ဆောက်လုပ်ရေးလုပ်ငန်းတွင် အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပိုမိုပါ၀င်ခွင့်
ရရှိစေရန် ဆောက်လုပ်ရေးကုမ္ပဏီများ အဆင့်သတ်မှတ်ခြင်းကို မြန်မာအင်ဂျင်နီယာကောင်စီက
အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
"အခုအချိန်မှာ ဆောက်လုပ်ရေးစီမံကိန်း တစ်ခုရှိတိုင်း အသေးစားဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက
အကြီးစားဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ တန်းတူယှဉ်ပြိုင်နေရတော့ အသေးစားဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေ နစ်နာပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေကိုသာ အဆင့်ခွဲခြားသတ်မှတ်ပေးထား
မယ်ဆိုရင် ဘယ်လိုစီမံကိန်းမျိုးကို ဘယ်အဆင့် ရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်က
ဆောင်ရွက်ရမယ်ဆိုတာ သိတဲ့အတွက် ဆောက်လုပ် ရေးလုပ်ငန်းရှင်အားလုံးအတွက် ပိုကောင်းပါတယ်"ဟု မြတ်မင်းဆောက်လုပ်ရေးလုပ်ငန်း ဒါရိုက်တာ ဦးအောင်မင်းက
ပြောသည်။
လက်ရှိတွင် ဆောက်လုပ်ရေးတင်ဒါများ၌ အသေးစားဆောက်လုပ်ရေးလုပ်ငန်းများရှင်များနှင့် အကြီးစားဆောက်လုပ်ရေးလုပ်ငန်းရှင်များ တန်းတူယှဉ်ပြိုင်နေရသည့်အတွက် အလုပ်အကိုင်
အခွင့်အလမ်းပိုင်းတွင် မညီမျှမှုများဖြစ်ပေါ်သည့်အတွက် ဆောက်လုပ် ရေး ကုမ္ပဏီများအားလုံးကို
တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အဆင့်ခွဲခြား သတ်မှတ်ပေးစေချင် ကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောသည်။ "ဆောက်လုပ်ရေးကုမ္ပဏီတွေ အားလုံးကို သာ အဆင့်အတန်း
ခွဲခြားပေးထားမယ်ဆိုရင် အသေးစားဆောက်လုပ်တာတွေ၊ ရေမြောင်း ပြင်တာတွေ၊ ခြံစည်းရိုး
ခတ်တာတွေလောက် ကို အသေးစားဆောက်လုပ်ရေးလုပ်ငန်းတွေ က လုပ်ခွင့်ရပြီး
ဆောက်လုပ်ရေးကုမ္ပဏီရဲ့ အဆင့်အတန်းအလိုက် သူနဲ့ထိုက်တန်တဲ့လုပ်ငန်းတွေကို
လုပ်ကိုင်ခွင့်ရရှိနိုင်ပါမှာ"ဟု ဦးအောင်မင်းက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင် နီယာမှူးကြီး ဦးကြည်ဇော်မြင့်ကလည်း "တရုတ်
ပြည်မှာလည်း ဆောက်လုပ်ရေးကုမ္ပဏီတွေ ကို A,B,C,D,E ဆိုပြီး အဆင့်ခွဲထားတယ်။
တစ်ထပ်လောက်ဆောက်မယ်၊ ခြံစည်းရိုး၊ ဂိုဒေါင်တွေလောက် ဆောက်မယ်ဆိုရင် စစချင်း
E အဆင့်ကုမ္ပဏီတွေပဲ ဆောက်လုပ် ရမယ်။ တည်ထောင်ခါစ ကုမ္ပဏီတွေအတွက် လမ်းဖွင့်ပေး
ထားတယ်။ E အဆင့်ရှိကုမ္ပဏီတွေပဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့ စီမံကိန်းတွေ မှာ တခြားအဆင့်
ကုမ္ပဏီတွေ ၀င်ရောက်ယှဉ် ပြိုင်လို့ မရပါဘူး။ ကုမ္ပဏီတွေ အားလုံး အလုပ် အကိုင်အခွင့်အလမ်း
ရရှိနိုင်အောင် ခွဲပေးထား တာပါ"ဟု ပြောသည်။
ဆောက်လုပ်ရေးကုမ္ပဏီများ အဆင့်ခွဲခြား သတ်မှတ်ခြင်းကို မြန်မာနိုင်ငံအင်ဂျင်နီယာ
ကောင်စီက ဆောင်ရွက်လျက်ရှိသော်လည်း ကုမ္ပဏီများအားလုံး အတိုင်းအတာဖြင့် မပြု
လုပ်နိုင်သေးဟု သိရသည်။ "ကမ္ဘာဘဏ်တို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက အကြံပြုခဲ့ပေမဲ့
ယနေ့အထိ အင်ဂျင်နီယာကောင်စီက အကောင်အထည်မဖော်နိုင်သေးဘူး။ အခုမှ
အင်ယာနီယာကောင်စီက RSE နဲ့ PE အင်ဂျင် နီယာအဆင့် သတ်မှတ်တာတွေနဲ့ပဲ
အလုပ်များ နေတုန်း"ဟု ဦးကြည်ဇော်မြင့်က ပြောသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ပူးတွဲအတွင်းရေးမှူးနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအောင် မြင့်က "မြန်မာအင်ဂျင်နီယာကောင်စီမှာ ဆောက်လုပ်ရေး လုပ်ငန်း
ရှင်တွေအတွက် အဆင့်ခွဲခြားသတ်မှတ်မှုတွေ ပြုလုပ်ပေးနေ ရှိပါတယ်။ အဆင့်သတ်မှတ်ခံချင်တဲ့
ကုမ္ပဏီ က မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ လာလျှောက်
ထားမယ်ဆိုရင် ကောင်စီက အရေအချင်းပြည့် ၀န်ထမ်းအရည်အတွက် နဲ့ ကုမ္ပဏီပိုင် ဆောက်လုပ်ရေး
ပစ္စည်းတွေကို ကြည့်ပြီး ကုမ္ပဏီအဆင့်ကို အကဲဖြတ်ပေးပါတယ်"ဟု ပြောသည်။
ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီများ သာမက ပြည်ပဆောက်လုပ်ရေးကုမ္ပဏီများလည်း အဆင့်ခွဲခြားသတ်မှတ်ခြင်းကို ဆောင်ရွက်နိုင်ပြီး လက်ရှိတွင် ကုမ္ပဏီအဆင့်ခွဲခြား သတ်မှတ်ခြင်းကို
ပြည်ပဆောက်လုပ်ရေး ကုမ္ပဏီများက ပိုမိုဆောင်ရွက်လျက်ရှိသည်ဟု ၎င်းကပြောသည်။ လက်ရှိတွင်
မြန်မာအင်ဂျင် နီယာကောင်စီသည် ဆောက်လုပ်ရေး ကုမ္ပဏီ များအားလုံးကို အချက်အလက်များ
လိုက်လံ ၍စုဆောင်းပြီး အကဲဖြတ်ပေးရန် အခက် အခဲရှိသောကြောင့် ကောင်စီသို့ လာရောက်
လျှောက်ထားသော ကုမ္ပဏီများကိုသာ အဆင့်သတ်မှတ်ပေးနိုင်ကြောင်း မြန်မာနိုင်ငံ
အင်ဂျင်နီယာကောင်စီက ပြောသည်။
















