ရန်ကုန်မြို့တွင် အသုံးပြုခြင်းမရှိသော စက်မှုဇုန်မြေကွက် ၄၀ ရာခိုင်နှုန်းကျော်ရှိ

ရန်ကုန်မြို့တွင် အသုံးပြုခြင်းမရှိသော စက်မှုဇုန်မြေကွက် ၄၀ ရာခိုင်နှုန်းကျော်ရှိ

ရန်ကုန်မြို့တွင် ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ စက်မှု ဇုန်မြေကွက်ပေါင်း တစ်သောင်းကျော်ခန့်
ဖော်ထုတ်ခဲ့ရာ စက်မှုဇုန်မြေကွက်တစ်ခု၏ ဈေးနှုန်းမှာ ကျပ်သိန်းလေးထောင်မှ
ခြောက်ထောင်ကြားထိ မြင့်မားနေသော်လည်း အသုံးမပြုသောမြေကွက်မှာ ၄၀
ရာခိုင်နှုန်း ကျော်ရှိနေသည်ဟု မြို့ပြပညာရှင်များက ပြောသည်။

အသုံးပြုနေခြင်းမရှိသော စက်မှုမြေကွက်များ များပြားရခြင်းမှာ ကုမ္ပဏီတစ်ခုက
လက်ဝါးကြီး အုပ်ဝယ်ယူထားခြင်းကြောင့် ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ရင်ဆိုင်ဖြေရှင်း
သင့်ကြောင်း မေလဆန်းပိုင်းက ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ
တစ်ရပ်တွင် တာဝန်ရှိသူများက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်ကြသော လူဦးရေ၏ ၂၇ ရာခိုင်နှုန်းခန့်မှာ ဆောက်လုပ်ရေး
ကဏ္ဍတွင် အလုပ်လုပ်ကိုင်ကြပြီး ၉ ရာခိုင်နှုန်းခန့်သာ စက်မှုကဏ္ဍတွင်
လုပ်ကိုင်ကြနေရသောကြောင့် စက်မှုကဏ္ဍကို ပိုမိုအကောင်အထည် ဖော်သင့်ကြောင်း
ပညာရှင်များက ပြောသည်။ တိုင်းပြည်၏ ထုတ်လုပ်မှုစွမ်းအားကို တိုက်ရိုက် အထောက်
အကူဖြစ်လာစေရန် ရန်ကုန်မြို့တွင် စက်ရုံ၊ အလုပ်ရုံများ ပိုမိုပေါ်ပေါက်လာစေရန် ပြုလုပ်သင့်ပြီး
စက်မှုဇုန် များ ပေါ်ပေါက်ခြင်းကို ဟန့်တားနေသော အကြောင်းရင်းတစ်ခုမှာ စက်မှုမြေကွက်ဈေး နှုန်း
မြင့်မားနေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့ပြစီမံကိန်းပညာရှင်
ဦးတိုးအောင်က ပြောသည်။ စက်မှုဇုန်များတွင် မြေကွက်ဈေးနှုန်းမြင့် တက်ခြင်းကို ထိန်းချုပ်နိုင်စေရန်
အမှန် တကယ်စက်ရုံတည်ဆောက် အလုပ်လုပ်ကိုင် သူများကိုသာ စက်မှုဇုန်မြေကွက်များကို
၀ယ်ယူခွင့်ပေးခြင်းမျိုး ပြုလုပ်သင့်ကြောင်း မြို့ပြပညာရှင်များက ပြောသည်။

စက်မှုမြေကွက်များကို အကျိုးရှိရှိအသုံးချနိုင်သော စက်မှုဇုန်များ အကောင်အထည်ဖော်ရာတွင်လည်း
မသန့်ရှင်းသော ရေဆိုးများကို စနစ် တကျ သန့်စင်ပေးမယ့် ရေသန့်စင်စနစ်များ နှင့် စက်မှုဇုန်များ
အတွက် လျှပ်စစ်မီးမှန်ကန် အောင် ပြုလုပ်ပေးခြင်းများကို အစိုးရမှ ယခု အချိန်ထိ အကောင်
အထည်မဖော်ဆောင် နိုင်သေးကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

"ဒီအခြေအနေကို ကြိုးပမ်းဖို့ စနစ်ကျတဲ့ စီမံခန့်ခွဲကို လုပ်ရမယ်။ စက်မှုဇုန်တွေ၊ စိုက်ပျိုး ရေးဇုန်တွေ၊
မွေးမြူရေးဇုန်တွေ တကယ် စက်မှု ဇုန်တွေ စိုက်ပျိုးရေးဇုန်တွေ ဖြစ်ရမယ်။ စက်မှု ဇုန်တွေထဲ
၀င်သွားပြီး ကွင်းတွေ၊ ဂိုဒေါင်တွေ တွေ့နေရုံလောက်နဲ့ စက်မှုဇုန် မဖြစ်နိုင်ဘူး။ စက်မှုဇုန်ဆိုတာ
ထုတ်ကုန်တွေ ဦးတည်နေရ မယ်။ အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်နေရမယ်။ တကယ်
အကြီးစားစက်မူဇုန်တွေ က အသေးစားစက်မှုလုပ်ငန်းရှင်တွေနဲ့ ချိတ် ဆက်နေရမယ်။ ဒါမှ
အလယ်အလတ် စီးပွား ရေးလုပ်ငန်းရှင်တွေလည်း ရပ်တည်ခွင့်ရမှာ လေ။ ဒီလိုပုံစံတွေကို
ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ဖို့ အလုပ်များများ လုပ်ရပါလိမ့်မယ်။ ဒါမှသာ ကျွန်တော်တို့
ဒီအပြောင်းအလဲကို သယ်ဆောင်နိုင်မှာ ဖြစ်မှာပါ"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်