အစိုးရသစ်လက်ထက်တွင် တန်ဖိုးနည်းအိမ် ရာများကို အကောင်အထည်ဖော်သွားမည် ဖြစ်ရာ
မင်္ဂလာဒုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များ တွင် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း
၈၀၀၀ အထိဆောက် လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန တာဝန်ရှိသူများက ပြောသည်။
"မင်္ဂလာဒုံနဲ့ ဒဂုံဆိပ်ကမ်းမှာ ကျပ် သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ခန်းတွေ ဆောက်သွားမှာပါ။
ဘယ်နေရာမှာ ဆောက် မယ်ဆိုတာအတိအကျ ပြောလိုက်လို့ ကျူးတွေ အဲဒီမြေထဲဝင်လာရင် ပြဿနာကြီးလာနိုင်လို့ မြေနေရာမပြောနိုင်ပါဘူး။ အမြန်ဆုံးဆောက် ပေးသွားမှာပါ။
အခု စီမံကိန်းတွေ ဆွဲထားပြီးပါပြီ"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
အများပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင် သည့် အခွင့်အရေးများရရှိစေရန် ကျပ်သိန်း ၁၀၀
အောက်တန်ဖိုးရှိ တန်ဖိုးနည်းအိမ်ရာ များကို အဓိကဦးစားပေး ဆောက်လုပ်သွားရန်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ဦးဝင်းခိုင်က ညွှန်ကြားထားပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံပိုင် မြေနေရာ အများအပြားရှိနေသည့် မင်္ဂလာဒုံ နှင့်
ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် တန်ဖိုးနည်း အိမ်ရာများကို ဆောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။
အိမ်ခန်းတစ်ခန်းလျှင် စတုရန်းပေ ၄၀၀ ကျယ်ဝန်းသည့် ရှစ်ခန်းတွဲငါးထပ်နှင့် ခြောက်ခန်းတွဲ
လေးထပ်အဆောက်အအုံများကို တည်ဆောက်သွားမည်ဖြစ်ရာ အဆောက်အအုံတစ်လုံးလျှင်
အခန်းပေါင်း ၄၀ ကျော် ထွက်ရှိမည်ဖြစ်သည်။ နှစ်နှစ်အတွင်း အိမ်ရာ အခန်းပေါင်း ၈,၀၀၀
အထိထွက်ရှိနိုင်ရန် မြို့နယ်နှစ်ခုတွင် တစ်ပြိုင်နက်တည်းတည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါကျပ် သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာအခန်း များကို တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင်
ဆောက်လုပ်ခဲ့ပြီးဖြစ်သည့် ယုဇန၊ ကနောင် တန်ဖိုးနည်းအိမ်ရာမျာမှ တိုက်ခန်း များကို အစိုးရ
သစ်လက်ထက် ပထမရက် ပေါင်း ၁၀၀ အတွင်း အများပြည်သူသို့ ရောင်းချနိုင်ရန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
"လက်ရှိမြေနေရာ အနေအထားအရ ဒဂုံ ဆိပ်ကမ်းက အရင်ဆောက်ဖို့များတယ်။ အခု အစိုးရသစ်
လက်ထက်မှာစလုပ်မယ့် ကျပ်သိန်း ၁၀၀အောက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသစ်ဖြစ်တယ်၊
ကျူးတွေနဲ့ ပတ်သက်ပြီး ရန်ကုန် ၀န်ကြီးချုပ်ကလည်း စီမံကိန်းတွေနဲ့ ဖြေရှင်းမယ်လို့ ပြောထားတာ
ရှိပါတယ်"ဟု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ (ရန်ကုန် တိုင်းဒေသကြီး)မှ ညွှန်ကြားရေးမှူး
ဦးယုခိုင် က ပြောသည်။ ယခင်အစိုးရလက်ထက်တွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို
ဆောက်လုပ်ကာ တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် မဲနှိုက်ရွေးချယ်ပြီး ရောင်းချပေးခဲ့သလို
မဲပေါက် ထားသူများကိုလည်း အရစ်ကျစနစ်ဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်
ချိတ်ဆက်ကာ ၀ယ်ယူခွင့်ပြုထားခဲ့သည်။ သို့သော် တိုက်ခန်းတန်ဖိုး၏ ၄၀ ရာခိုင် နှုန်းကို ကနဦးသွင်း
ဈေးအဖြစ် သတ်မှတ်ကာ ငွေပေးသွင်းစေသည့်အတွက် အမှန်တကယ် အိမ်ရာလိုအပ်သူများ၏
လက်ဝယ်သို့ မရောက်ရှိခဲ့သည့်အပြင် မဲနှိုက် ရွေးချယ်ဝယ်ယူသည့် စနစ်ကိုလည်း လက်ရှိ အစိုးရ လက်ထက်တွင် ပြန်လည်သုံးသပ်ပေးရန် လိုအပ်ကြောင်း ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာတွင်
တိုက်ခန်းဝယ်ယူရန် ကြိုးပမ်းခဲ့သူ ဒေါ်ဥမ္မာမြင့်က ပြောသည်။
"ကျွန်မ ပင်စင်သွားရင်တောင် နေဖို့ အိမ် ခန်းမရှိပါဘူး။ အခုလည်းငှားနေရတာပါ။ ပြီးခဲ့တဲ့
အစိုးရလက်ထက်တုန်းက တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေ လျှောက်လွှာခေါ်တိုင်းလည်း
တင်ခဲ့ပေမဲ့ မဲမပေါက်ခဲ့ပါဘူး။ ဟိုတလောက သတင်းစာမှာ ရွှေလင်ပန်းမှာ မဲပေါက်ပြီးပေမဲ့
အိုးအိမ်ကိုလာမဆက်သွယ်တဲ့သူတွေ အများကြီးရှိနေကြောင်း ဖတ် လိုက်ရပါတယ်။ မဲနှိုက်ရောင်းတဲ့
စနစ်တွေ၊ ကနဦးသွင်းဈေးမြင့်နေတဲ့ကိစ္စတွေကို ပြန်လည် သုံးသပ်ပေးစေချင်ပါတယ်။ သိန်း ၁၀၀ အောက်
အခန်း ၈,၀၀၀ ကိုလည်း အမှန် တကယ် နေစရာမရှိတဲ့လူတွေကိုပဲ ရစေချင်ပါတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ ရန်ကုန်မြို့တော်တွင် နေထိုင်သူ ၅ ဒသမ
၂၁ သန်းရှိပြီး အိမ်ရာ လိုအပ်သူ ၁ ဒသမ ၈ သန်းခန့်အထိရှိနေ သည်။ နှစ်စဉ်အိမ်ခန်းပေါင်း တစ်သိန်းခန့်အထိ ဖြည့်ဆည်းတည်ဆောက်ရန် လိုအပ် သော်လည်း နိုင်ငံတော်နှင့် ပုဂ္ဂလိကဆောက် လုပ်ရေးကုမ္ပဏီများက ဖြည့်ဆည်းတည်ဆောက်နိုင်မှုမှာ တစ်နှစ်လျှင် အိမ်ခန်းပေါင်း ၃၀,၀၀၀ ခန့်သာ
ရှိသည်ဟု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။
















