဘာသာသူတို့ လက်ဝါးချင်း
ရိုက်ပြီးနေရင်လည်း ဘာဖြစ်လို့ သတင်းစာထဲ တင်ဒါခေါ်နေရသလဲ။ ဒီလိုလုပ်လို့ရကြေးဆို ဧက
ငါးရာတစ်ထောင်ဝယ်ပြီး အစိုးရကို နည်းနည်း ပါးပါးသွင်းပြီး စက်မှုဇုန်လုပ်ဖို့ အခွင့်အရေးရမလား။
အခုကြားထားတဲ့ သတင်းအရဆို တင်ဒါအောင်တဲ့ကုမ္ပဏီက လယ်သမားဆီ က မြေတောင်မဝယ်ရသေး
ဘူး။ စရန်ပေးရုံပဲ ရှိသေးတယ်။ အစိုးရက လုပ်ခွင့်ပေးမှ လယ်သမားကို သူတို့အပြီးငွေချေမယ့် ပုံစံနဲ့
လက်ဝါးရိုက်သွားတာ"ဟု ၎င်းက ပြောသည်။
တင်ဒါအောင်မြင်ခဲ့သည် Excellent Fortune Construction Public ကုမ္ပဏီ သည် သာကေတမြို့နယ်တွင်
၁၆ ဧကနှင့် မကြာမီက မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနပိုင် မြေ
၆၇ ဧကကို လုပ်ပိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီဖြစ်ကြောင်း သတင်းများထွက်ပေါ် နေသည့်အပြင်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားသည့် စက်မှုဇုန် စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်အချို့အရလည်း ဆေးဝါးထုတ်လုပ်သည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် TUORen နှင့် ဆိုလာပြားများနှင့်လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် CETC ကုမ္ပဏီများနှင့် ဆက်စပ်နေသော
မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ် သည်ဟု သိရသည်။

မတ်လ ၂၆ ရက်နေ့တွင် မြန်မာတိုင်း(မ်)က ယင်းစက်မှုဇုန် ပြုလုပ်မည့် မစိုကွင်းအနီးရှိ လယ်ပိုင်ရှင် ထောင်တလုပ်ကျေးရွာသားများထံသို့ သွားရောက်ဆက်သွယ်မေးမြန်း ကြည့်ရာ
လွန်ခဲ့သည့်ရက်သတ္တပတ်ကစတင် ကာ ကုမ္ပဏီတစ်ခုက မစိုကွင်းအတွင်းရှိ လယ် များကို
တစ်ဧကလျှင် ကျပ် ၂၇၅ သိန်းနှုန်းဖြင့် ပွဲစားများမှတစ်ဆင့် လာရောက်ဝယ်ယူနေပြီး ပထမ
အဆင့် စရန်ငွေအဖြစ် ကျပ် ၂၅ သိန်းကို ပေးချေထားကာ ကျန်ငွေများကို နှစ်ရစ်ခွဲကာ
လစဉ်ပေးချေသွားမည် ဖြစ်သည်ဟု သိရသည်။
















