ရန်ကုန်မြို့အတွင်းရှိ အထင်ကရ ရှေးဟောင်းအဆောက်အအုံများကို ရှေးမူမပျက် ပြန်လည်
ပြုပြင်ရန် အစိုးရအဖွဲ့ထံ တင်ပြထားပြီး၊ ခွင့်ပြုပေးသည့် အဆောက်အအုံများကို
အမြန်ဆုံးပြန်လည်ပြုပြင်ပေးသွားရန် စီစဉ်ထားသည်ဟု အင်္ဂလန်နိုင်ငံအခြေစိုက်
ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများ ပြုပြင်မွမ်းမံရေးအဖွဲ့ က Turquoise
Mountain ၏ စီမံကိန်းအင်ဂျင် နီယာ ဦးကိုကိုက ပြောသည်။

"အစိုးရလူကြီးတွေနဲ့ညှိနှိုင်းပြီး ခွင့်ပြုပေးမယ့် အထင်ကရအဆောက်အအုံတွေကို ပြင်ပေးပါမယ်။
ရှေးဟောင်းအဆောက်အအုံတွေတော်တော်များများက အစိုးရပိုင်တွေများ တော့ အကုန်လုံးကို
ပြုပြင်ထိန်းသိမ်းဖို့ကလည်း သူတို့အတွက် မလွယ်နိုင်ဘူးလေ၊ အဆောက်အအုံတွေကို မပြုပြင်
မထိန်းသိမ်းရင်လည်း ကြာရင် ပျက်စီးသွားနိုင်တယ်"ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့နှင့် Turquoise Mountain တို့ ပူးပေါင်း
ပြုပြင်ထိန်းသိမ်းထားသည့် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ကုန်သည်လမ်းပေါ်မှ ပုဂ္ဂ လိကပိုင်
အဆောက်အအုံတစ်လုံးကို အများ ပြည်သူကြည့်ရှုလေ့လာနိုင်ရန် ဧပြီ ၃၀ ရက် က အခမ်း
အနားဖြင့် ဖွင့်လှစ်ခဲ့သည်။ ၁၉၁၀ ပြည့်နှစ်က တည်ဆောက်ခဲ့သည့် အဆိုပါရှေးဟောင်း
အဆောက်အအုံ ပြုပြင် ထိန်းသိမ်းရာတွင် ကျပ်ငွေသိန်း ၃,၀၀၀ ကျော် ကုန်ကျခဲ့ပြီး၊ ဝေလ
မင်းသားဖောင်ဒေးရှင်း၊ ကနေဒါနိုင်ငံ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာန၊ Global
Heritage Fund နှင့် Alphawood ဖောင်ဒေးရှင်းတို့က ရန်ပုံငွေထည့်ဝင်ခဲ့ကြသည်။ ကုန်သည်လမ်းပေါ်ရှိ ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများကို ပြီးခဲ့သည့်နှစ်
ဇူလိုင်လတွင် စတင်ခဲ့ခြင်းဖြစ်သည်။
"ရှေးဟောင်းအဆောက်အအုံ အားလုံးကို ထိန်းသိမ်းဖို့လိုပါတယ်။ ဘဏ္ဍာငွေရရှိမှု အပေါ် မူတည်ပြီး
ပထမအဆင့် ဦးစားပေး၊ ဒုတိယအဆင့် ဦးစားပေးဆိုပြီး ခွဲခြားသတ်မှတ် ပြင်ဆင်သွားပါမယ်။ အဓိက
ဦးစားပေးချင်တာ ကတော့ မြို့တွင်းက အဆောက်အအုံတွေ ပါပဲ။ မြို့တော်စည်ပင်က မြို့ပြစီမံကိန်း
အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်သွားမှာပါ"ဟုဦးကိုကိုက ပြောသည်။ ရှေးဟောင်း
အဆောက်အအုံများကို ပြုပြင်ရန်
ပြင်ဆင်မှုများပြုလုပ်ရာတွင် အဆောက်အအုံကြံ့ခိုင်မှုနှင့် ပတ်သက်ပြီး အသေးစိတ်
မှတ်တမ်းတင်ခြင်း၊ အဆောက်အအုံ စတင် ဆောက်လုပ်စဉ်က အသုံးပြုခဲ့သည့်ပစ္စည်း
များ၊ ဆောက်လုပ်ခဲ့သည့် နည်းစနစ်များကို ပြန်လည်လေ့လာစိစစ်ပြီးမှသာ ရှေးမူမပျက်
ပြန်လည်ပြုပြင်ရခြင်း ဖြစ်ပြီး၊ အလုပ်သမား များ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြံု
များပေါ်တွင်လည်း မူတည်သည်ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက် အရ အင်္ဂလန်နိုင်ငံမှ Turquoise Mountain အဖွဲ့သည် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ရန်ကုန် မြို့အတွင်းရှိ သမိုင်းအမွေအနှစ်များ ပြန်လည် ပြုပြင်မွမ်းမံရေးစီမံကိန်းများကို ၂၀၁၄ ခုနှစ် တွင် စတင်အကောင်
အထည်ဖော်ခဲ့သည်ဟု သိရသည်။ "ကျွန်တော်တို့လျာထားတဲ့အဆောက်အအုံတွေတော့ ရှိပါတယ်။ လောလောဆယ်ဆွေးနွေးနေဆဲဖြစ်လို့ အတိအကျ မပြောနိုင် သေးပါဘူး။ ကျွန်တော်တို့က ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားတာက တော့ နှစ်သက်တမ်း
တစ်ခုလည်းရှိရမယ်။ နှစ် ၁၀၀ ဖြစ်မှလည်း မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်မတိုင်ခင်က
အဆောက်အအုံတွေ၊ ထူးခြားတဲ့ ဗိသုကာနဲ့ သမိုင်းကြောင်းအမွေအနှစ်လည်း ရှိရပါတယ်။ သမိုင်းဝင်အဆောက်အအုံကြီး တွေပြင်ဖို့ကတော့ အတိအကျ ဆွဲထားတဲ့ စီမံကိန်းအသေးစိတ်
အချက်အလက်တွေ ရေးပြီးမှ လုပ်ရမှာဖြစ်ပါတယ်"ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး
အဖွဲ့ မှ အကြီးတန်းစီမံကိန်းအရာရှိ ဦးကြံတိုင်းအောင်က ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအဆောက် အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်အဆိုပါ
အဖွဲ့အစည်းများနှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများ
အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေး ခဲ့ပြီးဖြစ်သည်ဟု မြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲရေးဌာန၊
မြို့ပြစီမံကိန်းပညာရှင် ဦးတိုး အောင်က ပြောသည်။
"ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်ကြသလို
ကျွန်တော်တို့နဲ့လည်း အကြိမ်ကြိမ်တွေ့ပြီးသွားပါပြီ။ အဆက်အသွယ်လည်း ရှိပါတယ်။ သူတို့က ရှေးဟောင်းအဆောက်အအုံ တွေကိုပြင်ချင်ကြပါတယ်။ အဆောက်အအုံ
တော်တော်များများက ပြည်ထောင်စုအစိုးရ အဖွဲ့က တာဝန်ယူထားလို့ အစိုးရအဖွဲ့ရဲ့
ခွင့်ပြုချက်လိုပါတယ်။ အစိုးရအဖွဲ့က ခွင့်ပြု ရင် ကျွန်တော်တို့က လုပ်ငန်းလုပ်ဆောင်ခွင့်
ထုတ်ပေးရပါတယ်၊ သူတို့ပြင်ဖို့တင်ထားတာတွေတော့ ရှိပါတယ် "ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်အတွင်းရှိ အဆောက်အအုံပေါင်း ၁၈၉ ခုကို ရှေးဟောင်းအဆောက် အအုံ
အဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီက သတ်မှတ်ထားသည်။

















