အရောင်းအဝယ် ကျဆင်းလျက်ရှိသည့်ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာ
စေရန်၊ တိုက်ခန်းဝယ်ယူထားသူများ၏ ပိုင်ဆိုင်မှု ခိုင်မာသေချာစေရန် တိုက်ခန်းအိမ်ရာဥပဒေသစ်ကို
ယခုအစိုးရသစ်လက်ထက်တွင် အမြန်ဆုံး ပေါ်ထွတ်လာစေရန် လိုအပ်နေပြီဖြစ်သည်ဟု အိမ်ခြံမြေနှင့်
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောကြားသည်။
''ကွန်ဒိုဥပဒေနဲ့ တိုက်ခန်းအိမ်ရာဥပဒေ နှစ်ခု တွဲတင်လိုက်ပေမဲ့ ကွန်ဒိုဥပဒေကတော့ ထွတ်လာတယ်။
တိုက်ခန်းအိမ်ရာဥပဒေက ဟိုလိုလို ဒီလိုလိုနဲ့ ပျောက်နေတယ်၊ မြေကွက်ကျဉ်းကျဉ်းတွေမှာ ဆောက်
ထားတဲ့ ကန်ထရိုက်တိုက်တွေက ဘဏ်မှာ ပေါင်နှံလို့ မရဘူး။ ငွေလိုရင် အပြင်ကနေ ငွေချေးနေရ
တယ်။ အဲဒီဥပဒေထွတ်လာရင် တိုက်ခန်းပိုင်ရှင်တွေလည်း ဘဏ်မှာပေါင်လို့ရလာသလို ပိုင်ဆိုင်မှု
အတွက်လည်း အစိုးရဆီမှာ စာရင်းသွင်းရမှာဖြစ်လို့ နိုင်ငံတော်ကလည်းအခွန်ဘဏ္ဍာရလာလိမ့်မယ်။
ဘဏ်တွေလည်းပိုအလုပ်ဖြစ်လာမယ်။ တိုက်ခန်းဆောက်တဲ့ လူတွေလည်း ပိုပြီးဆောက်လာနိုင်မယ်''
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း နာယက ဦးခင်ရွှေက ပြောသည်။
တိုက်ခန်းအိမ်ရာဥပဒေ ထွက်ပေါ်လာနိုင်ခြင်း မရှိသဖြင့် မိမိတို့ပိုင် တိုက်ခန်းများပင် ဖြစ်လင့်ကစား
အရောင်းအဝယ်ပြုလုပ်ရာ၌ အရပ်စာချုပ်များဖြင့် မြေပိုင်ရှင်အသိအမှတ်ပြု လက်မှတ်ရေးထိုးစေသည့်
စနစ်ဖြင့် ရောင်းဝယ်နေကြရဆဲဖြစ်သည်။ တိုက်ခန်းရောင်းဝယ်မှုများအတွက် တရားဝင် မှတ်ပုံတင်
အမည်ပြောင်းနိုင်ခြင်း မရှိသည့်အတွက်ကြောင့်လည်း နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရရှိမှု
နစ်နာစေသလို တိုက်ခန်းရောင်းဝယ်သူများက မြေရှင်များ ချမှတ်တောင်းဆိုထားသည့် အကျိုးဆောင်ခ
(လက်မှတ်ထိုးကြေး) များပေးကာ အရောင်းအဝယ် ပြုနေရဆဲဖြစ်သည်။
မြေရှင်အချို့၏ လက်မှတ်ထိုးကြေး မြင့်မားစွာတောင်းဆိုမှုများကြောင့် ယခုနောက်ပိုင်းတွင် ကိုယ်ပိုင်
တိုက်ခန်းများပင် အရောင်းအဝယ်ပြုလုပ်ရန် ပိုမိုခက်ခဲလာသည့်အတွက် နိုင်ငံတော်က တိုက်ခန်း
ပိုင်ရှင်များကို အမှန်တကယ် အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ် မဖြစ်မနေပြဋ္ဌာန်းရန်
လိုအပ်လာပြီဖြစ်သည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူး
ဒေါ်မို့မို့အောင်က ပြောသည်။
''တချို့ကငါးသိန်း၊ တချို့က ၁ဝ သိန်းလောက်အထိ တောင်းလာကြတယ်၊ မြေရှင်တောင်းသလောက်
ပေးရတယ်။ မှတ်ပုံတင်လည်း လုပ်လို့မရသလို ဘဏ်မှာလည်း ပေါင်လို့မရဘူး။ အိမ်ရှင်လက်မှတ်
မထိုးပေးရင် အိမ်ရှင်က အိမ်လခဖြတ်ပိုင်းဖြတ်ပေးမှာ မဟုတ်ဘူး။ အိမ်ရှင်ကိုဂရုမစိုက်ဘဲ ကိုယ့်
ဘာသာကိုယ် ဝယ်ကြရောင်းကြမယ်ဆိုရင်လည်း နောက်လူက အဲဒီအခန်းကို မဝယ်တော့ဘူး။
အဲဒါက အိမ်ခြံမြေလောကမှာ အစဉ်အလာလိုဖြစ်သွားတယ်။ ပုံမှန်ကတော့ သဘာဝမကျဘူး။
ကိုယ်က တိုက်ခန်းကို သိန်းပေါင်းများစွာနဲ့ အပြတ်တောင် ဝယ်ထားပြီးပြီ။တိုက်ခန်းအိမ်ရာဥပဒေ
ကို အစိုးရသစ်ကဘယ်လိုလုပ်ပေးမလဲဆိုတာ ဆက်လက်ကြည့်ရှုရမယ်'' ဟု ၄င်းက ပြောသည်။
တိုက်ခန်းများကို ဝယ်ယူရာတွင် တိုက်သစ်ဖြစ်ပါက မြေရှင်နှင့် ကန်ထရိုက်တာ (ဆောက်လုပ်ရေး
ကုမ္ပဏီ) များထံမှ တိုက်ရိုက်စာချုပ်ချုပ်ဆို ဝယ်ယူနိုင်သော်လည်း တိုက်ဟောင်းများဖြစ်ပါက တိုက်ခန်း
ဝယ်ယူရောင်းချခဲ့သူ အဆင့်ဆင့်၏ ဆက်စပ်စာချုပ်များ ပြည့်စုံမှသာ အရောင်းအဝယ် ပြုလုပ်နိုင်သည်။
တိုက်ခန်းများကို မြေရှင်၊ ကန်ထရိုက်တာများက ဆောက်လုပ်ကာ အခန်းများကို ရောင်းချထားပြီး
ဖြစ်သော်လည်း မြေပိုင်ဆိုင်မှုအတွက် မြေရှင်အခွင့်အရေးများကို မြေရှင်အချို့က အသင်းအဖွဲ့များ
ထံသို့ လှူဒါန်းခြင်း၊ မြေပိုင်ရှင် ပြောင်းလဲမှုများပြုလုပ်လာကြသည့်အတွက် တိုက်ခန်းပိုင်ရှင်များက
မိမိပိုင်တိုက်ခန်းများကို အရောင်းအဝယ်ပြုလုပ်ခြင်း၊ တစ်ဆင့်ပြန်လည်ငှားရမ်းခြင်း ပြုလုပ်ရာတွင်
မူလမြေရှင်များ တောင်းခံထားသည့် ရာခိုင်နှုန်းများထက် မြေရှင်သစ်များက စိတ်ကြိုက်ပုံစံဖြင့်
ပိုမိုတောင်းခံလာမှုများ ရှိလာသဖြင့် တိုက်ခန်းအရောင်းအဝယ်များ မကြာခဏ ပွဲပျက်လျက်
ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
''အခုနောက်ပိုင်း ဥပဒေမရှိတော့ ဘာတွေဆက်ဖြစ်လာကြသလဲဆိုတော့ မြေပိုင်ရှင်တွေက
အသင်းအဖွဲ့တွေကို မြေရှင်အခွင့်အရေးဆိုပြီး လ·လိုက်ကြတာတွေ ရှိတယ်။ သူတို့ကမြေညီထပ်
အရောင်းအဝယ်လုပ်ရင် လက်မှတ်ထိုးကြေး သိန်း ၄ဝ ပေးရမယ်တို့၊ ပထမထပ်ဆို ဘယ်လောက်
ဆိုပြီး မဟားတရားတောင်းတာတွေများလာတယ်။ အိမ်လခတိုးတောင်းတာ ပြဿနာမရှိပေမဲ့ အခုလို
လက်မှတ်ထိုးကြေး တိုးတောင်းလာကြလို့ အရောင်းအဝယ်ပျက်သွားတာ များတယ်။ လုပ်ထုံးလုပ်နည်းတစ်ခုလို ဖြစ်သွားတယ်။ နိုင်ငံတော်ကလည်း တိုက်ခန်းအရောင်းအဝယ်လုပ်ရင်
မြေရှင်ကို လက်မှတ်ထိုးကြေး ပေးရမယ်လို့ သတ်မှတ်တာ မဟုတ်ဘူး။ နိုင်ငံတော်ကလည်း
အိမ်ခြံမြေ လောကအတွက် အမှန်တကယ် အကျိုးရှိမယ့် ဥပဒေတစ်ခု ထွက်လာအောင် ဆောင်ရွက်
ပေးဖို့ လိုလာပြီ'' ဟု ဒေါ်မို့မို့အောင်ကပြောသည်။
တိုက်ခန်းများကို ဝယ်ယူပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း မြေရှင်များသို့ အိမ်လခအဖြစ် လစဉ်သတ်မှတ်ထားသည့် ငွေများကို ပေးချေနေရဆဲဖြစ်သည့်အပြင် အရောင်းအဝယ် ပြုလုပ်ခြင်းနှင့် မိမိပိုင်တိုက်ခန်းများကို ပြန်လည်ငှားရမ်းရာတွင် မြေရှင်အသိအမှတ်ပြု အိမ်လခဖြတ်ပိုင်းများ
ရရှိရေးအတွက် ရောင်းချသူဘက်က တာဝန်ယူလုပ်ဆောင်ရဆဲဖြစ်ပြီး မြေရှင်တောင်းဆိုသည့်
ငွေကြေးများကိုလည်း ရောင်းချသူဘက်က ပေးချေနေရဆဲဖြစ်သည်။
အစိုးရပိုင်မြေများ၊ အသင်းအဖွဲ့ပိုင်မြေများပေါ်တွင် ပြည်တွင်းပြည်ပ ဆောက်လုပ်ရေးကုမ္ပဏီများနှင့်
အကျိုးတူဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဝယ်ယူနေထိုင်သူ မိသားစုများအတွက်
ရေရှည်တိုက်ခန်းပိုင်ဆိုင်မှုကို အာမခံချက်ပေးနိုင်သည့် ဥပဒေများ လိုအပ်နေဆဲဖြစ်သလို ပုဂ္ဂလိကပိုင် မြေနေရာများပေါ်တွင် ဆောက်လုပ်ထားသည့် တိုက်ခန်းများကို ဝယ်ယူနေထိုင်သူ
မိသားစုများ၏ သားစဉ်မြေးဆက် ပိုင်ဆိုင်မှုအတွက်လည်း ခိုင်မာသည့် ဥပဒေများဖြင့် အကာအကွယ်
ပေးရန် လိုအပ်လျက်ရှိသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။
''ဘီအိုတီ (BOT) ဆိုရင်လည်း နှစ် ရဝ ငှားထားတာ။ နှစ် ရဝ ပြည့်သွားရင် အခန်းနေတဲ့ သူတွေက
ဖယ်ပေးရမှာလား၊ ဆက်နေရမှာလား၊ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိကြသေးဘူး။ ကျွန်တော်
တို့နေတဲ့တိုက်ဆို ကိုယ့်အခန်းကိုယ်ငှားတာပဲ ဖြစ်ဖြစ်၊ နောက်တစ်ယောက်ကို ပြန်ရောင်းတာပဲ
ဖြစ်ဖြစ် မြေရှင်တောင်းတဲ့ သုံးရာခိုင်နှုန်းကိုပေးရမယ်ဆိုပြီး တိုက်ခန်းဝယ်ကတည်းက စာချုပ်ထဲမှာ
ကို ထည့်ချုပ်ထားတယ်။ ငွေလိုလို့ တိုက်ခန်းကို ဘဏ်မှာပေါင်လို့ မရတဲ့အတွက် အပြင်က
အတိုးကြီးနဲ့ ငွေချေးပြီး လုပ်ရတဲ့လူတွေ အများကြီးရှိတယ်'' ဟု စမ်းချောင်းမြို့နယ်တွင် တိုက်ခန်း
ဝယ်ယူ၍ ရုံးခန်းဖွင့်လှစ်ထားသည့် L & S Trading ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်စိန်က
ပြောသည်။
















