ရန်ကုန်မြို့တွင် အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာမည့် ၃၄ ထပ်အမြင့်ရှိသော ဒိုင်းမွန်း
အင်းလျားပဲလေ့စ် ကွန်ဒိုသည် စံသတ်မှတ် ချက်များနှင့် ကိုက်ညီမှုမရှိသောကြောင့်
အဆောက်အအုံကို ၃၄ ထပ်အထိ ဆက်လက် ဆောက်လုပ်မည်ဆိုပါက ကန့်ကွက်သွား
မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေ ၃၀ ရက်က ပြုလုပ်
သည့် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။
တိုင်းဒေသကြီးလွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ
လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အဆိုပါ လွှတ်တော်အစည်းအဝေးတွင်
ရန်ကုန်မြိုရှိအထပ်မြင့် အဆောက်အအုံများ ကန့်သတ်ခြင်းဆိုင်ရာ မူဝါဒအသစ်များ
ချမှတ်နိုင်ရေးနှင့် ပတ်သက်ပြီးတိကျသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်
အမိန့်များထုတ်ပြန်ပေးရန် အစိုးရကို တိုက် တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက်အဆိုရှင်က အဆောက်အအုံ ရပ်၊မရပ်ကို ဆက်လက်စောင့်ကြည့်သွားမည်ဟု
ဆိုထားသည်။ "၃၄ ထပ်အထိ မဆောက်သင့်ဘူး။ မြို့မြေအသုံးချမှုဇုန်ခွဲခြားသတ်မှတ်ချက်
အရ ဆိတ်ငြိမ်ရပ်ကွက်နဲ့ အထပ်နိမ့်ဇုန်ထဲမှာ ရှိနေတဲ့အတွက် ကျွန်မတို့အနေနဲ့
အထပ်မြင့်ဆောက် မှာကို မလိုလားဘူး။ မြို့တော်ဝန်အနေနဲ့ လည်း ဒီကိစ္စကို ကိုင်တွယ်ဖို့
စည်းမျဉ်းတွေရှိတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကို စောင့်ကြည့်သွားမှာပါ"ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
မရမ်းကုန်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ဦးထွန်း ငြိမ်းလမ်းတွင်တည်ရှိသော အဆိုပါအဆောက်
အအုံသည် လက်ရှိတွင် ၂၆ ထပ်အထိ ပြီးစီး နေပြီဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ၏ အမိန့်ထုတ်ပြန်ချက် အရ ဆောက်လုပ်ရေးလုပ်ငန်းများ
ရပ်ဆိုင်း ထားနေရသည့် အခြေအနေတွင်ရှိနေပြီး ကော်မတီကလည်း အဆိုပါ
အဆောက်အအုံ ကို စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ ဒိုင်းမွန်းအင်းလျားပဲလေ့စ်
ကွန်ဒိုတည်ဆောက်ရာနေရာသည် လမ်းမကြီးဖြစ်သည့် ပါရမီလမ်းပေါ်တွင် အမှန်
တကယ်တည်ရှိမှုမရှိဘဲ ၁၇ ဒသမ ၅ ပေ အကျယ်ခန့်သာရှိသော ဦးထွန်းငြိမ်းလမ်းသွယ်
ထဲတွင် ဆောက် လုပ်နေခြင်းဖြစ်သည်။
စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြို့နယ်အချို့၏လမ်းအကျယ်ကန့်သတ်ချက်အရ လမ်းအကျယ်အချိုးအစားထက်နှစ်ဆမြေကျန်ဖြင့်တွက် ချက်ပါက အမြင့်ဆုံး လေးထပ်ပို၍ ဆောက်လုပ်ခွင့်မရှိသည့် နေရာသာ ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက
ပြောသည်။ ဒိုင်းမွန်းအင်းလျားပဲလေစ် ကွန်ဒိုမီနီယံကို Mandalay Golden Wing Construction
ကုမ္ပဏီက ဆောက်လုပ်လျက်ရှိပြီး ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်
နီယာဌာန(အဆောက်အအုံ)မှ အဆောက်အအုံဆောက်လုပ်ခွင့်ကို 'မူ'အားဖြင့်သာ ခွင့်ပြုချက်
ရထားခြင်းဖြစ်ပြီး ပုံစံကြီးဖြင့် အပြီး သတ်အတည်ပြုအမိန့် မရရှိသေးပေ။ "ဒိုင်းမွန်းအင်းယား
ပဲလေ့စ် ကွန်ဒိုက အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်ကို မူအားဖြင့်ပဲ ရထားသေးတယ်။
ပါမစ်ကြီး မရ သေးဘူး။ အဲဒါကြောင့် လတ်တလောမှာ အဲဒီ လိုမူအားဖြင့်ရထားတဲ့
အဆောက်အအုံတွေကို ကျွန်တော်တို့ ပြန်လည်စစ်ဆေးနေ တယ်။ လုပ်ငန်းတွေကိုလည်း
ခဏရပ်ခိုင်း ထားပါတယ်။ ဒါတွေကို ဆက်ဆောက်ခွင့်၊ မဆောက်ခွင့်ကို အမြန်ဆုံး ဆုံးဖြတ်ပေး
နိုင်အောင် လုပ်နေပါတယ်"ဟု အင်ဂျင် နီယာဌာန (အဆောက်အအုံ)၏ ဌာနမှူး ဦးသန်းဌေးက
ပြောသည်။
ပြီးခဲ့သည့်အပတ်က အထပ်မြင့်အဆောက် အအုံများကို ပြန်လည်စိစစ်သွားမည်ဟု ရန်ကုန်
မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပြီး အထပ်မြင့်အဆောက်
အအုံ ၄၀၀ ကျော်ကို ပြန်လည်စိစစ်သွား မည်ဖြစ်ကာ မူအားဖြင့်ခွင့်ပြုထားသည့်
အထပ်မြင့်အဆောက်အအုံ ၂၀၀ ကျော်ကို လုပ်ငန်းများ ခေတ္တရပ်ဆိုင်းရန် ညွှန်ကြားခဲ့သည်။
အဆိုပါ အခြေအနေနှင့်ပတ်သက်၍ တာဝန်ယူဆောက်လုပ်နေသော Madalay Golden Wing Construction ဆောက်လုပ် ရေးလုပ်ငန်းကုမ္ပဏီကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။ ထို့ပြင် အလုံလမ်းနှင့်
မနော်ဟရီလမ်းထောင့်တွင်ရှိသော အခြားအထပ်မြင့်အဆောက်အအုံ စီမံကိန်းတစ်ခုကိုလည်း
လွှတ်တော်တွင် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးနှင့် လွှတ်တော်အဆောက်
အအုံနှင့် အနီးဆုံးနေရာတွင် ရှိနေသော အထပ်မြင့်ဖြစ်သောကြောင့် ပြန်လည်သုံးသပ်ရန်
ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဇေယျက တင်ပြခဲ့သည်။ အဆိုပါစီမံကိန်းသည်
၁၁ ထပ်အမြင့်ရှိသော အဆောက်အအုံဆောက်လုပ်ရန် သရုပ်ဆောင် အကယ်ဒမီ ဦးလွင်မိုးရှယ်ယာ
ပါ၀င်သည့် ၀မင်းဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်ခွင့်ရရှိထားပြီးဖြစ်သည်။ ယင်းသည်
လည်း လက်ရှိတွင် လုပ်ငန်းရပ်ဆိုင်းခံထားရသော အဆောက်အအုံစာရင်းအတွင်း ပါ၀င်နေသည်။
ယင်းသည် အစိုးရနှင့် လွှတ်တော်အဆောက်အအုံများစသည်တို့နှင့် အလွန်နီးကပ်စွာရှိနေမှုမှာ
လုံခြံုရေးအခြေအနေကို စိုးရိမ်ရဖွယ်ရှိသည့်အတွက် အဆိုပါ အဆောက်အအုံစီမံကိန်းကို
ပြန်လည်သုံးသပ်သွားမည်ဟုလည်း ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်
အတွင်း ပြန်လည်ဖြေကြားခဲ့သည်။
၀မင်းဆောက်လုပ်ရေးကုမ္ပဏီ၏ တာဝန် ရှိသူတစ်ဦးက ၎င်းတို့အနေဖြင့် ယခင်အစိုးရ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် စည်းကမ်းချက်များကို ပြန်လည်ပြင်ဆင်ပါက မူဝါဒအသစ်အတိုင်းသာလိုက် နာဆောင်ရွက်
သွားရန်ရှိကြောင်း မြန်မာ တိုင်း(မ်)ကို ပြောသည်။
















