နောင်ဆယ်စု နှစ်သုံးခုအတွင်း လူဦးရေသုံးဆ ကျော်ခန့်များပြားလာမည်ဖြစ်သောကြောင့်
တိုးပွားလာမည့် ရန်ကုန်မြို့လူဦးရေအတွက် မြေနေရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်
မြို့သစ်တည်ဆောက်မှုများကို အချိန်မီဆောင်ရွက်သင့်ကြောင်း ရန်ကုန်မြို့ပြပညာရှင်များက
ပြောသည်။
ရန်ကုန်မြို့လူဦးရေသည် ၂၀၁၂ ခုနှစ်တွင် ငါးဘီလျံခန့်သာ ရှိခဲ့သော်လည်း ၂၀၄၂ခုနှစ် တွင်
၁၄ ဒသမ ၂၅ ဘီလျံခန့် ရှိလာမည်ဖြစ်ပြီး ၂၀၅၂ခုနှစ်တွင် ၁၈ ဒသမ ၄၈ ဘီလျံခန့် ရှိလာနိုင်
မည်ဖြစ်သောကြောင့် ထိုတိုးများ လာမည့် လူဦးရေအတွက် လိုအပ်သော မြေ နေရာများအတွက်
မြို့သစ်များစနစ်တကျတိုးချဲ့ခြင်းများကို အချိန်မီပြုလုပ်သင့်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ၊ မြို့ပြမြေယာနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုဌာနမှူး ဦးတိုးအောင်က ပြောသည်။ "ရန်ကုန်မြို့ရဲ့
များပြားလာတဲ့လူဦးရေအတွက် မြို့သစ်တည်ဆောက်တာတွေ၊ မြေနေရာချဲ့ထွင်တာတွေကို အချိန်မီ စနစ်တကျပြုလုပ်သင့်ပါတယ်။ နိုင်ငံတစ်ခု လုံးရဲ့ မြို့ပြနေလူဦးရေရဲ့ ရ၀ ဆယ်ရာခိုင်နှုန်း ခန့်က
ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့အတွက် ရန်ကုန်မြို့ကို တိုးများလာတဲ့လူဦးရေအတိုင်း မြေနေရာချဲ့ထွင်
တာတွေကို အခုကတည်းက စတင်ပြုလုပ်သင့်ပါတယ်"ဟု မေလနောက်ဆုံးအပတ်က ပြုလုပ်ခဲ့သော
Build Tech Yangon 2016၏ ရန်ကုန်မြို့နှင့် ၎င်း၏ပတ်ဝန်းကျင်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက်
အခွင့်အလမ်းများ ဟောပြောပွဲတွင် ၎င်းက ပြောသည်။
ရန်ကုန်မြို့အကျယ်အဝန်း ဧရိယာသည် ၁၉ရာစုနှစ်တွင် ၃၃ စတုရန်းမိုင်သာ ရှိခဲ့ပြီး ယခုအချိန်တွင်
၂၀၀ စတုရန်းမိုင်အထိ တိုးချဲ့လာနိုင်ပြီဖြစ်သော်လည်း ထိုအကျယ်အဝန်းသည် တိုးတက်လာမည့်
ရန်ကုန်မြို့ လူဦးရေအတွက် မလုံလောက်သေးကြောင်း ဦးတိုးအောင်က ပြောသည်။ မြို့သစ်များ
တိုးချဲ့ရာတွင်လည်း မြေကွက် များကိုသာ တိုးချဲ့ခြင်းမဟုတ်ဘဲ နေထိုင်လိုသူများ အဆင်ပြေစွာ
နေထိုင်နိုင်မည့် တိုးတက်မှုရှိသော မြို့သစ်များဖြစ်စေရန် အခြေခံအဆောက်အအုံမှစတင်ကာ
လိုအပ်သည်များကို စနစ်တကျတိုးချဲ့ရန် လိုအပ်ပြီး မြို့ထဲဧရိယာနှင့် မြို့စွန်ဧရိယာ တိုးတက်မှုမညီမျှပါက
ဆိုးကျိုးများကို ခံစားရနိုင်မည်ဖြစ် ကြောင်း မြို့ပြပညာရှင်များက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့နေဝန်ထမ်းများ၏ ၄၀ရာခိုင်နှုန်းခန့်မှာ မြို့ထဲဧရိယာသို့ နေ့စဉ်လာရောက်
အလုပ်လုပ်ကိုင်နေရသည့်အတွက် ယာဉ်ကြောပိတ်ဆို့ခြင်းများ ဖြစ်ပွား လျက်ရှိပြီး ထိုကဲ့သို့
ယာဉ်ကြောပိတ်ဆို့မှု များ လျော့နည်းစေရန် မြို့ထဲဧရိယာနှင့် မြို့ပြင်ဧရိယာများတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့်
လူနေထိုင်နှုန်းများ ညီမျှရန်လိုအပ်ကြောင်း ဦးတိုးအောင်ကပြောသည်။
"စီးပွားရေးဆိုင်ရာလုပ်ငန်းတွေအတွက် မြို့ထဲဧရိယာမှာပဲ ရုံးခန်းတွေဖွင့်နေရပြီး စီးပွားရေးဆိုင်ရာ အချက်အချာကျတဲ့နေရာဖြစ်နေတယ်။ တကယ်လို့သာ မြို့ထဲဧရိယာအပြင် မြို့စွန်တွေမှာလည်း
စီးပွားရေးဆိုင်ရာ အချက်အချာကျတဲ့နေရာတွေ၊ စီးပွားရေးဇုန် လေးတွေ အကောင်အထည်ဖော်
ထားနိုင်မယ်ဆိုရင် မြို့ထဲဧရိယာကို သက်သက်လာဖို့ မလိုတော့ဘူး။ ဒါဆိုရင် မြို့ထဲဧရိယာမှာ
ကားလမ်းကျပ်တာတွေ၊ လူဦးရေထူထပ်လွန်း တာတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့ထဲဧရိယာ နှင့် မြို့ပြင်ဧရိယာများတွင် လူဦးရေနေထိုင် နှုန်း
မညီမျှဘဲ ကွာခြားချက်များပြားနေသော ကြောင့် လူနေထိုင်နှုန်းညီမျှစေရန် ဆောင်ရွက်သင့်ကြောင်း
မြို့ပြပညာရှင်များက ပြောသည်။
"ရန်ကုန်မြို့မှာ လူနေထိုင်မှုနှုန်းက မညီမျှဘဲ မြို့နယ်တွေအလိုက် သိသိသာသာ ကွာခြားနေတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ စစ်တမ်းအရ မြို့ထဲဧရိယာမှာ တစ်ဧကကို လူ၃၆၅
ဒသမ ၅ ယောက် နေထိုင်ကြပေမယ့် မြို့စွန်မြို့နယ်တွေ မှာ တစ်ဧကမှာ နေထိုင်သူဦးရေက ၁၀
ယောက်ထက် လျော့နည်းနေတယ်။ ဒါ့ကြောင့် မြို့စွန်ဒေသတွေကိုလည်း နေထိုင်သူတွေ
အဆင်ပြေပြေနေထိုင်နိုင်အောင်နဲ့ အလုပ် အကိုင်အခွင့်အလမ်းတွေကိုလည်း အဲ့ဒိမြို့ မှာပဲ
ရှာဖွေနိုင်အောင် တိုးတက်အောင် ဆောင်ရွက်သင့်တယ်"ဟု ဦးတိုးအောင်က ပြောသည်။
ထို့ပြင် ရန်ကုန်မြို့လူဦးရေ၏ ၅၀ ရာခိုင် နှုန်းကျော်မှာ ၀င်ငွေနည်းသူများ ဖြစ်သည့်အတွက်
ထိုသူများအတွက် အဆင်ပြေစေ မည့် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများ လိုအပ်နေကြောင်း
၎င်းက ပြောသည်။ ရန်ကုန်မြို့၏ မြေနေရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရန်ကုန်မြို့စွန်
ဧရိယာများတွင် မြို့သစ်ခုနစ်ခုတည်ဆောက်ခြင်း ကို ပြီးခဲ့သောနှစ်မှ စတင်ကာ ပြုလုပ်ခဲ့ပြီး
၁၁၈,၇၃၂ ဧက တိုးချဲ့နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။ "မြို့သစ်ဧရိယာတွေ အကောင်အထည်ဖော်တဲ့အခါ မြို့သစ်
တည်တယ်ဆိုပြီး မြေ ကွက်ချည်းပဲ တိုးချဲ့ရောင်းတာမျိုးမဟုတ်ဘဲ နေထိုင်သူတွေ အဆင်ပြေပြေနေနိုင်ဖို့
လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ၊ အပန်းဖြေနိုင်မယ့်နေရာတွေကို မြို့မြေအသုံး
ချမှုဇုန်တွေရေးဆွဲတဲ့အခါမှာ တစ်ခါတည်း ထည့်သွင်းအကောင်အထည်ဖော်သင့်တယ်။
လွန်ခဲ့တဲ့နှစ် ၂၀ ကတည်းက လိုအပ်တဲ့ အပန်းဖြေနေရာတွေ၊ အများနဲ့သက်ဆိုင်တဲ့နေရာတွေ
မပါဘဲ အဆောက်အအုံတွေချည်း တည်ဆောက်ခဲ့တာတွေကြောင့် လက်ရှိမှာ မွန်းကြပ်တဲ့
မြို့တော်ဖြစ်နေပါတယ်"ဟု ၎င်းက ပြောသည်။
ယခုအချိန်တွင် သီလဝါအထူးစီပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး
ထိုစက်မှုဇုန်တွင် အလုပ်လုပ်မည့် လုပ်သားဦးရေမှာ နှစ်သောင်းခန့် ရှိလာမည်ဟု ခန့်မှန်း
ထားသည့်အတွက် ထိုများပြားလာမည့်လူများ နေထိုင်ရန်အတွက် သီလဝါ စက်မှုဇုန်နှင့်
ကပ်လျက်တွင်ရှိသော သန်လျင်မြို့ နယ်ကို အချိန်မီ တိုးချဲ့ရန် လိုအပ်ကြောင်း ဦးတိုးအောင်က
ပြောသည်။ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ချနိုင်ရန် အတွက် သီလဝါစက်မှုဇုန်အနီးတွင်
ရေကြောင်းခရီးလမ်းမှလာသော ကုန်ပစ္စည်း များအတွက် ကုန်တင်ကုန်ချပြုလုပ်နိုင်ရန်
ဆိပ်ကမ်းအသစ်တစ်ခု ထပ်မံပြုလုပ်သင့်ကြောင်း ၎င်းကပြောသည်။
"ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ ရန်ကုန် ဆိပ်ကမ်းကနေ သီလဝါစက်မှုဇုန်ဆီကို နေ့စဉ်ကားလမ်းနဲ့
ကုန်ပစ္စည်းတွေ သယ်သွား သယ်လာပြုလုပ်နေရမယ်ဆိုရင် အဲဒီလမ်းတစ်လျှောက်လုံးမှာ
ယာဉ်ကြောပိတ်ဆို့မှုက ဆိုးရွားသွားမှာပါ။ အဲ့ဒိလို ယာဉ်ကြောပိတ်ဆို့တာတွေ မဖြစ်စေဖို့
သီလဝါစက်မှုဇုန်နားမှာ ဆိပ်ကမ်းအသစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမှာပါ"ဟု
၎င်းက ပြောသည်။















