ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက် လုပ်မည့် တန်ဖိုးနည်းအိမ်ရာများကို ရောင်းချရာတွင်
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် အိမ်ရာဝယ်ယူရန် တစ်လလျှင်
ငွေကျပ်တစ်သိန်းမှ နှစ်သိန်းကြား ပုံမှန်ငွေစုသူများကို ဦးစားပေး ရောင်းချပေးသွားမည်ဟု
အဆိုပါဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။
လာမည့် နှစ်နှစ်အတွင်း ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ အခန်း ၈,၀၀၀ ကျော်
အကောင်အထည်ဖော် တည်ဆောက်သွားရန် အစီအစဉ်ဆွဲထား ပြီးဖြစ်ရာ အဆိုပါအိမ်ရာ
၀ယ်ယူရန် ကြိုတင်ငွေစုဆောင်းထားသည့် အိမ်ရာမရှိသူများကို ဦးစားပေး ရောင်းချပေးသွား
မည်ဖြစ်သည်ဟု ပြီးခဲ့သော တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အိမ်ခြံမြေ
အရောင်းပြပွဲ၏ အိမ်ရာငွေကြေး ကဏ္ဍဟောပြောပွဲတွင် ဦးဝင်းဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။
"လာမယ့်နှစ်နှစ်အတွင်းမှာ တန်ဖိုး သိန်း ၁၀၀ နဲ့ သူ့အောက်နည်းတဲ့ တန်ဖိုး နည်းအိမ်ရာ
အခန်းပေါင်း ၈,၀၀၀ ကျော် ကို ဆောက်လုပ်သွားဖို့ရှိတယ်လို့ ဆောက် လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။ အဲဒီအိမ်ရာတွေ ဆောက်လုပ်ပြီး
သွားရင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ရဲ့ အိမ်ရာငွေကြေးစုဆောင်းကဏ္ဍ အောက်မှာ
အိမ်ရာဝယ်ယူဖို့ ငွေကြေး ကြိုတင်စုဆောင်းထားတဲ့ အိမ်ပိုင်မရှိသူတွေကို ဦးစားပေး ရောင်းချပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးက ကျွန်တော်တို့ ကို ပြောခဲ့ပါတယ်"ဟု
၎င်းက ပြောသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာများကို ဒဂုံဆိပ်ကမ်းနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် တစ်ပြိုင်တည်း စတင်
တည်ဆောက်ရန် အစီအစဉ်ဆွဲပြီးဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက
ပြောကြားထားသည်။
တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူရန် ပိုက်ဆံကြိုတင်စုဆောင်းရာတွင် တစ်လလျှင် တစ်သိန်းမှ
နှစ်သိန်းကြား စုဆောင်းရမည်ဖြစ်ပြီး ယခုအချိန်ကတည်းက စတင်ကာ ဘဏ်တွင် ငွေကြေး
စတင်ကြိုစုဆောင်းထားနိုင်ပြီး "အပေါင်ခံပစ္စည်းမထားဘဲ နှစ်ရှည်ငွေချေးပေးရမှာဖြစ်လို့ ဘဏ်နဲ့
ငွေချေးမယ့်သူနဲ့ကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ တစ်လကို တစ်သိန်း
ကနေ နှစ်သိန်းကြား ထိပဲ ငွေကြေးစုဆောင်းရမှာဖြစ်လို့ သတ်မှတ်ထားတဲ့ အခွန်ဆောင်ရမယ့်
ပမာဏ ဖြစ်တဲ့ လေးသိန်း၊ ငါးသိန်းထက် နည်းနေလို့ အိမ်ဝယ်ရင် အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်
ပါတယ်"ဟု ဦးဝင်းဇော်က ပြောသည်။
အိမ်ရာဝယ်ယူရန် ငွေကြေးကြိုတင်စုဆောင်းသူများသည် တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း
ရရှိမည် ဖြစ်ပြီး လစဉ် ငွေကြိုတင်စုဆောင်းသူများ ကို မည်သည့်နေရာတွင် အိမ်ရာဝယ်ယူ သည်ဖြစ်စေ
ခိုင်မာသောအဖွဲ့အစည်းဖြစ် ပါက ငွေကြေးချေးပေးသွားရန်လည်း ဆောင်ရွက်နေကြောင်း ဦးဝင်းဇော်က
ပြောသည်။ "လက်ရှိမှာတော့ အစိုးရက တည် ဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ၀ယ်ယူမယ့်သူတွေအတွက်ပဲ ငွေကြေးချေး ပေးနေပါတယ်။ တစ်ခန်းကို တန်ဖိုး ကျပ် သိန်း ၁၁၀ ရှိတဲ့
ရွှေလင်ပန်းအိမ်ရာ ၀ယ်ယူလိုသူတွေကို ရှစ်နှစ် အရစ်ကျနဲ့ ငွေချေးပေးနေတာတွေ ရှိပါတယ်။ အခန်း
၀ယ်ယူလိုသူတွေကို အခန်းရဲ့ ၃၀ ရာခိုင် နှုန်းကို အခန်းဝယ်ချိန်မှာ အကျေပေး ခိုင်းတော့ မပေးနိုင်သူတွေ
လည်း ရှိခဲ့တာကို တွေ့ရလို့ နောက်ပိုင်းမှာ အဲဒီလို အကျေပေးခိုင်းတဲ့ကိစ္စကို ပြန်သုံးသပ်သွားမှာပါ။
လက်ရှိမှာ အစိုးရက တည်ဆောက် နေတဲ့ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူလိုသူ တွေကိုပဲ ငွေချေးပေးနေပေမဲ့
နောက်ပိုင်း မှာ ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်ရင် အမှန် အကန်ပြီးမြောက်အောင် တည်ဆောက် နိုင်မယ်လို့
ယုံကြည်ထိုက်ရင် ဘယ်နေရာ မှာဖြစ်ဖြစ် တိုက်ခန်းဝယ်နိုင်အောင် ငွေချေး ပေးသွားမှာပါ"ဟု ၎င်းက
ပြောသည်။
ရန်ကုန်မြို့တွင် အိမ်ခန်းလိုအပ်နေသူ ၁ ဒသမ ၈ သန်းကျော်ရှိနေပြီး နိုင်ငံတော်နှင့် ပုဂ္ဂလိကဆောက်
လုပ်ရေးလုပ်ငန်းရှင် များ၏ နှစ်စဉ် တည်ဆောက်နိုင်သော ပမာဏ မှာ အခန်းပေါင်း သုံးသောင်းကျော်
ခန့်သာ ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန သုတေသနစစ်တမ်းများအရ သိရသည်။ အခြေခံ
လူတန်းစားများ အိုးပိုင် အိမ်ပိုင် ဖြစ်စေရန်ရည်ရွယ်၍ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ဆောက်
လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် မတည်ရင်းနှီးငွေ ကျပ် ဘီလျံ
၁၀၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။















