အိမ်ရာမူဝါဒသစ်များ ချမှတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းနေ

အိမ်ရာမူဝါဒသစ်များ ချမှတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းနေ

မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးများတွင် နေထိုင် လျက်ရှိသည့် အခြေခံလူတန်းစားများနှင့်
ကျူးကျော်နေထိုင်သူများအတွက် သင့်တင့်မျှတသည့်အိမ်ရာများကိုဖော်ထုတ်၍ နေရာချထားပေးနိုင်
ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ်
ဦးမင်းထိန်က ပြောသည်။

"တစ်နိုင်ငံလုံး တစ်ပြေးညီလုပ်သွားဖို့ ဒေသဆိုင်ရာအစိုးရတွေနဲ့ စပြီးညှိနှိုင်းနေပါပြီ၊
ကျူးကျော်တွေအတွက်ကော၊ အခြခံ လူတန်းစားတွေအပြင် လူလတ်တန်းစားတွေ
အတွက်ပါ အဆင်ပြေပြေလက်လှမ်းမီနိုင်တဲ့ တိုက်ခန်းတွေ ဆောက်သွားမှာပါ။ ၀န်ကြီးကတော့
ကျူးကျော်နေတဲ့သူတွေအတွက် ယာယီ အဆောက်အအုံတွေဆောက်ပြီး ယာယီနေရာ
ချထားပေးဖို့ ညွှန်ကြားထားပါတယ်။ အငှား အိမ်ရာတွေဆောက်ဖို့ကျတောာ့ ပြည်ထောင်စု
အဆင့်ခွင့်ပြုချက်၊ ဘဏ္ဍာငွေရရှိမှုပေါ်မူတည်ပါတယ်"ဟု ၎င်းက ပြောသည်။

လာမည့်ငါးနှစ်တာကာလအတွင်း နိုင်ငံ ၀န်ထမ်းများနှင့် အခြေခံလူတန်းစားများ
အိမ်ရာပိုင်ဆိုင်နိုင်ရန် အကျယ်အဝန်း စတုရန်း ပေ ၃၂၄ မှ ၄၀၀ အကြားရှိ တန်ဖိုး
နည်းအိမ်ရာတိုက်ခန်းများကို မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးများတွင် ဆောက်လုပ်
ပေးသွားမည်ဖြစ်ကာ လူလတ်တန်းစားများ အတွက်လည်း ဈေးနှုန်းသင့်တင့် မျှတသည့်
အကျယ်အဝန်း ၆၀၀ စတုရန်းပေမှ ၆၅၀ စတုရန်းပေ ကျယ်ဝန်းမည့် တိုက်ခန်းများကို ဆောက်လုပ်ကာ ရောင်းချပေးသွားမည် ဖြစ်သည်။ ကျူးကျော် နေထိုင်
သူများအတွက် စတုရန်း ပေ ၂၀၀ ကျယ်ဝန်းသည့်အခန်းများပါ၀င်သည့် ယာယီ
အဆောက်အအုံများ တည်ဆောက် ၍ နေရာချထားပေးရန် ညွန်ကြားချက်များ ရရှိထားသော်လည်း ဆောက်လုပ်မည့်မြေနေရာ ရွေးချယ်ရခြင်းမပြုရသေးသည့်အပြင်
ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများရှိ နိုင်ငံပိုင်မြေနေရာများပေါ်တွင် ကျူးကျော်နေ
ထိုင်သူများ အများအပြားရှိနေဆဲဖြစ်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများ
စတင် ရန် ခက်ခဲနေခြင်းဖြစ်သည်ဟုလည်း ဦးမင်း ထိန်က ပြောသည်။

"အမှန်တကယ်နေရာထိုင်ခင်း အခက် အခဲကြောင့် ကျူးကျော်နေထိုင်သူတွေရှိသလို
ကျူးကျော်နေထိုင်သူတွေအပေါ် စီးပွားရေးလုပ်ငန်းတစ်ခုသဖွယ် လုပ်ကိုင်နေသူတွေ
ရှိတဲ့အတွက် ယာယီအဆောက်အအုံတွေ ဆောက်ပြီး နေရာချထားပေးနိုင်ဖို့
တိုင်းဒေသကြီး အစိုးရတွေနဲ့ ပူးပေါင်းပြီး အမှန် တကယ်ကျူးကျော်နေထိုင်သူ ဖြစ်၊
မဖြစ် အသေးစိတ်ပြန်လည်စိစစ်ရမယ်။ လိုအပ်တဲ့ အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းဖို့
လိုအပ်ပါတယ်"ဟုလည်း ၎င်းက ပြောသည်။

ကျူးကျော်နေထိုင်သူများ စားဝတ်နေ ရေး အဆင်ပြေစေရန် အလုပ်အကိုင်အခွင့်
အလမ်းပေါများသည့် စက်မှုလက်မှုလုပ်ငန်း များ၏ အနီးတစ်ဝိုက်တွင် ပြန်လည်နေရာချ
ထားပေးမည်ဖြစ်သော်လည်း အမှန်တကယ်ကျူးကျော်နေထိုင်သူများ ဟုတ်မဟုတ်ကိုပြန်
လည်စိစစ်သွားမည်ဖြစ်သည့်အပြင် သက်ဆိုင် ရာဌာနများနှင့် ညှိနှိုင်းကာဖြေရှင်းပေးသွား
မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း
ရှင်များအသင်းချုပ် ရုံးခန်းတွင် ကျင်းပ ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ရန်ကုန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပြီးဖြစ်သည်။

"ကျုးတွေကိစ္စကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံဆောင်ရွက်မှုနဲ့ ဆက်လက်လုပ်ကိုုင်နေပါတယ်။ လောလောဆယ်ပြောလို့ရတာကတော့ ရွှေပြည်သာဘက်မှာ
တန်ဖိုး နည်းအိမ်ရာ စီမံကိန်းက အိမ်ခန်းပေါင်း ၂,၀၀၀ လောက်အထိထပ်ပြီး အများပြည်သူကို
ဈေးနှုန်းချိုသာစွာနဲ့ ရောင်းပေးဖို့ရှိပါ တယ်။ ဘယ်ဈေးနှုန်းနဲ့ရောင်းပေးရမယ်၊ ဘယ် လိုပုံစံနဲ့
ရောင်းပေးမယ်ဆိုတာကကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက် မကျသေးတဲ့
အတွက် ပြောဖို့စောပါသေးတယ်။ ဆုံးဖြတ်ချက်ကျလာပြီဆိုရင်တော့ ထုတ်ပြန်ကြေညာပေးသွား
မှာပါ"ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန(ရန််ကုုန်တိုင်းဒေသကြီး)မှ ညွှန်ကြားရေးမှူး
ဦးယုခိုင်က ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ နှစ် ၂၀ စီမံကိန်းအရ အများပြည်သူ အိမ်ရာလိုအပ် ချက်ကို
ဖြည့်ဆည်းပေးနိုင်ရန် မြန်မာနိုင်ငံ အနှံ့အပြားရှိမြို့ကြီး ၈၁ မြို့တွင် အိမ်ရာယူနစ် ပေါင်း
တစ်သန်းကိုတည်ဆောက်ရန်လျာထား ခဲ့ပြီးဖြစ်ရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် နှစ်ကုန်
အထိ မြန်မာနိုင်ငံအနှံ့ရှိ မြို့ကြီးများတွင် အိမ်ရာယူနစ်ပေါင်း ၅၀,၀၀၀ အထိသာ
တည်ဆောက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ
ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်