ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ အစိုးရပိုင်မြေ ၁၈၃ ဧကပေါ်တွင်
အခန်းပေါင်း ၁၅,ဝဝဝ ထွက်ရှိမည့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည်ဟု ဆောက်လုပ်ရေး
စီမံကိန်းတွင် ဦးဆောင် ဆောက်လုပ်ရေးလုပ်ငန်းရှင်အဖြစ် ဆောင်ရွက်မည့် Capital
Development ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းက ပြောသည်။
ထိုတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို Capital Developmentကုမ္ပဏီက ဦးဆောင်ကုမ္ပဏီအဖြစ်
အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ပြီး စေပိုင်ဆောက်လုပ်ရေးလုပ်ငန်းနှင့် Bagan
Business Group ဆောက်လုပ်ရေးလုပ်ငန်းများက ပူးတွဲလုပ်ငန်း အကောင်အထည်ဖော်သူများ
အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
''Capital development ကုမ္ပဏီက အစိုးရကို တန်ဖိုးနည်းအိမ်ရာ အခန်း၃,ဝဝဝ နဲ့ ငွေကျပ်
သုံးဘီလျံနဲ့ lead developer အဖြစ် တင်ဒါအောင်ခဲ့တာပါ။ lead developer ဖြစ်လို့
စီမံကိန်းတွေကို Capital Development က ဦးဆောင်ဆွဲပြီး တခြား developer ကုမ္ပဏီတွေနဲ့
ညှိနှိုင်းဆောင်ရွက်သွားပါမယ်။ တခြားစိတ်ဝင်စားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကိုလည်း
ဖိတ်ခေါ်ဆောင်ရွက်သွားပါမယ်'' ဟု ဦးတင်မောင်ဝင်းက ပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရဟောင်းက ၂ဝ၁၅ ခုနှစ်၊
ဧပြီလတွင် ချိပ်ပိတ်တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရွှေတောင်ကုမ္ပဏီ၊ ထူးဆောက်လုပ်ရေးလုပ်ငန်း ၊
FCGC (IGE Group)၊ ချမ်းသာရွှေမြေကုမ္ပဏီနှင့် Young Entrepreneur Group ကုမ္ပဏီ အပါအဝင်
ဆောက်လုပ်ရေးကုမဏီ ၁၂ ခုက စီမံကိန်းတင်ဒါ တင်သွင်းခဲ့ကြသည်ဟု သိရသည်။
စီမံကိန်း အကောင်အထည်ဖော်ရန် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကုမ္ပဏီသုံးခုကို ပဏာမရွေးချယ်
ခဲ့ပြီး မတ်လကုန်တွင်စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း ဦးတင်မောင်ဝင်းက
ပြောသည်။
''တင်ဒါရွေးတာ ကိုးလလောက်ကြာသွားတယ်။ စီမံကိန်း အကောင်အထည်ဖော်ဖို့ တင်ဒါကို
ကုမ္ပဏီတွေကို ခွဲပေးမလား၊ တစ်ကွက်လုံး ဆောက်ချင်တဲ့သူတွေကိုပဲ ပေးမလား ဆွေးနွေးပြီး
နောက်ဆုံးမှာ တစ်ကွက်လုံး ဆောက်နိုင်တဲ့သူတွေကိုပဲ ပေးမယ်ဆိုပြီး ရွေးချယ်ခဲ့တာပါ'' ဟု
၄င်းကပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို တိုင်းဒေသကြီးအစိုးရက ရေပေးဝေနိုင်သည့်အချိန်တွင်
စတင်ဆောက်လုပ်မည်ဖြစ်ပြီး တည်ဆောက်ချိန် ခြောက်နှစ် ကြာမြင့်မည်ဖြစ်သည်ဟု သိရသည်။
''တိုက်ခန်းတွေစဆောက်လုပ်ဖို့ ကုမ္ပဏီဘက်က လုပ်ပေးရမှာတွေရှိတယ်။ တိုင်းဒေသကြီး
အစိုးရဘက်က လုပ်ပေးရမှာတွေရှိတယ်။ အဓိကကတော့ ရေပေါ့။ တိုင်းဒေသကြီးအစိုးရဘက်က
ရေရအောင်လုပ်ပေးမှ စတင်ဆောက်လုပ်လို့ရမှာပါ။ တိုင်းဒေသကြီးဘက်က ၂ဝ၁၈ လောက်မှာ
ရေပေးနိုင်မယ်လို့ပြောထားလို့ ၂ဝ၁၈ ခုနှစ်မှာ စတင်ဆောက်လုပ်မှာပါ'' ဟု ဦးတင်မောင်ဝင်းက
ပြောသည်။
အဆောက်အအုံ အရည်အသွေး ကောင်းမွန်ရေးအတွက် ရေ၏ အရည်အသွေးကောင်းမွန်ရန်
လိုအပ်ပြီး အဆောက်အအုံတည်ဆောက်ပြီးပါကလည်း နေထိုင်သူများအတွက် အရည်
အသွေးပြည့်မီသော ရေရရှိရန် လိုအပ်သောကြောင့် ၂ဝ၁၈ ခုနှစ်တွင် စတင်ဆောက်လုပ်ရန်
စီစဉ်ထားခြင်းဖြစ်သည်ဟု သိရသည်။
''အဲဒီမှာ ရေကိုသွားဆန်းစစ်ခဲ့တယ်။ အရည်အသွေးက အရမ်းဆိုးပါတယ်။ အဲဒီရေကို ပြုပြင်ရင်တော့ ရပါပေမဲ့ ရေရဲ့တန်ဖိုးက စျေးမြင့်သွားပြီးတော့ တန်ဖိုးနည်းအိမ်ရာဆိုတဲ့ ဦးတည်ချက်ကို
မီမှာမဟုတ်တော့ဘူး'' ဟု ¤င်းကပြောသည်။
















