ဘုန်းကြီးကျောင်းကို အင်အားသုံး ဖယ်ရှားခဲ့သည့် ဇေကမ္ဘာကုမ္ပဏီကို တရားစွဲမည်

ဘုန်းကြီးကျောင်းကို အင်အားသုံး ဖယ်ရှားခဲ့သည့် ဇေကမ္ဘာကုမ္ပဏီကို တရားစွဲမည်

မင်္ဂလာဒုံမြို့နယ် မိုးကောင်းပရိယတ္တိစာသင်တိုက်အတွင်းရှိ ဆောက်လုပ်ဆဲ ကျောင်းဆောင်
သစ်တစ်ခုကို ဧပြီလ ၁၃ ရက်နေ့တွင် ဇေကမ္ဘာကုမ္ပဏီက လုံခြံုရေးဝန်ထမ်းများက အင်အားသုံးကာ လာရောက်ဖျက်ဆီးဖယ်ရှားခဲ့သည့်အတွက် ဇေကမ္ဘာကုမ္ပဏီကို တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်း
ကျောင်းထိုင်ဆရာတော် ဦးနိသာကရက ဧပြီလ ၂၂ ရက်တွင် မြန်မာတိုင်း(မ်)နှင့် သီးခြားတွေ့ဆုံ
စဉ် မိန့်ကြားခဲ့သည်။

"အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဇုန်၄ က တာဝန်ခံကိုမျိုးခိုင်ဆိုသူက ဇေကမ္ဘာကုမ္ပဏီက
လုံခြံုရေးဝန်ထမ်းဝတ်စုံဝတ်ထား တဲ့ လူအင်အား ၂၀ ကို ဦးဆောင်ပြီး ရောက် လာတယ်။
ရိုင်းရိုင်းစိုင်းစိုင်း ပြောပြီး မဆောက် ဖို့လာတားတယ်။ ဘုန်းကြီးကိုလည်း ဆဲသွား သေးတယ်။
ည ၉ နာရီလောက်မှာ နောက်ထပ် လူ ၃၀ လောက်နဲ့ ထပ်လာပြီး ဖျက်သွား တယ်။ ဘုန်းကြီးက
ဓာတ်မီးနဲ့ ထိုးကြည့်လိုက်လို့ သူတို့မှန်းသိရတာ၊ သူတို့ဘက်က လောက်လေးခွနဲ့ ပစ်လို့
ကျောင်းအကျိုးတော်ဆောင် ဦးချစ်ဦးမောင်တောင် မျက်လုံးကို ထိခိုက် မိသွားတယ်။ ဖြစ်စဉ်ကို
ထောက်ကြန့်ရဲစခန်း ကိုလည်း သွားသတင်းပို့ထားတယ်။ ဒီလို ဖြစ်စဉ်တွေက မကြာခဏ
ဖြစ်နေတဲ့အတွက် တရားမျှတမှုအတွက် ဇေကမ္ဘာကုမ္ပဏီကို တရားစွဲဖို့ လုပ်နေပါပြီ"ဟု
ဆရာတော်က မိန့်ကြားသည်။

ရွှေနံ့သာစံပြကျေးရွာနှင့် ပေါင်းကူးဉာဏကျေးရွာ နှစ်ခုအတွင်းရှိ ရွှေနံ့သာကွင်း မှာ ဧက
၁,၂၀၀ ကျော်ကျယ်ဝန်းပြီး မူလပိုင်ရှင် လယ်သမားများထံက တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့်
ဇေကမ္ဘာကုမ္ပဏီက ၈၁၅ ဧက ၀ယ်ယူခဲ့သည်။ ဇေကမ္ဘာကုမ္ပဏီက အမှတ် (၄) မင်္ဂလာဒုံစက်မှု
ဇုန်အဖြစ် ဖော်ဆောင် လုပ်ကိုင်နေခြင်းဖြစ်ပြီး စက်မှုဇုန်တစ်ခုလုံး အကျယ်အဝန်းမှာ ဧက ၃,၀၀၀ ကျော်
ကျယ်ဝန်းသည်ဟု သိရသည်။ သင်္ကြန်ကာလအတွင်းက ဖယ်ရှားခံခဲ့ရ သည့် ဘုန်းတော်ကြီးကျောင်း
ဆောက်လုပ်နေ သည့် မြေနေရာမှာ အမှတ် (၄) မင်္ဂလာဒုံစက်မှု ဇုန်နှင့်ထိစပ်လျက်ရှိပြီး ပေါင်းကူး
ဉာဏ ကျေးရွာတောင်ပိုင်းတွင် တည်ရှိသည်။ အဆိုပါ ဘုန်းကြီးကျောင်းမှာ ဇေကမ္ဘာကုမ္ပဏီက
ပေး အပ်သည့် ကရုဏာကြေးငွေကို လက်ခံထား ခြင်းမရှိသည့် လယ်သမားဦးအောင်ငွေ ပိုင်ဆိုင်
သည့် လယ်မြေပေါ်တွင် တည်ဆောက်ထား ခြင်းဖြစ်ပြီး လယ်ပိုင်ရှင်ဦးအောင်ငွေက နိသာကရာရာမ
မိုးကောင်းပရိယတ္တိ စာသင်တိုက်ဆောက်လုပ်ရန် ပေ ၁၀၀ ပတ်လည်မြေကို စတင်တည်ထောင်ခဲ့
သည့် မူလဆရာတော် ဦးကောဝိဒထံသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါမြေနေရာမှာ လယ်သမားဦးအောင်ငွေက ဆရာတော် ဦးကောဝိဒထံ လှူဒါန်းခဲ့ပြီး ဖြစ်သည့်
အပြင် ဇေကမ္ဘာကုမ္ပဏီထုတ်ပေးခဲ့ သည့် ကရုဏာကြေးကို ထုတ်ယူထားခြင်းမရှိ သည့် မြေများဖြစ်
သည်ဟု ရွှေနံ့သာကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထောက်ခံလျက်
ရွှေနံ့သာကျေးရွာအုပ်စု၊ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ၂၀၁၅ ခုနှစ်၊ အောက်တို
ဘာလအတွင်း ဇေကမ္ဘာ ကုမ္ပဏီသို့ စာတစ်စောင် ပေးပို့ခဲ့သည်ဟု သိရသည်။

ယခင်အစိုးရလက်ထက်တွင် မင်္ဂလာဒုံစက်မှုဇုန် ဖော်ဆောင်ရန် မြေတစ်ဧကလျှင် ကျပ်သိန်း ၄၀
နှုန်းဖြင့် ဇေကမ္ဘာကုမ္ပဏီထံ ရောင်း ချခဲ့ပြီး ကုမ္ပဏီက လိုအပ်သည့် အခြေခံအဆောက် အအုံများ
တည်ဆောက်ကာ ၂၀၁၀ ပြည့်နှစ် တွင် တစ်ဧကလျှင် ကျပ်သိန်း ၂၀၀ ၀န်းကျင်ဖြင့်
ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း စက်မှုဇုန်သစ်များ
ထပ်မံဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် စက်မှုဇုန် မြေဈေးများ အဆမတန်မြင့်တက်လာရာ
လက်ရှိအချိန်တွင် မင်္ဂလာဒုံစက်မှုဇုန်ရှိ မြေ တစ်ဧကဈေးနှုန်းမှာ ကျပ်သိန်း ၃,၀၀၀ ကျော်
အထက်တွင် ရှိနေသည်ဟု သိရသည်။

မြေပိုင်ဆိုင်မှုအငြင်းပွားနေသည့် စာသင်တိုက်နေရာ။ဇေယျာလင်း / မြန်မာတိုင်း(မ်)

မင်္ဂလာဒုံစက်မှုဇုန်ကို ဇုန်လေးခုခွဲကာ တည်ဆောက် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပြီး၊
စက်မှုဇုန်အမှတ် (၄) ကို နောက်ဆုံး ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ အမှတ် (၄) စက်မှု ဇုန်အတွက်
၂၀၁၀ ပြည့်နှစ်မတိုင်မီကတည်း ကပင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဆောက် လုပ်ရေးဝန်ကြီး
ဌာနများ၏ ခွင့်ပြုချက်ရရှိထား ပြီးဖြစ်သော်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ခံချက်ထုတ်ပေးခြင်း မရှိသည့်အတွက် လယ်
သမားအရေး ဆောင်ရွက်သူများ၊ ကျူးကျော် နေထိုင်သူများနှင့် မူလလုပ်ကိုင်ခွင့်ရရှိထား သည့်
ဇေကမ္ဘာကုမ္ပဏီအကြား အပြန်အလှန် တရားစွဲဆိုမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဇေကမ္ဘာ
ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။

"ဦးမြင့်ဆွေငါးနှစ် အုပ်ချုပ်သွားတုန်းက လည်း နိုင်ငံရေးကစားသလိုလုပ်ပြီး လက်မှတ်
ထိုးမပေးခဲ့ဘူး။ သူ့နောက်ကဇုန်တွေ လက်မှတ် ထိုးပေးခဲ့ကြတယ်။ အခုရန်ကုန်ဝန်ကြီးချုပ်
ဖြိုးမင်းသိန်းကိုလည်း အပြီးသတ်ဖို့ စာတင်ထား ပါပြီ။ ဇုန်ထဲမှာကျူးကျော်နေတဲ့ သူတွေ အများ
ကြီး ရှိသလို၊ ကျူးနေတဲ့ ဘုန်းကြီးကျောင်း ၃၀ လောက်ရှိတယ်။ သူတို့ဘက်က တရားစွဲမယ်ဆိုရင်
လည်း စွဲပေါ့။ အားလုံးကို တရားစွဲခွင့် ပေးထားပါတယ် "ဟု ဦးခင်ရွှေက ဧပြီလ ၂၂ ရက်တွင်
ပြောသည်။ အဖယ်ရှားခံခဲ့ရသည့် ဘုန်းတော်ကြီး ကျောင်းမှာ တရားဝင်ဘုန်းတော်ကြီးကျောင်း
အဖြစ် မြို့နယ်သံဃမဟာနာယကအဖွဲ့က သတ်မှတ်ခဲ့ပြီးဖြစ်သော်လည်း လယ်သမားပိုင် မြေကို
သာသနာ့ပိုင်မြေအဖြစ် သတ်မှတ် ရန်မှာ ထောက်ခံချက် အဆင့်ဆင့်လိုအပ်ခြင်း၊ မသမာသူများက
မိမိပိုင်လယ်များအဖြစ် ဟန်ဆောင်သတ်မှတ်ကာ ကျူးကျော်တဲများ ထိုးကာ
အဆင့်ဆင့်ပြန်လည်ရောင်းချခြင်း၊ အာဏာပိုင်များက အရေးယူခြင်း မရှိသဖြင့်
ယခုကဲ့သို့ ကုမ္ပဏီက လုံခြံုရေးအင်အား အသုံး ပြုကာ ကျူးကျော်ဆောက်လုပ်ထားသည့်
ဘုန်းကြီးကျောင်းများ၊ တဲများကို ဖျက်သိမ်းရှင်းလင်းရခြင်းဖြစ်သည်ဟုလည်း ၎င်းက
ပြောသည်။

"မြို့နယ်သံဃမနာယက အဖွဲ့ဆိုတာ ၀တ္ထုကပ်လိုက်ရင် လာသလောက်ကို လက်မှတ်
ထိုးပေးနေတဲ့ သဘောရှိတယ်။ ဘုန်းကြီး ကျောင်းဆောက်ဖို့ဆိုရင် ပြည်ထဲရေးနဲ့
သာသနာရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးတို့က ခွင့်ပြုချက်ရဖို့လိုတယ်။ လယ်
သမားဆီက မြေဝယ်ပြီး ဘုန်းကြီးကျောင်းဆောက် လို့မရဘူး။ သာသနာမြေအဖြစ်
သတ်မှတ် လိုက်တဲ့ အဝန်းအဝိုင်းကို အစိုးရမြေအဖြစ် ကနေ နုတ်လိုက်ရတယ်။
ဘုန်းကြီးတချို့က နေရာဝင်ဦးပြီး ပြန်ရောင်းစားတဲ့ ကိစ္စတွေက ဇုန်ထဲမှာ အများကြီးဖြစ်နေတယ်" ဟု
ဦးခင်ရွှေက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်