ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရန်ကုန် အနောက်တောင်မြို့သစ်စီမံကိန်းကို စတင်
အကောင်အထည်ဖော်ခဲ့သော်လည်း အစိုးရ သစ်လက်ထက်တွင် လှည်းကူးမြို့နယ်
အတွင်း ဆောင်ရွက်ရန်လျာထားသည့် ရန်ကုန်အရှေ့ မြောက်မြို့သစ်စီမံကိန်းကို ဦးစားပေး
အကောင် အထည်ဖော်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တိုင်းဒေသကြီး
အစိုးရထံ တင်ပြထားသည်ဟု သိရသည်။
ယခုသီတင်းပတ်အတွင်း တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့
ပူးပေါင်းရေးဆွဲထားသည့် ၂၀၄၀ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံချက် နှင့် ပတ်သက်၍ မြို့တော်
စည်ပင်တာဝန်ရှိသူ များက ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။
"ကျွန်တော်တို့ အစိုးရအဖွဲ့ကိုတင်ပြခဲ့ပါ တယ်။ ဒီမြေတွေက ၁၉၉၀ ပြည့်နှစ်ကတည်းက
လူနေထိုင်ခွင့်ကျပြီးသားဖြစ်တဲ့ မြေတွေပါ။ စီမံကိန်း မလုပ်နိုင်သေးတော့ လယ်သမားတွေက
စပါးဝင်စိုက်ခွင့်ရနေတော့ သူတို့ပိုင်နေသေး တယ်လို့ ထင်နေတာ။ အချက်အချာကျတဲ့နေရာဖြစ်တဲ့
အတွက် ကျွန်တော်တို့ ဆွဲခဲ့တဲ့ ပင်မစီမံချက်အရ ပထမဆုံး လုပ်သင့်တဲ့မြို့သစ် အဖြစ် သတ်မှတ်
ခဲ့ပေမဲ့ အကြောင်းကြောင်း ကြောင့် ဒုတိယဦးစားပေးမြို့သစ်စီမံကိန်းကိုပဲ အရင်အစိုးရလက်ထက်မှာ
ဖော်ဖို့လုပ်ခဲ့တာ ပါ။ အခုဒီမိုကရေစီ အစိုးရလက်ထက်မှာ ဲှုဃဗ ဏူညေ အတိုင်း ပထမဦးစားပေး
အဖြစ် အရှေ့မြောက်မြို့သစ်ကိုလုပ်ဖို့ အစိုးရအသစ် ကို တင်ပြထားပါတယ်" ဟု ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က
ပြောသည်။ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံချက်အရ ရန်ကုန်အရှေ့မြောက်မြို့သစ်စီမံကိန်းသည်
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်း မြေဧက ၁၇,၃၇၅ ပေါ်တွင် အကောင်
အထည်ဖော်မည်ဖြစ်ပြီး၊ မြို့သစ်တည်ဆောက်အကောင်အထည်ဖော်မည့် နေရာမှာ ပဲခူးမြို့အနီးတွင်
တည်ဆောက်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် သီလဝါ အထူးစီးပွားရေးဇုန်အကြားတွင်
တည် ရှိနေသည်။
ရန်ကုန်အရှေ့မြောက်မြို့သစ်စီမံကိန်းကို မြန်မာကျပ်ငွေ ၄၉၁ ဒသမ ၁၃ ဘီလျံအကုန် အကျခံ
တည်ဆောက်အကောင်အထည်ဖော် ရန် လျာထားပြီး၊ လူဦးရေတစ်သန်းခန့်အထိ နေထိုင်နိုင်
မည်ဖြစ်သည်။ မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံချက်အရ အရှေ့မြောက်မြို့သစ် စီမံကိန်းမှာ ဦးစားပေး
(၁) အဖြစ် သတ်မှတ်ထား ခဲ့သော်လည်း ဦးစားပေးအဆင့် (၂) ဖြစ်သည့် အနောက်တောင်မြို့သစ်
စီမံကိန်းကို ယခင် အစိုးရလက်ထက်တွင် အကောင်အထည်ဖော် ရန် ကြိုးပမ်းခဲ့ရာ ပြည်တွင်းပြည်ပ ပညာရှင်များ၏ ဝေဖန်ကန့်ကွက်မှုများနှင့် ကိုယ်ကျိုး စီးပွားရှာဖွေမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များ
ပေါ်ထွက်ခဲ့သည်ဟု ဦးတိုးအောင် က ပြောသည်။
ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရန်
နှစ်ကြိမ်တိုင်ကြိုးပမ်းခဲ့ပြီး၊ စီမံကိန်းတင်ဒါလျှောက်ထားသည့် ကုမ္ပဏီ ၅၄ ခုအနက် အနောက်တောင်ဒေသ
ဖွံ့ဖြိုး တိုးတက်ရေးအများပိုင် ကုမ္ပဏီ၊ Business City Capital Devleopment ကုမ္ပဏီနှင့် ရွှေပုပ္ပား အင်တာနေရှင်နယ်ဆောက်လုပ်ရေးကုမ္ပဏီတို့ကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအဖြစ် ဦးမြင့်ဆွေ
ဦးဆောင်သော တိုင်းဒေသကြီးအစိုးရက ပြီးခဲ့သည့်နှစ် ဖေဖော် ၀ါရီလတွင် ကြေညာခဲ့သည်။
အနောက်တောင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ သည် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ
ဒေသခံများ စုဖွဲ့ထားသည့်ကုမ္ပဏီဖြစ်သည်ဆို သော်လည်း မြန်မာ့စေတနာအများပိုင်ကုမ္ပဏီ အမည်ဖြင့် ရန်ကုန်မြို့သစ်စီမံကိန်းအကောင် အထည်ဖော်ရန် ကြိုးပမ်းခဲ့သည့် တရုတ်လူမျိုး ရှောက်စမ်းနှင့်
ရှောက်ပန်းတို့ ပါ၀င်ပတ်သက် နေသည်ဟု သိရသည်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်းက မှတ်ပုံတင်
ခဲ့သည့် Business City Capital Devleopment ကုမ္ပဏီကို ပြည်တွင်းမှ ထိပ်သီးစီးပွားရေး
လုပ်ငန်းရှင်မောင်ဝိတ် ပိုင်ဆိုင်ပြီး၊ ရွှေပုပ္ပား အင်တာနေရှင်နယ်ဆောက်လုပ်ရေး ကုမ္ပဏီမှာ
Sky Net ရုပ်သံလိုင်းပိုင်ရှင် ဦးကျော် ၀င်း ရွှေသံလွင်ကုမ္ပဏီအုပ်စု၏ လက်ခွဲကုမ္ပဏီ တစ်ခုဖြစ်
သည်ဟု သိရသည်။ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် စီမံကိန်းများကို ပြန်လည်စိစစ်သွား
မည်ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် လုပ်ငန်းရှင်များ ဧပြီလ ၁၅ ရက်တွင် တွေ့ဆုံ
ခဲ့ရာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်သစ် ဦးဖြိုး မင်းသိန်းက ပြောကြားခဲ့သည်။" JICA Plan နဲ့ မညီတဲ့
စီမံကိန်းတွေ အများကြီး လုပ်ခဲ့တာတွေ့ရတဲ့အတွက် ပြန်ပြီးတော့ စိစစ်သွားဖို့ ရှိပါတယ်။ အင်္ဂလန်နိုင်ငံ
ဘက်ကလည်း မြို့ပြ စီမံကိန်းလုပ်ငန်းတွေအတွက် အကူအညီပေးဖို့ ပြောထားတာတွေ လည်းရှိပါတယ်။
မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်သွား ပါ့မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ ဂျပန်
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်းရေးဆွဲ ထားသည့်
ပင်မစီမံချက်အရ ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ နေထိုင်သူလူဦးရေ ၁၀ သန်း ခန့်ရှိလာနိုင်
သည့်အတွက် ရန်ကုန်မြို့တော် ၀န်းကျင်ဒေသများတွင် မြို့သစ်စီမံကိန်း ခုနစ် ခုအထိ ဖော်ထုတ်
သွားရန် လျာထားသည်။ အရှေ့မြောက်မြို့သစ်စီမံကိန်းဖော်ထုတ် ရန် လျာထားသည့် ဒဂုံမြို့သစ်
အရှေ့ပိုင်းမြို့နယ် နှင့် လှည်းကူးမြို့နယ်အတွင်း တည်ဆောက် ထားသည့် အမှတ် ရ လမ်းမကြီး
အနီးတစ်ဝိုက် ရှိ မြေကွက်များပေါ်တွင် JICA ၏ပင်မစီမံချက် နှင့် ကိုက်ညီခြင်းမရှိသည့်
စက်မှုဇုန်များဖော်ထုတ်ရန် ယခင်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပုဂ္ဂလိကလုပ်ငန်းရှင်များကို မြေနေရာချထားပေးရန်ကြိုးပမ်းခဲ့ရာ မြို့ပြစီမံကိန်းပညာရှင်
များက ကန့်ကွက်ခဲ့ရသည်ဟု သိရသည်။ "အရင်အစိုးရလက်ထက်မှာ အဲဒီမြေတွေ မှာ
စက်မှုဇုန်လုပ်မယ်ဆိုတုန်းက တာဝန်ရှိသူ တွေကို တင်ပြခဲ့ပေမယ့် လုပ်ချင်သလို လုပ်ခဲ့ကြ
ပါတယ်။ ဦးဖြိုးမင်းသိန်းပြောခဲ့တဲ့ JICA ရဲ့ ပင်မစီမံချက်နဲ့အညီ မဟုတ်ဘဲ လုပ်ခဲ့တာတွေ
ကတော့ ခုံးကျော်တံတားတွေ၊ ပလက်ဖောင်း တွေကိုဖဲ့ပြီး လမ်းတွေချဲ့ခဲ့တာ ဖြစ်ပါလိမ့်မယ်"ဟု
ဦးတိုးအောင်က ပြောသည်။

ရန်ကုန်အရှေ့မြောက်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် လက်ရှိလူနေ ထိုင်သည့်
ကျေးရွာများမှ မြေဧက ၁,၂၀၀ ကျော် ပါ၀င်မည်ဖြစ်ပြီး၊ အားကစားနှင့် အပန်းဖြေနေရာများ၊
စီးပွားရေးလုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း များနှင့်
လူနေရပ်ကွက်များပါ၀င်မည်ဖြစ်သည်။ မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရာ တွင်
မြေယာပိုင်ရှင်လယ်သမားများကို တစ် ဧက ကျပ်သိန်း ၁၀၀ နှုန်းဖြင့် လျော်ကြေးငွေ
ပေးအပ်သွားမည်ဟု သိရသည်။
"ကုန်တင်ယာဉ်ရပ်နားစခန်းတွေ၊ အဝေး ပြေးကားကွင်းတွေ၊ အိမ်ရာတွေကို အလွယ်
တကူဖြည့်ဆည်းနိုင်တဲ့ အားသာချက်တွေ ရှိ တယ်။ အရှေ့မြောက်ကိုမလုပ်ဘဲ အနောက်တောင်ကို
လုပ်ဖို့ သူတို့ဦးစားပေးခဲ့တာက အနောက်တောင်မှာ သူတို့ရဲ့ ပုဂ္ဂလိကပိုင်ဆိုင် မှုတွေရှိလို့
လုပ်ဖို့တောင်းဆိုခဲ့ကြတာ။ အခု ၀န်ကြီးချုပ်ကလည်း ဒီကိစ္စကို စိတ်ဝင်စား တယ်။ မြို့ပြစီမံကိန်းကို
သူကိုယ်တိုင်ကိုင်တွယ် ပြီး လုပ်မယ့်အနေအထားရှိပါတယ်"ဟု ဦးတိုး အောင်က ပြောသည်။
အရှေ့မြောက်မြို့သစ်စီမံကိန်းကို အကောင် အထည်ဖော်မည့်နေရာမှာ မြစ်ကူး၊ ချောင်းကူး
တံတားကြီးများ တည်ဆောက်ရန် မလိုအပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက်
အခြားမြို့သစ်နေရာများထက် အားသာနေ ခြင်းတို့ကြောင့် ပထမဦးစားပေးအဆင့် အဖြစ်
ရွေးချယ်ခဲ့ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ "မြို့သစ်လာလုပ်မယ်ဆိုတဲ့ သတင်းတွေ
ကြားခဲ့ရတာ သုံးနှစ်လောက်ကြာပါပြီ။ ဘယ်အရာရှိမှလည်း အတည်တကျ လာရှင်း ပြတာ
မရှိပါဘူး။ ပွဲစားတွေကနေ တစ်ဆင့်စကားတစ်ဆင့်နား ကြားရတာပါ။ လုပ်ဖြစ်ပါစေလို့
ဆုတောင်းပါတယ်"ဟု လှည်းကူး မြို့နယ်အတွင်းရှိ မလစ်ကျေးရွာမှ ဦးနိုင်ဝင်းက ပြောသည်။
















