ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော် နေထိုင်သူများအတွက် တန်ဖိုးနည်းတိုက်ခန်း
၂၀၀၀ ခန့်ကို ဂျပန်နိုင်ငံမှ အလှူရှင်များက လှူဒါန်း ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် နီးစပ်သူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ကျူးကျော်နေထိုင်သူများအတွက် ရည် ရွယ်လှူဒါန်းမည့် အဆိုပါ တန်ဖိုးနည်း တိုက်ခန်း ၂,၀၀၀
ဆောက်လုပ်ရန် မြေ နေရာနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့က အလှူရှင်များနှင့် ဆွေးနွေးတိုင်ပင် နေသော်လည်း ဆောက်လုပ်ရန် အပြီးသတ် ညှိနှိုင်းမှုမျိုး
မရရှိသေးကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။ "ဂျပန်က လာဆောက်ပေးမှာတော့ ဟုတ်ပါ
တယ်။ ဒါပေမဲ့ နေရာကိုတော့ ဆွေး နွေးနေတုန်းပေါ့။ အလုံး ၂,၀၀၀ အတွက် မြေနေရာမပေးနိုင်ဘဲ
ခွဲပေးရင်ရော အဆင်ပြေနိုင်မလား ဆိုတာမျိုးတွေပေါ့။ ဘယ်တော့လောက် ဆောက်မလဲဆိုတာကို လည်း သေချာမဆုံးဖြတ်ရသေးဘူး"ဟု ၎င်းက ပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကြမ်းဖျင်းကောက်ယူထားသော စာရင်းများအရ ရန်ကုန်
အရှေ့ပိုင်းခရိုင်တွင် ကျူးကျော် နေထိုင်သူဦးရေ ၁၅၇,၄၀၀၊ အနောက် ပိုင်းခရိုင်တွင် ၈,၁၈၀၊
တောင်ပိုင်းခရိုင် တွင် ၉၃,၄၈၃ ဦး၊ မြောက်ပိုင်းခရိုင်တွင် ၁၇၀,၉၇၅ ဦးရှိနေပြီး မေ ၂၆ ရက်မှ
စတင်ကာ ထပ်မံတိုးလာသော ကျူးကျော် သစ်များကို မည်သည့်နေရာတွင်မျှ ကျူးကျော်
နေထိုင်ခွင့်ပြုမည်မဟုတ်တော့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က မေလအတွင်း
ကြေညာခဲ့သည်။ သို့ရာတွင် မြို့နယ်အချို့တွင် လက်ရှိကျူးကျော်များက နေရာအသစ်တွင် ကျူး ကျော်တဲအသစ်များ ဆောက်လုပ်ခြင်းကို မေ ၂၆ ရက်နောက်ပိုင်းတွင်
ဆက်လက်ပြုလုပ်နေခြင်းကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးကာ
အဆိုပါကျူးကျော်တဲအသစ်များကို လိုက်လံဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။
လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ကြီးက ၀န်ကြီးချုပ်၏ ကျူးကျော်အသစ်
ထပ်မံခွင့်မပြုသည့် ညွှန်ကြား ချက်နောက်ပိုင်း ၎င်း၏မြို့နယ်အတွင်း ကျူးကျော်တဲသစ်
အလုံးရေ ၁၀၈ လုံးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစီ အစဉ်ဖြင့် ဖျက်ဆီးပြီးဖြစ်ပြီး
ကျူးကျော်တဲအသစ်ရှိနေကြောင်းကို အကြောင်းကြားလာပါက သွားရောက်ဖျက်ဆီးရန်
စီစဉ်ထားသည်ဟု ပြောသည်။
လက်ရှိကျူးကျော်နေထိုင်သူများ၏ စာရင်းကို စတင်ကောက်ယူမည့်ရက်မှ ၄၅ ရက်အတွင်း
အပြီးကောက်ယူသွားမည်ဖြစ် ပြီး ကောက်ယူပြီးပါက ၎င်းတို့နေထိုင်ရေး အဆင်ပြေစေရန်
ပြန်လည်ထူထောင်ရေး စခန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးသွားရန် စီစဉ်ထားပြီး စာရင်းကောက်
ယူရာတွင် လည်း ကွန်ပျူတာစနစ်ဖြင့် စနစ်တကျ ကောက်ယူသွားမည်ဖြစ်သည်။ ကျူးကျော်
နေထိုင်သူတစ်ဦးချင်းစီ၏ လက်ဗွေနှင့် မျက်နှာကို မှတ်တမ်းယူထားမည့်အပြင် တစ်ဦးချင်း
စီ၏ နောက်ကြောင်းရာဇဝင်များကိုလည်း လိုက်လံစုံစမ်းသွားမည် ဖြစ်သည်။















