ကျူးကျော် ပြဿနာကို ဆောက်လုပ်ရေး ၀န်ကြီးထံ တင်ပြရန် စီစဉ်နေ

ကျူးကျော် ပြဿနာကို ဆောက်လုပ်ရေး ၀န်ကြီးထံ တင်ပြရန် စီစဉ်နေ

အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော် တည်ဆောက်ရာတွင် အတားအဆီးတစ်ခုဖြစ် နေသည့် ကျူးကျော်ပြဿနာကို ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသစ်ထံ တင်ပြသွားရန်
စီစဉ်ဆောင်ရွက်နေကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထိန်က
ပြောသည်။

"၀န်ကြီးကိုအဓိက တင်ပြမယ့် ပြဿနာက တော့ အိမ်ရာတွေ ဖော်ဆောင်တဲ့နေရာမှာ ကြံုတွေ့ရတဲ့
ကျူးကျော်ကိစ္စပါ။ အရင်အစိုးရ လက်ထက်တုန်းကတော့ ကျူးတဲရှင်းမယ်ဆိုရင် ဒေသဆိုင်ရာအစိုး
ရရဲ့ခွင့်ပြုချက်နဲ့ အင်အား သုံးတာတို့၊ တခြားအဆင်ပြေမယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းခဲ့ရတယ်။
အခုဝန်ကြီးသစ်လက်ထက်မှာတော့ ဘယ်လိုမျိုးလမ်းညွှန်မလဲ ဆိုတာ မသိရသေးဘူး"ဟု
၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်
မြေများပေါ်တွင် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရာတွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အင်အားသုံး ဖြေရှင်းခြင်း၊ ခြောက်လစာ ပြောင်းရွှေ့ကြေး
ထုတ်ပေး၍ ဖယ်ရှားခြင်းများ ပြုလုပ်ခဲ့ရာ ကျူးကျော်နေထိုင်သူများနှင့် အာဏာပိုင် များအကြား
ထိပ်တိုက်ရင်ဆိုင်ရမှုများဖြစ် ပေါ်ခဲ့သည်။

အိမ်ခြံမြေ၊ တိုက်ခန်းငှားရမ်းခများ မြင့်တက်လာသည့်အတွက် အစိုးရပိုင်မြေများပေါ်တွင်
ကျူးကျော်တဲများထိုးကာ နေထိုင်ကြသည့် မိသားစုများ ရှိလာသလို နယ်မြို့များတွင် စီးပွားရေးနှင့်
အလုပ်အကိုင်များ ရှားပါးလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြောင်းရွှေ့အခြေ
ချနေထိုင်ကြသည့် ကျူးကျော်နေထိုင်သူများလည်း တိုးပွားလျက်ရှိသည်ဟု သက်ဆိုင်ရာတာဝန်
ရှိသူများက ပြောကြားသည်။ အမှန်တကယ်နေထိုင်ရန် အခက်အခဲရှိ သဖြင့် ကျူးကျော်နေထိုင်ရ
သူ အများအပြား ရှိသကဲ့သို့ ကျူးကျော်တဲများထိုးကာ ပြန်လည် အငှားချထားခြင်း၊ တဲများထိုးကာ
တန်ဖိုးတစ်ခု ဖြင့် ရောင်းချခြင်း အစရှိသည့် စီးပွားဖြစ် ကျူး များရှိနေပြီး စီးပွားရေးလုပ်ငန်းရှင်
အချို့က ကျောထောက်နောက်ခံပြုကာ စီမံကိန်း လုပ်ငန်းများ လုပ်ကိုင်ရန် သတ်မှတ်ထားသည့်
မြေနေရာများကို ဥပဒေမဲ့အင်အားအလုံး အရင်းဖြင့် ကျူးကျော်နေထိုင်သူများလည်း ရှိလာသည့်
အတွက် အမှန်တကယ်ကျူးကျော် နေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်းခွင် တစ်ခုအဖြစ်လုပ်ကိုင်
သည့် ကျူးကျော်များ အကြား အတိအကျ ဆန်းစစ်ခွဲခြားနိုင်ရန် ခက်ခဲကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။

"ဒဂုံဆိပ်ကမ်းထဲမှာဆို လုပ်စားကျူး အလုံး ၉၀၀ လောက်အထိရှိတယ်။ လှိုင်သာယာက
ကျွန်တော်တို့ လုပ်မယ့် ကျန်စစ်မင်းဆိုရင် လည်း စီမံကိန်းလုပ်မယ်လို့ ဆိုင်းဘုတ်ကပ်
လိုက်တာနဲ့ ညတွင်းချင်း ကျူးတဲ အလုံး ၃၀၀ လောက် ပေါ်လာတယ်။ နောက်ကွယ်မှာ
အင်တိုက်အားတိုက်နဲ့ ငွေထုတ်ပေးတဲ့ အဖွဲ့ တွေ၊ စီးပွားရေးသမားတွေလည်း ရှိတယ်။
အခုနောက်ဆုံး သူတို့ကို အာဏာပိုင်တွေနဲ့ ခေါ်ပြီး ထွက်သွားခိုင်းလိုက်ရတယ်"ဟု ၎င်းက
ပြောသည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများ၏ ခန့်မှန်းတွက်ချက်မှုများအရ
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အစိုးရနှင့် ပုဂ္ဂလိကပိုင် မြေနေရာများပေါ်တွင် ကျူးကျော်
နေထိုင်သူ မိသားစုပေါင်း ၈၀,၀၀၀ ကျော်ရှိပြီး စက်မှုဇုန်လုပ်ငန်း အများဆုံးတည်ရှိရာ
လှိုင်သာယာမြို့နယ်တွင် ကျူးကျော်နေထိုင်သူ အများဆုံးရှိနေသည်ဟု သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ကောက်
ယူထားသည့် စာရင်းများအရ ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် လှိုင်သာယာမြို့နယ်တွင် ကျူးကျော်
တဲပေါင်း ၁၄,၁၆၄ လုံးရှိပြီး ၂၀၁၅ ခုနှစ်မှ စ၍ ကျူးကျော်တဲထိုးလျှင် ဖျက်သိမ်းသည့်စနစ်ကျင့်
သုံးခဲ့သဖြင့် ကျူးကျော် တဲများ တိုးပွားလာမှု နည်းပါးလာသည်ဟု လှိုင်သာယာမြို့နယ်စည်ပင်
သာယာ အုပ်ချုပ် ရေးမှူး ဦးကြည်စိုးက ပြောသည်။ "၂၀၁၅ ခုနှစ်နောက်ပိုင်း ကျူးတဲ တစ်တဲ
တိုး တစ်တဲဖျက်သလို တဲတစ်တဲထိုးလာတာ နဲ့ ချက်ချင်း ရပ်ကွက်ပြည်သူတွေက အကြောင်း
ကြားလာတာတွေ ရှိတယ်။ နေစရာမရှိလို့ ကျူးရတဲ့ လူတွေကို အပြစ်မပြောချင်ပေမဲ့ တဲထိုးပြီး
ပြန်ငှားစားတာတို့၊ ရောင်းစား တာ တို့၊ ကျူးတဲထိုးဖို့ မြှောက်ပေးတဲ့ လူတွေ အများကြီး
တွေ့နေရတယ်။ လုပ်ကျူး၊ စီးပွား ရေးကျူးတွေလည်း အများကြီးပဲ ဖြေရှင်းဖို့ ခက်ပါတယ်" ဟု
၎င်းက ပြောသည်။

ဖျက်သိမ်းခံကျူးကျော်တဲတစ်ခုရှိ မိသားစုဝင်အချို့ကို တွေ့ရစဉ်။အီးပီအေ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော် နေထိုင်သူများအရေး ဖြေရှင်းနိုင်ရန် စီးပွားရေး
အခွင့်အလမ်းများ ဖော်ဆောင်နိုင်သည့် လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ အများအပြားဖော်ဆောင်ရန်
လိုအပ်သလို ကျူးကျော် နေထိုင်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများနှင့် နီးစပ်
သည့်ဒေသများ တွင် သင့်တင့်မျှတသည့် အငှားအိမ်ရာ စီမံကိန်းများ ဖော်ဆောင်ကာ နေရာချထား
ပေးရန်လိုအပ်နေသော်လည်း ကုန်ကျစရိတ် ပမာဏ လွန်စွာကြီးမားသည့်အတွက် အခက်
အခဲဖြစ်နေသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်တင့်က
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်