လိုင်စင်မဲ့ကန်ထရိုက်တာများက မြေရှင်များ နှင့်ပူးပေါင်းကာ တရားမဝင် ကန်ထရိုက်တိုက်
ဆောက်လုပ်ရောင်းချမှုများ ယနေ့ထက် တိုင် ရှိနေဆဲဖြစ်သည့်အတွက် အခန်းဝယ်ယူသူများ
နစ်နာဆုံးရှုံးနေသော်လည်း တရား ၀င်မှတ်ပုံတင်ထားခြင်းမရှိသည့် ကန်ထရိုက် တာများဖြစ်
သည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူ ဖြေရှင်းပေးရန်
အခက်အခဲများရှိနေသည်ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူး
ဦးသန်းဌေးကပြောသည်။
"လိုင်စင်ရှိတဲ့ တရားဝင်ကန်ထရိုက်နဲ့ပဲဆောက်ကြစေချင်တယ်။ ကန်ထရိုက်က မနိုင်လို့
ထွတ်ပြေးသွားရင် ဌာနဘက်က လိုက်လုပ် ပေးရခက်တယ်။ တရားဝင် ကန်ထရိုက်တာက
မဟုတ်တာလုပ်ရင် လိုင်စင်ကို ပြန်သိမ်းနိုင် သလို အာမခံ စပေါ်ငွေ သိန်း ၅၀ ကိုလည်း
သိမ်းလို့ရတယ်။ ၀ယ်တဲ့သူတွေကလည်း အရပ် စာချုပ်နဲ့ ပိုင်ဆိုင်မှု မခိုင်မာတဲ့မြေမှာ ငါးထပ် တွေ၊ ခြောက်ထပ်တွေ ဆောက်ထားတာကို ဈေးပေါတယ်ဆိုပြီး ၀ယ်ကြတယ်။
ဌာနဘက်က တရားမဝင်ဖြစ်လို့ လူနေထိုင်ခွင့်လည်း မပေးတော့ ဒုက္ခရောက်ကြတယ်။
၀ယ်တဲ့ လူတွေဘက်ကလည်း ကန်ထရိုက်ဆီက အခန်းဝယ်မယ်ဆိုရင် မြေရှင်ကို အသိပေး
သင့်တယ်။ အခုဖြစ်နေတာက ကန်ထရိုက်က အခန်းတွေကို ဈေးပေါပေါနဲ့ ရောင်းသွားတယ်။
လက်ညှိုးထိုးပြီး ဘယ်နှခန်းရောင်း သွားမှန်းမသိဘူး။ မြေရှင်လည်း မသိဘူး။ နောက်ပိုင်း
ထွတ်ပြေးသွားတော့ အပြန်အလှန် တရားစွဲတာတွေ ဘာတွေ ဖြစ်ကုန်တယ်"ဟု ၎င်းက ပြောသည်။
အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုင်စင်ရအင်ဂျင်နီယာ ငှားရမ်းလုပ်ကိုင်ရ ခြင်း၊
အဆောက်အအုံဒီဇိုင်း ရေးဆွဲသည့် ကုန်ကျစရိတ်၊ မြေစမ်းသပ်ခ ကုန်ကျစရိတ်၊ မီးသတ်
ဦးစီးဌာနသို့ ပေးသွင်းရမည့် ငွေကြေး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
အဆောက်အအုံပုံစံ စစ်ဆေးခနှင့် အာမခံ ကြေး ကျပ်သိန်း ၅၀ ပေးဆောင်ရသည့်
ကုန်ကျစရိတ်များကို ရှောင်လွှဲနိုင်ရန် ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေကြခြင်း ဖြစ်သည်။
တရားမဝင် ဆောက်လုပ်ရောင်းချခြင်းဖြင့် ကုန်ကျစရိတ်လျှော့ချနိုင်သည့်အတွက် မြေရှင်များကို
ပုံမှန်ထက်ပိုမိုသည့် အခွင့်အရေး များပေးကာ စည်းရုံးသိမ်းသွင်း၍ လုပ်ငန်း ဆောင်ရွက်သည့်
အပြင် စည်ပင်သာယာရေး ကော်မတီ၏ အရေးယူဆောင်ရွက်နိုင်မှုအား နည်းချက်များကို
အခွင့်ကောင်းယူကာ တရား မဝင်ဆောက်လုပ်မှုများ ယနေ့ထက်တိုင်ရှိနေဆဲ ဖြစ်သည်ဟု
တာဝန်ရှိသူများက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့အတွင်း ခွင့်ပြုချက် မဲ့ဆောက်လုပ်ထား
သည့် အဆောက်အအုံပေါင်း ၂၀၇၂ လုံးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
တရားစွဲဆိုထားပြီး အဆောက်အအုံ ရ၆ လုံးကို ဖျက်သိမ်းစေ၍ အသေးစိတ် ဒီဇိုင်းပြန်လည်
တွက်ချက်ခိုင်း ထားသည်ဟု သိရသည်။
"အဆောက်အအုံ တွေကို ဖျက်သိမ်းခိုင်းတဲ့နေရာမှာ အလုံးလိုက် ဖြိုတာ မဟုတ်ပါဘူး။ ခြံစည်းရိုး
ဖျက်ခိုင်းတာ၊ ၀ရန်တာတွေဖြုတ်ခိုင်းတာ၊ အထပ်ပိုနေရင် အထပ်လျှော့ခိုင်းတာတွေပါ။ ဖောင်ဒေးရှင်း
တူးခါစဆိုရင်တော့ ဖြိုခိုင်းပါတယ်။ အဲဒါလည်း နှစ်လုံးသုံးလုံးလောက်ပါပဲ"ဟု ဦးသန်းဌေးက
ပြောသည်။
လိုင်စင်မဲ့ ကန်ထရိုက်တာများက မသိနားမလည်သည့် ပြည်သူများ၊ မြေရှင်များကို စည်းရုံးသိမ်း
သွင်းပြီးဆောက်လုပ်ကြခြင်း ရှိသလို အချို့သော မြေရှင်များလည်း မိမိရရှိမည့် အကျိုးခံစားခွင့်
ပိုမိုရရှိစေရန် လိုင်စင် မဲ့ကန်ထရိုက်များဖြင့် အရပ်စာချုပ်များချုပ်ဆို လုပ်ကိုင်ကြခြင်းဖြစ်သည်။
တရားမဝင်ဆောက်လုပ်သည့် အဆောက်အအုံများကို စိစစ်တွေ့ရှိရပါက ရန်ကုန်မြို့ တော်စည်ပင်
သာယာရေးကော်မတီက လုပ် ငန်းရပ်ဆိုင်းရန် အကြောင်းကြားစာများ ထုတ် ပြန်ရသည့်အပြင်
သက်ဆိုင်ရာ ကန်ထရိုက် တာများ တရားရုံးသို့လာရောက်ရန် အဆင့် ဆင့် အမှုစွဲတင်ကာ သမ္မန်စာ
အဆင့်ဆင့်ဖြင့် ဆင့်ခေါ်ရခြင်း၊ အဆောက်အအုံတစ်ခုကို တရားစွဲဆိုနိုင်သည့် အဆင့်ထိ ရောက်ရှိရန်
အချိန်နှစ်လခန့်အထိ ကြာမြင့်နိုင်သဖြင့် ယင်း ကာလအတွင်း အဆောက်အအုံကို ဆက်လက်
ဆောက်လုပ်နိုင်ခြင်း၊ စည်းကမ်းမဲ့ဆောက်လုပ် သည့် အဆောက်အအုံများကို တရားရုံးများမှ
နေ့စဉ် ဒဏ်ကြေးအဖြစ် ကျပ်တစ်သောင်းမှ ကျပ် ၅၀,၀၀၀ အထိ တပ်ရိုက်နိုင်သော်လည်း
အမှန်တကယ် ကျပ်တစ်သောင်းကျော်သာ ရိုက်နေခြင်းကြောင့် တရားမဝင် ကန်ထရိုက်
တိုက်ဆောက်လုပ်မှုများ ရှိနေဆဲဖြစ်သလို ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို လာရောက်
တိုင်ကြားမှုများလည်း အများအပြားရှိနေဆဲ ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီကသိရသည်။
လိုင်စင်မဲ့ ကန်ထရိုက်တိုက်များ ဆောက် လုပ်မှုကို ၂၀၁၂ ခုနှစ်မှ စတင်တွေ့ရှိခဲ့ပြီး ပြည်သူများသို့
အသိပညာပေးသည့် လုပ်ငန်း များကို လုပ်ကိုင်ခဲ့သည်။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊
လှိုင်၊ အင်းစိန်၊ ကမာရွတ်၊ ဒေါပုံမြို့နယ်များတွင် လိုင်စင်မဲ့ ကန်ထရိုက်တိုက် အများအပြားဆောက်လုပ်
ထားပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အအုံ အများဆုံး
ရှိနေသည်ဟု သိရသည်။
စည်းကမ်းလိုက်နာမှုမရှိသည့် ကန်ထရိုက် တာများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
စိစစ်အရေးယူလျက်ရှိရာ ဧပြီ ၃၀ ရက်အထိ လိုင်စင်ရ ကန်ထရိုက်တာ ၁၃ ဦးကို လိုင်စင် ပယ်ဖျက်ခဲ့
သည့်အပြင် အမည်ပျက်စာရင်း တင်သွင်းခဲ့သည်။ လိုင်စင် မဲ့ကန်ထရိုက်တာ လေးဦးကို ရာသက်ပန်
လိုင်စင်ရုပ်သိမ်းခဲ့သလို ဦး ၁၂၀ ၏ လိုင်စင် သက်တမ်းကာလကို အကန့်အသတ်ဖြင့် ရုပ်သိမ်း၍
၁၇၅ ဦးကို အသိပေး ခေါ်ယူ လက်မှတ်ရေးထိုးစေခြင်းများ ပြုလုပ်ကာ အရေးယူခဲ့ပြီးဖြစ်သည်ဟု
သိရသည်။
"ဘာမှမတင်ဘဲနဲ့ ဆောက်နေတာ အများ ကြီးပဲ၊ အခန်းဝယ်တဲ့လူတွေ အများကြီး ဒုက္ခ ရောက်တယ်။
ကြိုပွိုင့်ဝယ်တဲ့ လူတွေလည်း ဒုက္ခရောက်တယ်။ အမှားကများတော့ အမှန် လိုဖြစ်နေတယ်။
အောက်ခြေက ၀န်ထမ်းတွေ နဲ့ ခေတ်အဆက်ဆက်မှာ ပေါင်းစားခဲ့လို့ ဒီပြဿနာတွေ ဖြစ်လာတယ်လို့
မြင်တယ်။ ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့လိုတယ်"ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်း ရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
















