ရိုးရာလက်'အုတ်' လုပ်ငန်း ပျက်ယွင်းလာ

ရိုးရာလက်'အုတ်' လုပ်ငန်း ပျက်ယွင်းလာ

အရင်းအနှီးအခက်အခဲများ၊ မြေနေရာလိုအပ် ချက်များကြောင့် ဆောက်လုပ်ရေး
ပစ္စည်းရောင်းဝယ်ရေးဈေးကွက်တွင် အရေးပါသည့် ကုန်ကြမ်းတစ်ခုဖြစ်သော
'အုတ်'ဖုတ်လုပ်ငန်းဈေးကွက် ပျက်ယွင်းလာပြီး ရောင်းလိုအား ပြတ်လတ်လာကြောင်း
ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်သူများကပြောသည်။

လက်အုတ်လုပ်ငန်းမှာ အရောင်းဈေး ကွက်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက
အသေးစားလုပ်ငန်းများအဖြစ် ရပ်တည်လာခဲ့သည်။ ရိုးရာလက်အုတ်ဖုတ် လုပ်ငန်းများ
ယခုအချိန်တွင် ရပ်တည်ရန်ခက်ခဲလာပြီး လက်အုတ်ဖုတ်လုပ်ငန်းဈေး ကွက် ပျက်ယွင်း
လာနေခြင်းဖြစ်သည်။ လက်လုပ်'အုတ်'များမှာ ဈေးကွက်တွင်း ၀ယ်လိုအား ကောင်းမွန်နေသေးသော်
လည်း လက်'အုတ'် ဖုတ်လုပ်ငန်းရှင်များက ဈေး ကွက်လိုအပ်ချက်ပမာဏအတိုင်း
မဖြည့်ဆည်းနိုင်တော့ကြောင်း ပြည်ကျော်မင်း အုတ်သဲကျောက်ရောင်းဝယ်ရေးမှ
ဒေါ်စန်းသော်တာသိန်းကပြောသည်။ "စက်အုတ်တွေကို ၀ယ်သူတွေပိုသုံးကြပေမယ့်
လက်အုတ်တွေကိုပဲ ကြိုက်နှစ်သက် တဲ့ ၀ယ်သူတွေ အခုထိ ရှိနေဆဲပါပဲ။ လက်အုတ်က
စက်အုတ်ထက် အရွယ်အစားပိုကြီး ပြီး ဈေးလည်း တစ်လုံးကို ၁၀ ကျပ်ခန့် ပိုဈေး
သက်သာပါတယ်။ လက်အုတ်ဖုတ်တဲ့သူတွေ က လက်အုတ်တွေကို ဆက်လက်မဖုတ်နိုင်
တော့လို့ ဈေးကွက်ထဲမှာ လက်အုတ်တွေ ရှာ မရတော့လို့ လက်အုတ်အရောင်းဈေးကွက်
ပျက်သွားပေမဲ့ ဈေးကွက်ထဲမှာ လက်အုတ် တွေရှိနေရင် ရောင်းရဦးမှာပါ"ဟု ၎င်းက
ပြောသည်။ လက်'အုတ်' ရောင်းလိုအား ပြတ်လတ်မှုမှာ သုံးလကျော်ရှိလာပြီး စက်အုတ်ဈေး အနည်းငယ်မြင့်တက်လာကြောင်း ဒေါ်စန်းသော်တာသိန်းက ပြောသည်။

အသေးစားလုပ်ငန်းအဖြစ် တည်ရှိခဲ့ သော ရိုးရာ'အုတ်'ဖုတ်လုပ်ငန်းရှင်များ လျော့
နည်းသွားသော အဓိကအချက်တစ်ခုမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက
တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော အုတ်ဖုတ်လုပ်ငန်းရှင်များကို လုပ်ငန်းရပ် ဆိုင်းရန် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြာင်း ဆောက်လုပ်ရေးပစ္စည်းရောင်း
၀ယ်သူများက ခန့်မှန်းသည်။ "အုတ်ဖုတ်လုပ်ငန်းရှင် တော်တော်များ များက အစိုးရပိုင်မြေတွေပေါ်မှာ
တရား မဝင်လက်အုတ်တွေ ဖုတ်နေကြတာမျိုးတွေ များတယ်။ ကျွန်တော်သိသလောက်ဆိုရင်
တိုက်ကြီးမြို့နယ်ထဲမှာ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ၂၀၀ ကျော်ရှိပေမဲ့ တရားဝင် မှတ်ပုံတင်
ထားတဲ့သူက ၂၀ ကျော် လောက်ပဲ ရှိတာ။ အများစုက လိုင်စင်မရှိဘဲ အစိုးရပိုင်မြေကွက်လွတ်တွေ
အပေါ်မှာ လုပ်နေကြ တာ။ လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ကစပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက လယ်မြေဆုံးရှုံးမှုများ ပပျောက်ရေးနှင့် သီးနှံအထွက်နှုန်း ပြန်လည်မြှင့်တင်ရေး
လုပ်ဆောင်မှုအတွက်ဆိုပြီးတော့ တရားမဝင် လက်အုတ်လုပ်သူတွေကို လုပ်ငန်းရပ်ဆိုင်း စေခဲ့တယ်"ဟု ဒေါ်စန်းသော်တာသိန်းက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့တွင်းသာမက မြို့စွန် နေရာများတွင်ပါ မြေဈေးနှုန်းများ ကြီးမြင့်လာခြင်းများကြောင့်
မြေနေရာလိုအပ်သော လက်အုတ်ဖုတ်လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာကြောင်း ၎င်းက
ပြောသည်။ "လက်အုတ်ဖုတ်တဲ့လုပ်ငန်းက အုတ်ဖုတ် ဖို့၊ အုတ်အတွက် လိုအပ်တဲ့မြေတူးဖို့၊
မီးဖိုဖို့၊ ဖုတ်ပြီးသားအုတ်တွေထားဖို့ မြေနေရာလိုအပ်တယ်။ မြေဈေးနှုန်းတွေ ကြီးမြင့်လာတော့ တစ်နိုင်တစ်ပိုင်လုပ်ငန်းအနေနဲ့ ခေတ်မီနည်း ပညာတွေ မပါဘဲ ရိုးရာအတိုင်း လုပ်ကိုင်ခဲ့တဲ့
လက်အုတ်ဖုတ်လုပ်ငန်းရှင်တွေအတွက် ရပ်တည်ဖို့ ပိုခက်ခဲလာပါတယ်"ဟု
ဒေါ်စန်းသော်တာသိန်းကပြောသည်။

မြေဈေးနှုန်းမြင့်လာချိန်တွင် အမြတ်အစွန်း နည်းသော အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင် ခြင်းထက်
မြေများကို ပြန်လည်ရောင်းချပြီး စက်အုတ်ဖုတ်လုပ်ငန်းနှင့် တခြားလုပ်ငန်း များကို ပြောင်းလဲ
လုပ်ကိုင်လာသူ များပြား လာကြောင်း မဟေသီအုတ်သဲကျောက် ရောင်းဝယ်ရေးမှ ကိုစိုင်းမျိုးက
ပြောသည်။

"အုတ်ဖုတ်လုပ်ငန်းကို ရန်ကုန်မြို့စွန်တွေ မှာ လုပ်ကြတာများတယ်။ မြို့စွန်မှာ မြေဈေးတွေ
ဈေးတက်လာတာနဲ့ မြေကွက်ရောင်းချ လိုက်တဲ့ အုတ်ဖုတ်လုပ်ငန်းရှင်တွေလည်း များတယ်။
မြေကွက်ရောင်းချပြီး တခြား အလုပ်ပြောင်းသူကပြောင်း ပိုက်ဆံတတ်နိုင် တဲ့သူကတော့
ပင်ပန်းပြီး အဆင့်ဆင့်လုပ်ရတဲ့ ရိုးရာလက်အုတ်ဖုတ်လုပ်ငန်းကို စက်အုတ် ဖုတ်လုပ်ငန်းအဖြစ် ပြောင်းလိုက်တယ်။ ခေတ်မီနည်းသုံးထားတော့ စက်အုတ်ဖုတ်တာက
လက်အုတ်ထက် အချိန်နဲ့ အလုပ်သမားစရိတ် အကုန်သက်သာတယ်။ အချိန်တိုအတွင်း
အုတ် များများဖုတ်နိုင်တော့ စက်အုတ်က အမြတ် ပိုများတာပေါ့"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်