အထပ်မြင့်အဆောက်အအုံ စီမံကိန်းအားလုံးကို အသေးစိတ် ပြန်လည် စစ်ဆေးမည်

အထပ်မြင့်အဆောက်အအုံ စီမံကိန်းအားလုံးကို အသေးစိတ် ပြန်လည် စစ်ဆေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုပြီးနှင့် ခွင့်ပြုရန်စစ်ဆေးဆဲ အထပ်မြင့်ဆောက်အအုံ ပေါင်း
၄၀၀ နီးပါးကို တည်ဆောက်ရေးလုပ်ငန်းများ ခေတ္တဆိုင်းငံ့ထားရန် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီက ယခု သီတင်း ပတ်အတွင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့တဲ့အစိုးရလက်ထက်အတွင်း ခွင့်ပြုခဲ့ သည့်စီမံကိန်းများနှင့် လက်ရှိတွင် ခွင့်ပြုရန် စိစစ်ဆဲ
အဆောက်အအုံများကို အသေးစိတ် စစ်ဆေး ဆောင်ရွက်နိုင်ရန် အဆိုပါအမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး
ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ကိုးထပ်နှင့်အထက် ခွင့်ပြုပြီး အထပ်မြင့် အဆောက်အအုံ
စီမံကိန်းပေါင်း ၂၀၀ ကျော်ရှိပြီး ပုံစံကြီးခွင့်ပြုမိန့်ရပြီး အထပ် မြင့်အဆောက်အအုံစီမံကိန်း ၆၀ ကျော်နှင့်
တည်ဆောက်ဆဲစီမံကိန်းပေါင်း ၁၂၀ ကျော် ရှိသည်ဟု သိရသည်။

မြို့အင်္ဂါရပ်ဖွံ့ဖြိုးမှုနှင့် ကိုက်ညီစေရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း ၍ အထပ်မြင့်
အဆောက်အအုံများ ဆောက် လုပ်ခွင့်ကို အသေးစိတ်စိစစ်သွားမည်ဖြစ်ပြီး မူအားဖြင့်သာ
ခွင့်ပြုချက်ရထားသည့် စီမံကိန်း များကို လုပ်ငန်းခေတ္တရပ်ဆိုင်းရန် တရားဝင် သတင်းထုတ်ပြန်
ခဲ့ခြင်းဖြစ်သည်။ "၀န်ကြီးချုပ်က သူ့လက်ထက်မှာ မြို့တော် ကို ထိုက်သင့်သလောက် ထိန်းလို့ရအောင်
လုပ်ချင်တယ်။ အဲဒါကြောင့် အမိန့်ထုတ်လိုက် ပြီးတော့ တချို့စီမံကိန်းတွေလည်း ရပ်နေကြပြီ။
တချို့လည်း ချက်ချင်းရပ်လို့မရတဲ့လုပ်ငန်း တွေက ဆက်လုပ်နေကြတယ်။ မနေ့က ၀န်ကြီးချုပ်
ဦးစီးပြီးတော့ အစည်းအဝေးလုပ်တယ်။ အမြန်ဆုံး ညှိနှိုင်းရေးအဖွဲ့ဖွဲ့ပြီး စိစစ်ပြီးတော့
အမြန်ဆုံးပြန်ခွင့်ပြုပေးမယ်"ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန
(အဆောက်အအုံ) ဌာနမှူး ဦးသန်းဌေးက ပြောသည်။

အထပ်မြင့်အဆောက်အအုံများ အသေးစိတ်စစ်ဆေးရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး
အဖွဲ့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အင်ဂျင်နီယာ
အသင်း၊ လွှတ်တော်ကိုယ်စားလှယ်တချို့နှင့် ပြင်ပပညာရှင် များကို လျာထားဖွဲ့စည်းပြီးဖြစ်ကာ
ယခုရက်ပိုင်းအတွင်း အပြီးသတ်တရားဝင်ဖွဲ့စည်းမည်ဟု သိရသည်။ အဆိုပါ ပူးပေါင်းစစ်ဆေးရေး
အဖွဲ့က အထပ်မြင့်အဆောက်အအုံများကို အမြန်ဆုံး စိစစ်သွားမည်ဖြစ်ကာ တည်ဆောက်ရေး
စီမံကိန်းများ လုပ်ငန်းမနှောင့်နှေးစေရန် အမြန်ဆုံးခွင့်ပြုပေးမည်ဖြစ်ကြောင်း ဦးသန်းဌေးက
ပြောသည်။

"ဒီလိုပြန်လည်စိစစ်မှုတွေ ကြောင့်လုပ်ငန်းကြာတာနဲ့အမျှ လုပ်ငန်းရှင် တွေ အဆင်မပြေနိုင်ဘူး
ဆိုတာ သိတဲ့အတွက် အချိန်မကြာအောင်လုပ်ပေးသွားမှာပါ။ အမိန့်ထုတ်လိုက်တယ်ဆိုပေမဲ့
အချိန်ကြာတာနဲ့ အမျှ လုပ်ငန်းရှင်တွေဘက်က ဘာဆက်လုပ် ရမှန်းမသိ မဖြစ်အောင်
အမြန်ဆုံးစိစစ်ပြီး အမြန်ဆုံးခွင့်ပြုမယ်"ဟု ၎င်းက ပြောသည်။ ယခင်အစိုးရလက်ထက်က
အပြီးသတ် ဆုံးဖြတ်ခြင်းမရှိသေးသည့် ဆောက်လုပ်ရေး စီမံကိန်းများ၊ မြို့သစ်စီမံကိန်းများနှင့်
အခြား စီမံကိန်းအားလုံး ပြန်လည်စိစစ်ရေးကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရသစ်အဖွဲ့က ပြောကြားထားပြီး ဖြစ်သည်။

ရန်ကုန်သည် မြန်မာနိုင်ငံ ၏ စီးပွားရေးမြို့တော်ဖြစ်သည်နှင့်အညီ မြို့ပြ ဖွံ့ဖြိုးမှုများဖြစ်သည့်
အထပ်မြင့်အဆောက်အအုံများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံ များ၊ အိမ်ရာစီမံကိန်းများ၊
မြို့သစ်စီမံကိန်း များ စသည့် ဆောက်လုပ်ရေးလုပ်ငန်းများ တွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ
မှုများစွာ ရှိနေသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိ မိတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်း
ရင်းနှီး မြှုပ်နှံမှုများတွင် အဓိကကျသည့် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ခွင့်ကို
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မ တီက ကာလအလိုက် စည်ပင်ဥပဒေများနှင့် အညီ
ခွင့်ပြုပေးခြင်းဖြစ်သည်ဟု တာဝန်ရှိသူ များက ပြောသည်။

အထပ်မြင့် အဆောက်အအုံများနှင့် အဓိကသက်ဆိုင်သော မြို့မြေအသုံးချမှုဇုန် ဥပဒေ (Zoning Plan) ကို
လက်ရှိတွင် အပြီးသတ် အတည်ပြုနိုင်ခြင်း မရှိသေးဘဲရှိရာ အထပ်မြင့် အဆောက်အအုံများခွင့်ပြုရာတွင်
ကာလအနေအထားအလိုက် ဥပဒေ၊ နည်း ဥပဒေများကို အမျိုးမျိုးပြင်ဆင်၍ ခွင့်ပြုပေးရ ခြင်းဖြစ်ရာ
ခွင့်ပြုမိန့်ထုတ်ပေးရာတွင် စနစ် တကျဖြစ်စေရန် အထပ်မြင့်အဆောက်အအုံ များကို ပြန်လည် စိစစ်
သုံးသပ်ခြင်းဖြစ်သည် ဟု ဦးသန်းဌေးက ပြောသည်။

"တချို့စီမံကိန်းတွေက ပေးလို့လည်းရ တယ်၊ မပေးလို့လည်းရတယ်။ အားလုံးက တော့ သူ့ရဲ့
ခေတ်ကာလနည်းဥပဒေတွေနဲ့ ပေးတာပဲ။ အခုလည်း အဲဒီနည်းဥပဒေတွေကို ပြန်စိစစ်မှာပဲလေ။
မူအားဖြင့် ခွင့်ပြုပြီ ဆိုကတည်းက သူ့ရဲ့ကာလအတိုင်း ရှိနေတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့တော့
ပေးခဲ့တာပဲ။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် အခုက ပြန်သုံးသပ်တာ။ အခုလည်း ဥပဒေ၊ နည်း ဥပဒေတွေက ပြောင်းသင့်ရင် ပြောင်းသွားမှာ။ အရင်တုန်းက ခွင့်ပြုခဲ့တုန်းက စံချိန်စံညွှန်း နဲ့၊
အခုစိစစ်မယ့် စံချိန်စံညွှန်းနဲ့ အခြေခံချင်းတော့ တူမယ်"ဟု ၎င်းက ပြောသည်။ ပြီးခဲသည့်အစိုးရ
လက်ထက်တွင် အထပ် မြင့်အဆောက်အအုံ စီမံကိန်းများကို စိစစ်ခွင့်ပြုရာတွင် ကိုးထပ်မှ ၁၂ ထပ်ခွဲ
အထိ အဆောက်အအုံများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် များအစည်း
အဝေး အတည်ပြုချက်ဖြင့် ခွင်ပြု ခဲ့ခြင်းဖြစ်သည်။ ၁၃ ထပ်နှင့်အထက် အဆောက်အအုံများကို
ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အစည်းအဝေးဖြင့် အတည် ပြုကာ စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မူအားဖြင့်ခွင့်ပြုချက် ရရှိထားပြီးသော ကိုးထပ်မှ ၁၂ ထပ်ခွဲထိ အဆောက်အအုံများကို ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ အထပ်မြင့်အဆောက်အအုံဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ
စစ်ဆေးရေးနှင့်ကြီးကြပ်ရေးအဖွဲ့ (HIC) က အဆောက်အအုံ ဒီဇိုင်းများကို စိစစ်ပြီး ၁၃ ထပ်နှင့်
အထက် အဆောက်အအုံဒီဇိုင်းများ ကို အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ
ကြီးကြပ်စိစစ်ရေးပညာရှင်အဖွဲ့ (CQHP) က စိစစ်ခြင်းဖြစ်သည်။

ရန်ကုန်မြို့လယ်ရှိ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်များကို တွေ့ရစဉ်။အောင်မြင်ရဲဇော် / မြန်မာတိုင်း(မ်)

ယခင်အစိုးရလက်ထက်တွင် အဆင့်လိုက် ဒီဇိုင်းစိစစ်ထောက်ခံချက်များ ရရှိပြီးမှသာ
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မ တီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)က
အဆောက်အအုံ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်ကို အပြီးသတ် အတည်ပြု ထုတ်ပေးခဲ့ခြင်း
ဖြစ်သည်။ ရန်ကုန်မြို့အတွင်းရှိ အထပ်မြင့် အဆောက်အအုံစီမံကိန်းကို မြို့တော်အင်္ဂါရပ်နှင့်အညီ
ခွင့်ပြုပေးရန် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရသစ်အဖွဲ့က ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်