နိုင်ငံပိုင်မြေကွက်လွတ်များပေါ်တွင် ကျူးကျော်မှုများရှိနေ

နိုင်ငံပိုင်မြေကွက်လွတ်များပေါ်တွင် ကျူးကျော်မှုများရှိနေ

ရန်ကုန်မြို့စွန် မြို့နယ်များရှိ နိုင်ငံပိုင်မြေ ကွက်လွတ်များပေါ်တွင် မူလပိုင်ရှင်ဟုဆိုကာ
လယ်သမားများ၊ ဆက်စပ်ပုဂ္ဂိုလ်များက ခြံစည်းရိုးခတ်ခြင်း၊ သတိပေးဆိုင်းဘုတ်များ
စိုက်ထူခြင်များ ဖြစ်ပေါ်နေသဖြင့် အစိုးရအဖွဲ့ က အရေးယူရန် စီစဉ်ဆောင်ရွက်နေသည်ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်မြို့တွင် မြို့ကွက်သစ်များ မဖော် ထုတ်နိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာလာပြီဖြစ်ရာ
လူဦးရေထူထပ်လာခြင်းနှင့် အတူ နေထိုင်စရာ အခက်အခဲများကြောင့် စီးပွားရေးမြို့တော်
ရန်ကုန်ရှိ နိုင်ငံပိုင်မြေ ကွက် အလွတ်များပေါ်တွင် မြေနေရာကျူးကျော်မှုများ ပိုမိုများပြားလာနေ
သည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများက ပြောသည်။

"၀န်ကြီးချုပ်ကလည်း ပြောထားပြီး သားပဲဖြစ်တယ်။ မေ ၂၆ ရက်ကစပြီး ကျုးကျော်တယ်လို့
သတ်မှတ်ရင် ဥပဒေအရ အရေးယူခံရမှာပဲဖြစ်တယ်။ ဒုသမ္မတ (၂) ဦးစီးတဲ့ ဗဟိုလယ်ယာမြေ
စီမံခန့်ခွဲရေးအဖွဲ့ ကလည်း ဒီလိုဖြစ်စဉ်တွေကို ပြန်သုံးသပ်ဖို့ ရှိတယ်။ စီမံကိန်းနေရာတွေကို
ခြံခတ်ပြီး အစိုးရက လုပ်လို့ကိုင်လို့ မရတဲ့ဖြစ်စဉ်တွေကို ဗဟိုကနေ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတွေကို မေးမြန်းမှာ ဖြစ်ပါတယ်။ လူကြီးတွေဆုံးဖြတ်ချက်အတိုင်း ကျွန်တော် တို့ဌာနတွေက
အကောင်အထည်ဖော်ပေး ရမှာ ဖြစ်ပါတယ်"ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊
ရန်ကုန်တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်ဖြစ်သည့် ၁၉၉၀ ပြည့်နှစ်ကျော်အတွင်းက ရန်ကုန်မြို့တွင် ကျုးကျော်နေထိုင်သူများကို နေရာချထားပေးနိုင်ရန် မြေသိမ်းမိန့်ထုတ်ပြန်၍ ဒဂုံမြို့သစ်လေးမြို့နယ်၊
ရွှေပြည်သာနှင့် လှိုင်သာယာမြို့သစ် စသည့်မြို့သစ်များကို ဖော်ထုတ်ခဲ့သည်။

ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရန်ကုန် အနောက်တောင်မြို့သစ်စီမံကိန်းကို အကောင်
အထည်ဖော် ကြိုးပမ်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာခဲ့သည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီနှင့် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီတို့ ပူးပေါင်းရေးဆွဲ ထားသည့် ၂၀၄၀ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး
စီမံချက်အရ လက်ရှိအစိုးရလက်ထက်တွင် ရန်ကုန်အရှေ့မြောက်မြို့သစ်စီမံကိန်းကို ဦးစားပေး
အကောင်အထည်ဖော်ရန် တင်ပြထားသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ
တာဝန်ရှိသူများက ပြီးခဲ့ သည့်လတွင် ပြောကြားထားသည်။ အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်း
ဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများကို စိစစ်ကာ အမှန်တကယ် မြေနေရာ အခက်အခဲ
ရှိသူများအတွက် အစားထိုးမြေ နေရာချထားပေးမည်ဟု အစိုးရအဖွဲ့တာဝန်ရှိသူများက ပြောကြား
ခဲ့ပြီးနောက်ပိုင်း စက်မှုဇုန်အများအပြားတည်ရှိရာ လှိုင်သာယာ မြို့နယ်တွင် ကျူးကျော်နေထိုင်သူများ
တိုးပွား လာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

"၀န်ကြီးချုပ်က ကျူးတွေကို မြေပြန်ပေး မယ်လို့ သတင်းထွက်လာပြီးတဲ့နောက်ပိုင်း
ကျူးကျော်တဲဆောက်တာတွေ ပိုများလာ တယ်။ ညဘက်တွေမှာ ခိုးဆောက်ကြတာ
များတယ်။ တစ်ညလုံး တဲအလုံး ၂၀၊ ၃၀ လောက်ကို အုံနဲ့ကျင်းနဲ့ဆောက်ကြတာ" ဟု
လှိုင်သာယာမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးကြည်စိုးက
ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျူး ကျော်တဲများ တိုးပွားလာခြင်းကို မေ ၂၅ ရက်နောက်ပိုင်းမှ
စတင်ကာ လက်ခံတော့ မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောကြားထားပြီးဖြစ်သော်လည်း လက်ရှိအချိန်တွင် နိုင်ငံ ပိုင် မြေကွက်လွတ်များပေါ်အထိ ကျူးကျော်
သူများ တိုးပွားလာနေသည်။

"မင်္ဂလာဒုံ စက်မှုဇုန်ထဲမှာလည်း ခြံခတ် ဆိုင်းဘုတ်ထောင်တဲ့ဟာတွေ အများကြီးရှိတယ်။ အဖွဲ့အစည်း
လိုက်ကို လုပ်စားနေတာ ဖြစ်တယ်။ ဘာစာရွက်စာတမ်း ရှိသလဲမေးရင် သေသေချာချာ မပြောနိုင်
မပြနိုင်ဘူး။ နောက် မှ အစိုးရနဲ့ ၀ယ်ထားတဲ့လူနဲ့ ပြဿနာတက်ကြ တယ်။ အရင်အစိုးရလက်ထက်မှာ
ဒီလိုကိစ္စ တွေကို ဘာမှမကိုင်တွယ်ခဲ့တော့ အခုအစိုးရ လက်ထက်မှာတောင် တော်တော်ခက်ခက်ခဲခဲ ကိုင်တွယ်ရမယ့်သဘောရှိတယ်။ ငွေဘယ်လောက်ပေးမှ ထွတ်မယ်ဆိုပြီး လုပ်တာများတယ်" ဟု
ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။

မြို့သစ်များ အကောင်အထည်ဖော်ရာ၌ လယ်သမားများထံမှ လယ်ယာမြေများကို နိုင်ငံတော်က
လျော်ကြေးငွေပေးလျော်ခြင်း မရှိဘဲ သိမ်းယူခဲ့သည့်အပြင် လျော်ကြေးငွေ အနည်းငယ်သာ
ပေးလျော်သည့်ဖြစ်စဉ် များလည်း ရှိခဲ့သည်ဟု လယ်သမားများက ပြောသည်။ "ကျွန်တော်တို့မြေကိုပြန်ရဖို့
ဂရန် လျှောက်ထားပါတယ်။ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်စားသောက်တဲ့ မြေဖြစ်လို့လည်း
ပြန်လည်ရယူချင်ပါတယ်။ ခြံခတ်တယ်၊ ဆိုင်းဘုတ်ထောင်တယ်ဆိုတာကလည်း ကျွန်တော်
တို့နဲ့ သက်ဆိုင်တယ်ဆိုတာ သိစေချင်ရုံ သက်သက်ပါ။ မြေသိမ်းတုန်းကတည်း သိမ်းတယ်ဆိုပြီး
ဘာလျော်ကြေးမှ မရခဲ့ပါဘူး" ဟု ဘိုးဘွားပိုင်မြေကို ပြန်လည်ရယူလိုသောကြောင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ နိုင်ငံပိုင်မြေကွက်လွတ်ပေါ်တွင် ခြံစည်းရိုးခတ်ခဲ့သူ ဦးအောင်ထွန်းက
ပြောသည်။

ယခင်အစိုးရလက်ထက်တွင် ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော မြေယာသိမ်းဆည်းမှုများအတွက် လျော်ကြေးငွေပေးအပ်ရန် အမှုပေါင်း ၁,၀၀၀
ကျော်ရှိခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် မြေယာအမှုပေါင်း ၁၀၀ ကျော်သာ ဖြေရှင်းရန် ကျန်ရှိတော့သည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ဇွန် ရ ရက် တွင် နေပြည်တော်၌
ရှင်းလင်းခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဖြေရှင်း ရန်ကျန်ရှိနေသော အမှုများမှာ ပိုင်ဆိုင်မှု မရှင်းလင်းသော
မြေများ၊ ပိုင်ဆိုင်မှုမပြနိုင် သောမြေများ၊ ၁၉၈၈ ခုနှစ်မတိုင်မီကာလ များက သိမ်းယူခဲ့သည့်မြေများနှင့်
လျော်ကြေး ငွေညှိနှိုင်းရန် ကျန်ရှိနေသည့် မြေများဖြစ် သည်ဟု ဆောက်လုပ်ရေးဝန်ကြီဌာန၊ တာဝန်
ရှိသူများက ပြောသည်။

"စီမံကိန်း မလုပ်ဖြစ်တဲ့မြေတွေကို ပြန်လို ချင်တဲ့လယ်သမားတွေအနေနဲ့ မိမိပိုင်တယ် ဆိုတဲ့မြေကို တရားဝင်လမ်းကြောင်းကနေပဲ လျှောက်ထားစေချင်တယ်။ အစိုးရစီမံခန့်ခွဲ နေတဲ့မြေကို သွားပြီးခြံခတ်
လိုက်တယ်ဆိုရင် လယ်သမားတွေကို ကျုးကျော်မှု၊ အကျိုး ဖျက်ဆီးမှုနဲ့ တရားစွဲနိုင်သလို အဲဒီမြေမှာ
ပြည်သူပိုင်ပစ္စည်းတွေရှိမယ်ဆိုရင် ထပ်ပြီး အရေးယူခံနိုင်ရတဲ့ အခြေအနေမျိုးတွေ ရှိနိုင်ပါတယ်"ဟု လယ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဖိုးဖြူက ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြမ်း ဖျင်း ကောက်ယူထားသည့် စာရင်းများအရ
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျူးကျော် နေထိုင်သူ ၄၃၀,၀၀၀ ကျော်ရှိပြီး၊ ရန်ကုန်
အရှေ့ပိုင်းခရိုင်တွင် ကျူးကျော်နေထိုင်သူ တစ်သိန်းခွဲကျော်၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင်
တစ်သိန်းနီးပါး၊ ရန်ကုန်အနောက်ပိုင်း ခရိုင်တွင် ၈,၀၀၀ ကျော်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တွင်
တစ်သိန်းခုနစ်သောင်းကျော် ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်