ဆောက်လုပ်ရေး ကုမ္ပဏီများသည် ခုံးကျော် တံတားများကို တည်ဆောက်ပြီးစီးပါက နောက်ထပ်ငါးနှစ်တိတိ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ
ဆောင်ရွက်ပေးရန် စည်းကမ်းချက်များ သတ်မှတ်ထားသည်ဟု ရန်ကုန် မြို့တော်
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဒုတိယဌာနမှူး
ဦးလင်းခိုင်က ပြောသည်။
"တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ကုမ္ပဏီတွေကို တင်ဒါပေးပြီးဆောက်ခိုင်းခဲ့တာပါ။
မြို့တော်စည်ပင်က နောက်ဆုံးမှ ကတ္တရာသွားခင်းပေးရတာ၊ ဆေးဆွဲတာ၊ မီးလုံးတွေလဲ
တာပဲ လုပ်ရတယ်၊ စည်ပင်ကို တံတားပြီးတာ နဲ့ ကုမ္ပဏီတွေက အပ်ပေမဲ့ ငါးနှစ်အထိတော့
သူတို့တာဝန်ရှိတာပါ့၊ ပေါင်းစပ်ညှိနှိုင်း ပြီး လုပ်ရတာပေါ့၊ အခုထိတော့ ထွေထွေထူးထူး မရှိပါဘူး။
ဘုရင့်နောင်တံတားကြီး ဆိုရင် FMI က ယိုးဒယား ဒီဇိုင်းနဲဆောက်တာ ဖြစ်ပါတယ်၊ အန္တရာယ်
ကင်းပါတယ်"ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် အစိုးရလက်ထက်အတွင်း ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး
စီမံချက် ဖြင့် ကားဟောင်းများကို ဖျက်သိမ်းကာ ကား သစ်များတင်သွင်းစေခြင်း၊ တစ်ဦးချင်း
ပါမစ် ဖြင့် မော်တော်ယာဉ်များကို လွပ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားဝင်မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေ ၅၀၀,၀၀၀ ကျော်ထိ ရှိလာခဲ့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မှတ်ပုံတင်ပြေးဆွဲနေသည့် မော်တော်ယာဉ်စီးရေ ၃၀၀,၀၀၀ ကျော်
ရှိသည်ဟု ယခင်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အထင်ကရလမ်းဆုံများတွင် ယာဉ်ကြောကျပ်တည်းမှု ပိုမိုများပြားလာသည့်အတွက်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ် ဖြင့် ခုံုးကျော်တံတားများကို ဆောက်လုပ်ခဲ့
ခြင်းဖြစ်သည်ဟု ယခင်ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး
ဦးကျော်စိုးက ပြောသည်။ တည်ဆောက်ပြီးစီးခဲ့သည့် ခုံးကျော်တံတားများ ပြုပြင်ထိန်းသိမ်းရာတွင် တံတားဆောက်လုပ်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီ များက ခုံးကျော်တံတားများကိုမူ
နှစ်စဉ်ပြန် လည်စစ်ဆေးရမည်ဖြစ်သလို ခုံးကျော် တံတားများ၏ ရက်မတန်းများအကြား
ဆက်သွယ်ထားသည့် Expension Joint များ စစ်ဆေးခြင်း၊ တံတားတိုင်များနှင့် ရက်မ
တန်းများအကြား ခုခံထားသည့် ရော်ဘာတုံး များ၏ ကြံ့ခိုင်မှု စစ်ဆေးခြင်းကို မြို့တော်စည်ပင်
လမ်းတံတားဌာနက ပုံမှန်စစ်ဆေးလျက်ရှိနေသည်ဟု သိရသည်။
"ရက်မတစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုကျယ် ပြီး ရက်မကြီးတွေ သုံးထားတဲ့ ရွှေဂုံတိုင်လို
တံတားတွေက ပိုလှုပ်တယ်၊ ဘာမှအန္တရာယ် မရှိပါဘူး၊ နိုင်ငံခြားပညာရှင်တွေနဲ့ ဒီဇိုင်း
ဆွဲပြီး လုပ်ခဲ့တာပါ။ တံတားတစ်စင်းဆောက် ပြီးရင် ပျက်စီးမှုအများဆုံးဖြစ်တာက ကားတာယာ
ပွန်းတာ၊ ရေဆင်းပေါက်ပိတ်တာ၊ မီးလုံးကျွမ်းတာတို့၊ တံတားအတက်တွေဆိုရင် လက်တံတွေကို
ကားတိုက်လို့ ပြင်ရ တာတို့ရှိတယ်၊ ရက်မကြီးတွေဆို နှစ်စဉ်ပြုပြင် ထိန်းသိမ်းနေရတယ်။
ဘို့နတ်တွေ ပြန်လည်စိစစ်ရတယ်၊ နိမ့်သွားလား၊ မြင့်သွားလား၊ ပြန်ကြည့်ရသလို ဘယ်ရင်လို့
ခေါ်တဲ့ရော်ဘာတုံး ကြီးတွေ သတ်မှတ်ထားတဲ့အတိုင်း ရှိသေးလားဆိုတာ ကြည့်ရတယ်၊
အခုလောလောဆယ်တော့ အန္တရာယ်ကင်းပါတယ်၊ မီးပွိုင့်တွေမိပြီး ကားတွေက တံတားတွေပေါ်မှာ
ကားပါကင်လိုဖြစ်နေတဲ့အချိန် တံတားက လှုပ်စိလှုပ်စိ ဖြစ်နေတော့ လူတွေက လန့်တာပေါ့"ဟု
ဦးလင်းခိုင်က ပြောသည်။
ရန်ကုန်မြို့အတွင်းရှိ ခုံးကျော်တံတားစီမံ ကိန်းများကို ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီများဖြစ်
သည့် ဒိုင်းမွန်းစတားအုပ်စု၊ ရွှေတောင်၊ FMI၊ Golden Crown၊Myanmar Vpile တို့က
ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒိုင်း မွန်းစတားကုမ္ပဏီအုပ်စုက ခုံးကျော်တံတားစီမံကိန်း သုံးခုကို တည်ဆောက်ခဲ့သည်။ မြေနီကုန်းခုံးကျော်တံတား၊ လှည်းတန်းခုံးကျော်တံတား၊ ရှစ်မိုင်ခုံးကျော်
တံတား၊ ရွှေဂုံ တိုင်ခုံးကျော်တံတား၊ ဘုရင့်နောင်ခုံးကျော် တံတား၊ ကုက္ကိုင်းခုံးကျော်တံတား၊
တာမွေခုံး ကျော်တံတား စုစုပေါင်း ခုနစ်စင်းကို ယခင် အစိုးရလက်ထက် တိုင်းဒေသကြီးအစိုးရ
အဖွဲ့ ၏ ဘတ်ဂျက်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းကျပ်ငွေ ၁၂၆ ဘီလျံအထိ အကုန်အကျခံ
တည်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
"အရင်ဆုံးဆောက်ခဲ့တဲ့ ရွှေဂုံတိုင်တံတားဆိုရင် ကျွန်တော်တို့နဲ့ စာချုပ်တုန်းက ငါးနှစ် ကိစ္စမပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ဆောက်ခဲ့ တဲ့ တံတားဖြစ်တဲ့အတွက် သံယောဇဉ်ရှိတယ်၊ မီးပြတ်နေတာကအစ
ပြေးပြင်တယ်၊ ကျွန်တော်တို့ဆောက်ခဲ့တဲ့ တံတားသုံးစင်းလုံးကို အမြဲတမ်းစောင့်ကြည့်နေပါတယ်။
ကျွန်တော် တို့လုပ်လို့မရတဲ့ ကတ္တရာခင်းတဲ့ကိစ္စကျတော့ စည်ပင်နဲ့ညှိလုပ်ရတယ်။ နောက်ဆုံးဆောက်
ခဲ့တဲ့ ကုက္ကိုင်းတံတားကတော့ သူတို့ပြော သလို ငါးနှစ်ပြုပြင်ပေးဖို့ စာချုပ်ထဲမှာပါပါ တယ်၊ ရွှေဂုံတိုင်
ဆိုရင် သုံးနှစ်ရှိသွားပြီ၊ ပြီးခဲ့တဲ့ လကပဲ လဲသင့်လဲထိုက်တဲ့ ကိစ္စတွေ အကုန်လုံးလုပ်ပေးခဲ့ပါတယ်၊
ငါးနှစ်အထိကတော့ ကျွန်တော်တို့မဖြစ်မနေ လုပ်ပေးသွားဖို့ရှိပါ တယ်၊ ငါးနှစ်ကျော်သွားပေမဲ့
ဒီတံတားတွေက ဘာမှဖြစ်စရာမရှိပါဘူး၊ ကျွန်တော်တို့ ထိန်းသိမ်းမှု မလုပ်တော့ဘူး ဆိုရင်တော့
တံတားတွေရဲ့ ကြံ့ခိုင်မှုအတွက် စည်ပင်က တကယ်အလုပ်လုပ်ဖို့လိုပါတယ်"ဟု Capital Diamond Star
ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက် တာ ဦးတင်မောင်ဝင်းက ပြောသည်။
ရန်ကုန်မြို့တွင် တည်ဆောက်ထားသည့် ခုံးကျော်တံတားများမှာ နိုင်ငံတကာအဆင့်မီ ခုံးကျော်တံတား
များအဖြစ် စနစ်တကျ ဆောက်လုပ်ခဲ့ခြင်းထက် မြေနေရာ၊ အချိန်နှင့် ရရှိသည့်ဘဏ္ဍာငွေအပေါ်
လုပ်ငန်းအောင် မြင်စေရန် လုပ်ဆောင်ခဲ့သည့် အနေအထား ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာ
အသင်း ဗိသုကာပညာရှင် ဦးခင်မောင်မောင်က ပြောသည်။
"နိုင်ငံခြားကတံတားတွေနဲ့ ယှဉ်ပြောရရင် ကျွန်တော်တို့ဆီမှာက အလုပ်ဖြစ်ရုံလုပ်ကြတဲ့ သဘော
ရှိတယ်၊ ချက်ချင်းကြီးကွေ့သွားတာတို့၊ ဘာတို့ဆိုရင်တော့ အဆင်မပြေနိုင်ဘူး၊ လိုအပ်တဲ့ အကွာ
အဝေးကနေ ဖြည်းဖြည်း ချင်းတက်လာမယ်၊ ကားတွေကွေ့မယ်ဆိုရင် အရှိန်များတာတောင် ထိန်းနိုင်တယ်၊
အခုလို မျိုး ချက်ချင်းကြီးအကွေ့တွေလုပ်ထားတော့ ကားတွေအရှိန်များတဲ့အတွက် အန္တရာယ်တွေ တော့
ရှိနိုင်တယ်၊ တံတားအကွေ့အကောက်တွေကလည်း အင်မတန် အရေးကြီးပါတယ်၊ တံတားတွေမှာ
စိမ်းစိမ်းစိုစိုနဲ့ သစ်ပင်တွေ စိုက်ပေးထားရင် ပိုအကျိုးရှိနိုင်တယ်၊ နိုင်ငံတကာမှာလည်း ဆောက်လုပ်ရေး
လုပ်ငန်း တွေမှာ လုပ်ငန်းပြီးပေမဲ့ ဘယ်နှစ်နှစ်အထိ ပြင်ပေးရမယ်ဆိုတဲ့ စာချုပ်တွေ ထည့်ချုပ်လေ့
ရှိကြပါတယ်၊ ဆောက်လုပ်ရေး ကုန်ကျစရိတ် ရဲ့ ငါး ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းလောက်အထိချန်ထားပြီး
စာချုပ်သက်တမ်းပြည့်မှ ငွေ အပြည့်ပေးချေတာတော့ ရှိတယ် "ဟု ၎င်းက ပြောသည်။
















