ဘုရင့်နောင်တံတား ဖြတ်သန်းခ နှုန်းထားကို ပြန်လည်ညှိနှိုင်းပေးမည်

ဘုရင့်နောင်တံတား ဖြတ်သန်းခ နှုန်းထားကို ပြန်လည်ညှိနှိုင်းပေးမည်

လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်များမှ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း ပြည်ပ
ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် ဘုရင့်နောင် တံတား ဖြတ်သန်းခ နှုန်းထားများ
မြင့်မားနေသည့်အတွက် ပြန်လည်ညှိနှိုင်းကာ သင့်တင့်မျှတသည့် နှုန်းထားတစ်ခု
ဖြစ်လာစေရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ လုပ်ဆောင်ပေးသွားမည်ဟု
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

"အခုတံတားနှစ်စင်းဖြစ်သွားပြီ၊ ဆောက်လုပ်ရေးနဲ့ ပြန်ညှိပေးမယ်။ ကုန်ကျစရိတ်
ဘယ်လောက်ရှိသလဲ၊ ဘယ်အဆင့်လောက်ဆိုရင် အရင်းကျေပြီလဲ။ ဘယ်ဈေးနဲ့ကောက်ရင်
သင့်တင့်မျှတတဲ့ အခြေအနေဖြစ်မလဲဆိုတဲ့ အခြေအနေတစ်ခုဖြစ်အောင်ညှိနှိုင်းပါ့မယ်။
ဒီတံတားကိုဘယ်လောက်တင်ဒါပေးထားလဲ ဆိုတာလည်း ကျွန်တော်တို့ မေးကြည့်မယ်။
တချို့တင်ဒါတွေက နိုင်ငံတော်က ဘာမှ မရဘူး။ ကိုယ့်နဲ့ ပတ်သက်ပြီးသင့်တော်တဲ့ လူတွေကို
လက်သိပ်ထိုး တင်ဒါပေးထား တယ်။ ဒီလိုအခြေအနေမျိုးတွေကိုလည်း ကျွန်တော်တို့
ပြုပြင်ပြောင်းလဲရပါမယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှ ထုတ်ကုန်များကို ရန်ကုန် ဆိပ်ကမ်းမှတစ်ဆင့် စင်ကာပူနိုင်ငံသို့ တင်ပို့
ရာတွင် ပေ ၂၀ အရှည်ကွန်တိန်နာ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၃၀ ကျော်သာ ကျသင့်
သော်လည်း လှိုင်သာယာစက်မှုဇုန်မှ ထုတ်လုပ် သည့် ကုန်ပစ္စည်းတင် ကွန်တိန်နာ တစ်လုံး ဘုရင့်နောင်တံတားကို ဖြတ်သန်းမည်ဆိုပါက ဖြတ်သန်းခ မြန်မာကျပ်ငွေ ကျပ်ငါးသောင်း
(ဗဟိုဘဏ်ပေါက်ဈေး ၄၂ ဒေါ်လာ) နှင့် ပေ ၄၀ အရှည်ကွန်တိန်နာတစ်လုံး ဖြတ်သန်းမည်
ဆိုပါက ကျပ်ခုနစ်သောင်းထိ ပေး နေရသဖြင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာရသည်ဟု
တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဧပြီ ၂၅ ရက်က တွေ့ဆုံစဉ် စက်မှုဇုန်လုပ်ငန်းရှင်များက တင်ပြခဲ့
သည်။ ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်အမှတ် (၁)၊ (၂)၊ (၃)၊
(၄)၊ (၅)၊ (၆)၊ (၇) နှင့် ရွှေသံလွင်၊ ငွေပင်လယ်၊ မြစိမ်းရောင်၊ ရွှေလင်ပန်းစက်မှုဇုန်များမှ
ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင် ရာတွင် ဘုရင့်နောင်မြစ်ကူးတံတားကို ဖြတ်သန်း
အသုံးပြုနေရခြင်းဖြစ်သည်။ အကျယ်အဝန်း ၁,၄၀၀ ဧကကျော်ရှိ လှိုင်သာယာစက်မှုဇုန်
အမှတ် (၁)၊ (၂)၊ (၃)၊ (၄)၊ (၆)၊ (၇) များအတွင်း၌ ပို့ကုန်လုပ်ငန်းများဖြစ်သည့် ပဲလုပ်ငန်း
စက်ရုံ ၂၅၀၊ အထည်ချုပ်လုပ်ငန်း ရ၄ ရုံ၊ ရေထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း ၁၈ ရုံနှင့်
သစ်အခြေခံလုပ်ငန်းလုပ်ကိုင်သည့် အလုပ်ရုံ ၁၄ ရုံရှိနေပြီး လုပ်သား အင်အား နှစ်သိန်းကျော်ကို
အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်သလို မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သည့်
ကုန်ပစ္စည်း များ၏ ရ၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနေ သည့် စက်မှုဇုန်များဖြစ်ကြောင်း
လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းဆိုင်ကပြောသည်။

"ကျွန်တော်တို့လို လှိုင်မြစ်တစ်ဖက်ကမ်း မှာ အလုပ်လုပ်ရတဲ့ လုပ်ငန်းရှင်တွေ တံတားကူးခပေးရတာ
အင်မတန်ဒုက္ခများပါတယ်။ တံတားကိုကူးလိုက်တာနဲ့ ငွေငါးသောင်းနဲ့ ခုနစ်သောင်းပိုကုန်ကျပါတယ်။
ဒေါ်လာဈေး နဲ့ပြောရရင် ဒေါ်လာ ၄၀ နဲ့ ၆၀ အကြားပေးရပါ တယ်။ ရန်ကုန်ကနေ ပေ ၂၀
ကွန်တိန်နာ စင်ကာပူကိုပို့မှ ဒေါ်လာ ၃၀ ကနေ ၄၀ အကြား ဘဲကျပါတယ်။ တံတားကြေး
အများကြီးပေးနေရတာ ဖြစ်သင့်မဖြစ်သင့်နဲ့ အမြန်ဆုံးဖြေ ရှင်းသင့်မသင့်ဆိုတာ ၀န်ကြီးချုပ်
အနေနဲ့ လည်း စဉ်းစားလို့ရပါတယ်။ လှိုင်သာယာနဲ့ ရွှေပြည်သာမှာပဲရောင်းတာချင်းတူတူ
လှိုင်သာယာကပဲက အလိုလို တစ်တန်ကို ငွေ ငါးသောင်းများနေပါပြီ" ဟု ၎င်းကတင်ပြခဲ့သည်။

မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ် အကြား ဆက်သွယ်ဆောက်လုပ်ထားသည့်
ဘုရင့်နောင်တံတား အမှတ် ၁ မှာ လှိုင်သာယာ မြို့သစ်စတင်တည်ထောင်ခဲ့သည့် ၁၉၉၀
ပြည့်နှစ်ဝန်းကျင်တွင် တည်ဆောက်ခဲ့ခြင်းဖြစ် ပြီး စက်မှုဇုန်များတိုးချဲ့ဖော်ထုတ်လာခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ဆောက်လုပ် ရေးဝန်ကြီးဌာနက ဘုရင့်မြစ်ကူးတံတား
အမှတ် (၂) ကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ရာ လက်ရှိအချိန်တွင် အသုံးပြုဖြတ်သန်းနေ
ပြီဖြစ်သည်။

"ဘုရင့်နောင်မြစ်ကူးတံတား ဆောက် တာ၊ တင်ဒါပေးတာကတော့ နေပြည်တော် ဆောက်လုပ်ရေးက
တိုက်ရိုက်လုပ်တာပါ၊ စည်ပင်ကလုပ်တဲ့တံတားတွေထဲမပါသလို စည်ပင်ကလည်း ဒီတံတား
အတွက် တင်ဒါ မလုပ်ပါဘူး" ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန
(လမ်းတံတား) မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ တင်ဒါရရှိခဲ့သည့် ကုမ္ပဏီ နှင့်
တင်ဒါအောင်မြင်ခဲ့သည့် ဈေးနှုန်းများကို သိရှိနိုင် ရန် နေပြည်တော်ရှိဆောက်လုပ်ရေး
၀န်ကြီး ဌာနကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်