ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်မှာ အချိန်ကြာမြင့်စွာ ငြိမ်သက်နေခဲ့သော်လည်း
အစိုးရသစ်၏ မူဝါဒသစ်များနှင့် စီမံကိန်း သစ်များ ပေါ်ထွက်လာပါက လာမည့်ခြောက်လအတွင်း အိမ်ခြံမြေဈေးကွက် ပြန်တက်လာနိုင်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်ဝက်ဆိုဒ်တစ်ခု
ဖြစ်သည့် iMyanmar House.com ၏အမှုဆောင်အရာရှိချုပ် ဦးနေမင်းသူက ပြောသည်။
"လက်ရှိအနေအထားက အများပြည်သူက စောင့်ကြည့်နေတဲ့ကာလဖြစ်တယ်။ ဒီအစိုးရ
သစ်လက်ထက်မှာ ဘယ်လိုစီမံ ကိန်းတွေ ချမှတ်မလဲ၊ ဘယ်လိုမျိုးမူဝါဒ တွေ ချမှတ်မလဲ၊
အခွန်နှုန်းထားတွေကရော ဘယ်လိုမျိုးတွေ ပြောင်းလဲမလဲ။ အဲဒီလို မျိုးတွေဖြစ်တဲ့အတွက်
ဒီဈေးကွက်ထဲမှာ အရောင်းအဝယ်တွေက အေးနေတာပါ။ နောက်ခြောက်လအတွင်းမှာ
ပြန်တက်လာ နိုင်စရာ အကြောင်းရှိပါတယ်"ဟု ၎င်းက ပြောသည်။
အစိုးရသစ်၏ မြို့သစ်စီမံကိန်းများ ချမှတ် အကောင်အထည်ဖော်ဆောင်ခြင်းကြောင့်
မြေကွက်လွတ်များ ပိုမိုထွက်ပေါ်လာမည်ဖြစ်သည့်အတွက် မြေဈေးနှုန်း ကျသွားနိုင်ပြီး
အရောင်းအဝယ်များ ပြန်တက်ကာ အိမ်ခြံမြေဈေးကွက်ကောင်းလာနိုင်မည်ဟု ဦးနေမင်းသူက
ပြောသည်။ "တစ်ဖက်တစ်လမ်းကလည်း အစိုးရ သစ်လက်ထက်ထဲမှာ မြို့နယ်သစ်စီမံကိန်း တွေ ချမှတ်ဖော်ဆောင်လိမ့်မယ်ဆိုရင်၊ မြေ ကွက်အသစ်တွေပေါ်လာရင် မြေဈေးနှုန်း တွေ ကျသွားတာနဲ့
တစ်ပြိုင်နက် ဒီမြေကွက် တွေမှာ ၀ယ်ယူပြီး ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ ပေါ်ထွက်လာလိမ့်မယ်။
အဲဒီအချိန်မှာ ပိုပြီးတော့ အရောင်းအဝယ်တွေ ဖြစ်လိမ့် မယ်။ ဈေးနှုန်းက ပြောရင်တော့ ကျလိမ့်
မယ်၊ အရောင်းအဝယ်အနေနဲ့ပြောရင်တော့ ပိုပြီးတော့ ဖြစ်လာလိမ့်မယ်" ဟု ၎င်းက ပြောသည်။
အနာဂတ် အိမ်ခြံမြေဈေးကွက်သည် အိမ်ခြံမြေဈေးနှုန်းများ အကျဘက်ကိုသွား နိုင်သည်ဟု
ခန့်မှန်းထားပြီး၊ အစိုးရသစ်က အခြေခံလူတန်းစားများနှင့်လူလတ်တန်း စားများအတွက်
ဦးတည်သည့်မူဝါဒသစ် များကို ချမှတ်ဖော် ဆောင်ပါက ယခင်ကဲ့သို့ အိမ်ခြံမြေဈေးနှုန်း
အဆမတန်မြင့်တက် ခြင်းမဖြစ်နိုင်ကြောင်း၊ တက်နိုင်ကြောင်း အိမ် ခြံမြေအကျိုးဆောင်
များက ပြောသည်။ "မူဝါဒသစ်တွေ၊ စီမံကိန်းသစ်တွေ ဖော်ဆောင်တဲ့အခါမှာ အခြေခံ
လူတန်းစားနဲ့ လူလတ်တန်းစားတွေ တတ်နိုင် အောင်လို့ အိမ်ခြံမြေဈေးနှုန်းတွေ မဖြစ်
ဖြစ်အောင် ချပေးမယ်လို့ ကျွန်တော်တို့ ယုံကြည့်ပါတယ်။ ဒီလိုမျိုးမူဝါဒ တွေချမှတ်တယ်၊
စီမံကိန်းတွေ အကောင်အထည် ဖော်မယ်ဆိုရင် နောက်ငါးနှစ်အတွင်းမှာ ကျွန်တော်တို့
ဈေးနှုန်းတွေ ကျအောင်လုပ် ပေးမယ်လို့လည်း ယုံကြည်ပါတယ်"ဟု အိမ်ခြံမြေ အကျိုးဆောင်
တစ်ဦးက ပြော သည်။ အခွန်နှုန်းထားများဖြင့်လည်း အိမ်ခြံမြေဈေးနှုန်းများကို ထိန်းညှိနိုင်ကြောင်းနှင့် အိမ်ခြံမြေဈေးကြီးမြင့်မှုများအပေါ်တွင် ပြန်လည်ထိန်းချုပ်ခဲ့သော နိုင်ငံအချို့ တွင်လည်း
အခွန်နှုန်းများဖြင့် ထိန်းချုပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင်လည်း ယခုကဲ့သို့ ထိန်းချုပ်နိုင်
သည်ဟု ဦးနေမင်းသူက ပြောသည်။
"တခြားနိုင်ငံတွေလို ကျအောင်လုပ်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ စင်ကာပူနိုင်ငံဆို
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းက အိမ်ခြံ မြေက ဈေးနှုန်းတွေ တစ်ဟုန်ထိုး တိုးတက်သွား
တာဖြစ်တဲ့အတွက်ကြောင့် အစိုးရကနေ ဈေးနှုန်းတွေ ပြန်ကန့်သတ်ခဲ့ပါတယ်။ ဘယ်လို
ကန့်သတ်ခဲ့တာလဲဆိုတော့ အိမ်ခြံမြေ ၀ယ်တဲ့နေရာမှာ အခွန်နှုန်းထား တွေ ပေးဆောင်
ရပါတယ်။ အိမ်ခြံမြေရောင်းတဲ့အခါမှ အခွန်နှုန်းထားတွေ ပေးဆောင်ရတယ်။ဘယ်လိုပေးဆောင်
ရလဲဆိုတော့ ဥပမာ အိမ်တစ်လုံးဝယ်ထားပြီး နောက်တစ်နှစ်အတွင်းမှာ ပြန်ရောင်းတယ်ဆို
၁၆ ရာခိုင်နှုန်း အစိုးရကို ရောင်းခွန် ဆောင်ရတာ ဖြစ်တဲ့အတွက်ကြောင့် ဈေးကွက်ထဲမှာ
ဈေးကစားချင်တဲ့သူတွေ ပပျောက်သွားတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မူဝါဒတွေ
ချမှတ်ပြီး ဖော် ဆောင်လို့ရပါတယ်။ အဲဒီလိုဖော်ဆောင်မယ်ဆိုရင် အိမ်ခြံမြေ ဈေးနှုန်းတွေ
ပြန်ကျ သွား ဖို့ အခြေအနေရှိပါတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိအစိုးရလက်ထက်၌ နိုင်ငံရေးတည်ငြိမ်ပြီး အစိုးရသစ်၏ ပြုပြင်ပြောင်း လဲနိုင်သော
အိမ်ခြံမြေမူဝါဒအပေါ်တွင် လည်း မူတည်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။
"နိုင်ငံရေးတည် ငြိမ်ပြီး အစိုးရက မြေကစားလို့မရအောင် ထိန်းချုပ်ထားမယ်ဆိုရင် အိမ်ခြံမြေဈေး
နှုန်းတွေကျပြီး ဈေးကွက်စီးဆင်းမှုက လည်း ပြန်လည်ပတ်လာမှာပါ။ မြေဈေး ကစားလို့ရအောင်
လုပ်ထားရင် အကျိုး အမြတ်ရှိရင် ကစားကြမှာပဲ။ အဲဒါကိုတော့ အစိုးရအနေနဲ့က ထိန်းချုပ်ဖို့တော့
လို တယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကလည်း အကောင်းဘက်ကိုပဲ ဆက်သွားမယ်၊ အစိုးရကလည်း
ဒီလိုထိန်းချုပ်ပေးနိုင်ရင် အနာဂတ်အိမ်ခြံမြေက ကောင်းလာနိုင်ပါတယ်" ဟု စိုင်းခွန်နောင်
အိမ်ခြံမြေအကျိုး ဆောင်မှ ဦးစိုင်းခွန်နောင်ကပြောသည်။















