ပြည်လမ်းပေါ်တွင် တည်ဆောက်မည့် ၃၂ထပ်မြင့် ရုံးခန်း အဆောက်အအုံစီမံကိန်းကို ဖျက်သိမ်း

ပြည်လမ်းပေါ်တွင် တည်ဆောက်မည့် ၃၂ထပ်မြင့် ရုံးခန်း အဆောက်အအုံစီမံကိန်းကို ဖျက်သိမ်း

ရန်ကုန်မြို့၊ ပြည်လမ်းပေါ်တွင် မလေးရှား နိုင်ငံ၊ ကွာလာလန်ပူမြို့အခြေစိုက် Naim Indah
City Development Sdn Bhd ဆောက်လုပ်ရေးလုပ်ငန်းစုနှင့် ပြည်တွင်း ကုမ္ပဏီတစ်ခုတို့
ပူးပေါင်းအကောင်အထည် ဖော်မည့် ၃၂ ထပ်မြင့် ရုံးခန်းတာဝါ တည် ဆောက်ရေးစီမံကိန်းကို
ဖျက်သိမ်းခဲ့သည်။

ပြည်တွင်းက စည်းလုံးသော ပစိဖိတ်ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီလီမိတက် (United Pacific
Development) ကုမ္ပဏီနှင့် ပူးပေါင်းတည်ဆောက်မည့် အဆိုပါစီမံကိန်းတွင် ညှိနှိုင်း
ဆောင်ရွက်မရသည့်အတွက် တရားဝင်ဖျက် သိမ်းကြောင်း မလေးရှားကုမ္ပဏီက ၎င်း၏
အင်တာနက်ဝက်ဘ်ဆိုက်တွင် ဇွန် ၆ ရက်က ကြေညာခဲ့သည်။

အဆိုပါ မလေးရှားကုမ္ပဏီနှင့် မြန်မာနိုင်ငံ က စည်းလုံးသော ပစိဖိတ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ
လီမိတက်တို့သည် ပြည်လမ်းပေါ်တွင် ၃၂ ထပ်မြင့်အဆောက်အအုံဆောက်လုပ်ရန် ပြီးခဲ့သောနှစ်
ဇွန်လတွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်ဟု မလေးရှား စတော့အိတ် ချိန်း၏ တရားဝင်
အင်တာနက်စာမျက်နှာ ဖြစ်သော Bursa Malaysia တွင် ပြီးခဲ့သည့် ဇွန်လအတွင်းက ဖော်ပြခဲ့သည်။ ပြည်လမ်းပေါ်ရှိ မြန်မာကုမ္ပဏီပိုင်မြေပေါ်တွင် အဆိုပါအထပ်မြင့် အဆောက်အအုံစီမံကိန်းကို လေးနှစ်အတွင်း တည်ဆောက်ရန်နှင့် စီမံကိန်းတွင် မလေးရှား
ကုမ္ပဏီဘက်က ၅၁ ရာခိုင်နှုန်းနှင့် မြန်မာကုမ္ပဏီက ၄၉ ရာခိုင် နှုန်း ရှယ်ယာပိုင်ဆိုင်မှုရှိရန်
သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

စီမံကိန်းတည်ဆောက်ရန် မလေးရှား နှင့် မြန်မာရင်းနှီးမြှုပ်နှံသူနှစ်ဖက်ကြားတွင် မပြေလည်မှုများရှိ
သဖြင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် သဘောတူစာချုပ် ချုပ်ဆိုမည့် အချိန်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သော်
လည်း ယခုအချိန်အထိ ညှိနှိုင်းနေရဆဲဖြစ်ကာ နားလည်မှုရရှိရန် မဖြစ်နိုင်တော့၍ အဆိုပါ သဘောတူ
စာချုပ်ကို တရားဝင်ဖျက်သိမ်း ကြောင်း မလေးရှားကုမ္ပဏီက ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် ပါ၀င်သည့် မြန်မာ နိုင်ငံက စည်းလုံးသော ပစိဖိတ်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ
လီမိတက်ကို ၂၀၁၂ ခုနှစ်တွင် ဒေါ်အေးမြတ်မွန်နှင့် ဦးလှမြင့်ဆွေတို့က စတင်ဖွဲ့စည်းခဲ့ကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အလှ ကုန်ပစ္စည်းများနှင့် ဆပ်ပြာထုတ်လုပ်သော ကုမ္ပဏီတစ်ခုဖြစ်သည်။ အဆိုပါ အထပ်မြင့်စီမံကိန်း
ဖျက်သိမ်း ခြင်းနှင့် ပတ်သက်၍ "အခုအချိန်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ပြောလို့မရသေးပါဘူး။
ဒီစီမံကိန်းအကြောင်းကို ရုံးရဲ့ တခြားဌာနတွေကိုလည်း ဘာမှမပြောသေးလို့ တရားဝင်ပြောလို့
မရသေးပါဘူး"ဟု စည်းလုံးသော ပစိဖိတ် ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်လမ်းသည် ရန်ကုန်မြို့၏ မြေဈေး အကြီးမြင့်ဆုံး နေရာတစ်ခုဖြစ်ပြီး တစ်ပေပတ်လည်မြေဈေးမှာ တစ်စတုရန်းပေလျှင် လေးသိန်းကျော်ခန့်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မြေဈေး
သတ်မှတ်ချက်တွင် ထုတ်ပြန်ထားသော်လည်း လက်တွေ့ တွင် အဆိုပါဈေးနှုန်းထက် များနေကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများက ပြောသည်။ ၂၀၁၄ ခုနှစ်ကုန်ခန့်တွင် ရန်ကုန်မြို့၌ အသုံးပြုနိုင်သော
ရုံးခန်းအဆောက်အအုံစုစု ပေါင်း စတုရန်းမီတာ ၁၀၇,၀၀၀ (စတုရန်းပေ ဒသမ ၁၅ သန်း)သာ
ရှိသော်လည်း ၂၀၁၅ ခုနှစ်တွင် ရုံးခန်းအဆောက်အအုံဧရိယာမှာ နှစ်ဆခန့်တိုးတက်လာသည်ဟု
Colliers အိမ်ခြံမြေအကြံပေးလုပ်ငန်းက သုတေသန ပြုချက်အရသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်