ရပ်ဆိုင်းထားရသည့် ဆောက်လုပ်ရေးကုမ္ပဏီများ အခက်တွေ့နေ

ရပ်ဆိုင်းထားရသည့် ဆောက်လုပ်ရေးကုမ္ပဏီများ အခက်တွေ့နေ

ရန်ကုန်မြို့တွင် အထပ်မြင့်ဆောက်လုပ်ရေး စီမံကိန်းများ ဆက်လက်ရပ်ဆိုင်းထားလျက် ရှိရာ
စီမံကိန်း အချိန်မီမပြီးစီးသည့်အတွက် ၀ယ်လက်များကို နောက်ကျကြေးပေးရမည့် အနေအထားနှင့်
ဘဏ်ချေးငွေကို အချိန်မီ ပေးဆပ်ရန် ပျက်ကွက်နိုင်သည့် အလား အလာများရှိနေသည်ဟု
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြန် လည်သုံးသပ်မှုများ ပြုလုပ်နေသည့် အချိန် အတွင်း
ကိုးလွှာနှင့်အထက် အထပ်မြင့် ဆောက်လုပ်ရေးစီမံကိန်းများကို ရပ်ဆိုင်း ထားရန် ပြီးခဲ့သည့်လတွင် ညွှန်ကြားခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းကြီး ၂၀၀ ခန့်သည် လက်ရှိတွင်
လုပ်ငန်းများ ရပ်ဆိုင်းထားရ သည်။ ပြီးခဲ့သည့်အစိုးရလက်ထက်တွင် လုပ်ကိုင်ခွင့်ပြုခဲ့သည့်
အဆိုပါစီမံကိန်းများ အနက် အများစုမှာ ဆောက်လုပ်ဆဲလုပ်ငန်း များဖြစ်သည်။

တိုင်းဒေသကြီးအစိုးရ၏ အထပ်မြင့်ဆောက်လုပ်ရေးစီမံကိန်းများကို ပြန်လည်သုံးသပ်မှုသည် အချိန်ကြာမြင့်လွန်းနေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ တစ်ခုလုံးတွင် ထိခိုက်
နစ်နာမှုများရှိနေသည် ဟု ကန်ထရိုက်များက ပြောသည်။ ဆောက်လုပ်ရေးလုပ်ငန်းများကို
တစ်လနီးပါး ရပ်ဆိုင်းထားသည့်အတွက် အလုပ်သမားထောင်ပေါင်းများစွာမှာ အလုပ်လက်မဲ့ဖြစ်နေရပြီး
စီမံကိန်းများ၏အနာဂတ် မရေရာလည်းဖြစ်နေရာ ၀ယ်လက်များကို စိုးရိမ်ပူပန်နေစေပြီး လုပ်ငန်းတွင်
ငွေကြေးရင်းနှီးမြှုပ်နှံ မှုအခက်အခဲ ဖြစ်ပေါ်စေသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
ပြောသည်။ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီ များသည် အထပ်မြင့်အဆောက်အအုံတိုက်ခန်း
များကို ကြိုပွိုင့်စနစ်ဖြင့် ရောင်းချလေ့ရှိရာ ၀ယ်လက်များသည် တိုက်ခန်းများ မဆောက်ခင်ကပင်
အရစ်ကျစနစ်၊ သို့မဟုတ် ကြိုသွင်း ငွေပေးချေသည့်စနစ်ဖြင့် ငွေကြိုတင်ပေး သွင်းထားရသည့်အတွက်
ဆောက်လုပ်ရေး စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေး သည် ယင်းငွေပေးချေမှုများနှင့်
ဆက်နွှယ်နေသည်။

၀ယ်လက်များသည် ယုံကြည်မှုဖြင့် တိုက်ခန်းများအတွက် ငွေကြိုတင်ပေးသွင်းကြပြီး ဆောက်
လုပ်ရေးကုမ္ပဏီများသည် ယင်းကြိုသွင်းငွေများကို ဆောက်လုပ်ရေးစီမံ ကိန်းများ အကောင်
အထည်ပေါ်လာရေးအတွက် အသုံးပြုခြင်းဖြစ်သည်။ ယခုအခါတွင် ဆောက်လုပ်ရေးစီမံကိန်း
များ ရပ်ဆိုင်းထားရသည့်အတွက် အဆောက် အအုံများကို အချိန်မီပြီးစီးအောင် မဆောက်
ပေးနိုင်တော့သည့်အပြင် ၀ယ်လက်များက လည်း ကြိုတင်ငွေပေးချေမှုများ ဆက်လက်
ပေးသွင်းလိုခြင်း မရှိကြကြောင်း Naing Group ဆောက်လုပ်ရေးကုမ္ပဏီ၏ ကုမ္ပဏီခွဲ
တစ်ခုဖြစ်သော Myanmar New Generation Design ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်ဝင်းထွဋ်က
ပြောသည်။

"တကယ်လို့ ကွန်ဒိုတွေကို အချိန်မီပြီး အောင် မဆောက်ပေးနိုင်ဘူးဆိုရင် အခက် အခဲကြီးကြီးမားမား
ရှိလာနိုင်ပါတယ်။ ၀ယ်လက်တွေက ပုံမှန်ငွေပေးချေတာများ မရှိတော့သလို ဖောက်သည်အသစ်တွေ
ကလည်း ကျွန်တော်တို့အခန်းတွေကို ၀ယ်ရဲတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ သတ်မှတ်ရက်မှာ အခန်းကို ဆောက်လုပ်ရေးကုမ္ပဏီတွေက မလွှဲပြောင်းပေးနိုင်ဘူးဆိုရင် နောက်ကျကြေးပေးရဖို့ရှိပါ
တယ်" ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းထုံးစံအရ ဆောက်လုပ်ရေးကုမ္ပဏီများသည် တစ်လ နောက်ကျပါက
နောက်ကျကြေးအဖြစ် ကျပ် ငါးသိန်းမှ ကျပ် ငါးသန်းကြားပေးဆောင်ရန် သဘောတူညီချက်တွင်
သတ်မှတ်ထားသည် ဟု ၎င်းကပြောသည်။ ဆောက်လုပ်ရေးကုမ္ပဏီ တချို့သာလျှင် သဘောတူညီ
ချက်စာချုပ်တွင် "သဘာဝဘေးနှင့် အစိုးရမူဝါဒအပြောင်း အလဲ"ဖြစ်ပါက နောက်ကျကြေး ကင်းလွတ်
ခွင့်ပေးရန် ထည့်သွင်းဖော်ပြထားသည်။ "စာချုပ်မှာ အဲဒီအချက် ထည့်မဖော်ပြထားတဲ့ ကုမ္ပဏီတွေ
အခက်တွေ့နိုင်ပါတယ်။ကျွန်တော်တို့ ကုမ္ပဏီကတော့ သဘာဝဘေးတို့၊ အစိုးရမူဝါဒ အပြောင်းအလဲ
တို့လို ထင်မှတ်မထားတာမျိုး တစ်ခုခုဖြစ်လာခဲ့ရင် နောက်ကျကြေးကို ကင်းလွတ်ခွင့်ပေးဖို့ လို
တယ်လို့ ကျွန်တော်တို့ ဖောက်သည်တွေကို ပြော ထားပြီးသားပါ"ဟု ဦးဇော်ဝင်းထွဋ်က ပြောသည်။

ဆောက်လုပ်ရေးလုပ် ငန်းများ ဆက်လက်ရပ်ဆိုင်း ထားရပါက အင်ဂျင်နီယာ များနှင့် ဗိသုကာများအပါ
အဝင် ဆောက်လုပ်ရေးလုပ် ငန်းကဏ္ဍတစ်ခုလုံး ထိခိုက် နစ်နာနိုင်သည်ဟုလည်း ဆိုသည်။
"ဆောက်လုပ်ရေးကုမ္ပဏီတွေဟာ သူတို့ရဲ့ဝန်ထမ်းတွေ ဘာအလုပ်မှ မလုပ်ရလည်းဘဲ လစာပေး
နေကြပါတယ်။ ဒီလုပ်ငန်းကြီးတွေ ရပ်သွားရင် ဆက်စပ်လုပ်ငန်းတွေလည်း မလည်ပတ်နိုင်တော့
ပါဘူး"ဟု ၎င်းက ပြောသည်။ ဆောက်လုပ်ရေးကုမ္ပဏီများသည် ဘဏ် ချေးငွေများ အချိန်မီ မပေး
ဆပ်နိုင်ဖြစ်မည် ကိုလည်း စိုးရိမ်ပူပန်နေကြသည်ဟု အိမ်ခြံမြေ ၀က်ဘ်ဆိုက် iMyanmar House.com
၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

ပြည်တွင်းဘဏ်များသည် အတိုးနှုန်း ၁၃ရာခိုင်နှုန်းဝန်းကျင်ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ရာ
ဆောက်လုပ်ရေးစီမံကိန်းများ ရပ်ဆိုင်းထားရခြင်းကြောင့် ဆောက်လုပ်ရေးကုမ္ပဏီများသည်
ချေးငွေကို သတ်မှတ်ကာလတွင်ပေးဆပ်နိုင်ရန် အခက်တွေ့နိုင်သည်ဟု ၎င်းက ပြောသည်။
"ဆောက်လုပ်ရေးစီမံကိန်းအများစုကို ဘဏ်ချေးငွေတွေနဲ့လည်း ရင်းနှီးလုပ်ကိုင် နေကြတာပါ။
တကယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အချိန်အကြာကြီးရပ်ထား ရမယ်ဆိုရင် ဖောက်သည်တွေကလည်း ငွေကြိုမသွင်းကြတော့ဘဲ ဆောက်လုပ်ရေး ကုမ္ပဏီတွေလည်း
သူတို့ရဲ့ ချေးငွေတွေကို အချိန်မီပေးဆပ်ဖို့ ပျက်ကွက်သွားနိုင် ပါတယ်။ ဒီ လိုအခြေအနေကြောင့်
ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ အခက်တွေ့နိုင်ပြီး တခြားဆက်စပ်လုပ်ငန်းတွေမှာလည်း အပျက်
သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်"ဟု ဦးနေမင်းသူက ပြောသည်။
ပြီးခဲ့သည့်လတွင်  iMyanmar House.com က အိမ်ခြံမြေပြပွဲတစ်ရပ် ကျင်းပခဲ့ရာ တန်ဖိုး ကြီးကွန်ဒိုဆောက်လုပ်ရေးကုမ္ပဏီများမှာ ပြပွဲတွင် ပါ၀င်နိုင်ခဲ့ခြင်းမရှိဟုလည်း ၎င်းက ပြောသည်။

"အိမ်ခြံမြေဈေးကွက်က ထိုင်းနေရင် တိုက်ခန်းတွေနဲ့ ကွန်ဒိုတွေ ရောင်းအားတက်အောင် ငါးရာခိုင်နှုန်း
ကနေ ၂၀ ရာခိုင်နှုန်းအထိ လျှော့ဈေးချပေးထားတဲ့ အိမ်ခြံမြေပြပွဲတွေ ကျွန်တော်တို့ ကျင်းပကြ
ပါတယ်။ အရင်တုန်းကတော့ စီမံကိန်းကြီး တွေရဲ့ ဆောက်လုပ်ရေးကုမ္ပဏီအတော်များ များ ပြပွဲမှာ
ပါ၀င်ခဲ့ကြပါတယ်။ သူတို့ရဲ့စီမံကိန်းတွေကို ကြော်ငြာကြပြီး သူတို့တိုက်ခန်းတွေလည်း တော်တော်လေး
အရောင်းထွက်ခဲ့ပါတယ်။ ဒီတစ်ခေါက်ပြပွဲမှာတော့ အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်း
ခိုင်းထားတာကြောင့် သူတို့တွေ မပါ၀င်နိုင်ခဲ့ပါဘူး"ဟု ဦးနေမင်းသူက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး
အစိုးရသည် ရပ် ဆိုင်းခိုင်းထားသည့် စီမံကိန်းများအားလုံး၏ တည်ဆောက်ပုံနှင့် ပုံစံများကို စစ်ဆေးသုံးသပ်ပြီးဖြစ်သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွင်း သွားရောက်လေ့လာ
စစ်ဆေးရန် လိုအပ်နေသေးကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန
(အဆောက်အအုံ) ဌာနမှူး ဦးသန်းဌေးက ပြောသည်။

"စစ်ဆေးမှုတွေကို မြန်မြန်ဆန်ဆန်ပြီးစီးအောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။
ကျွန်တော်တို့လည်း အချိန်တွေ အကြာကြီးယူပြီး မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ဒီဆောက်လုပ်ရေးစီမံကိန်းတွေကို
သေသေချာချာ သွားစစ်ဆေးဖို့ လိုပါသေးတယ်။ စစ်ဆေးမှုတွေ ပြီးသွားတာနဲ့ ဆောက်လုပ်ရေး
လုပ်ငန်းတွေကို ပြန်စခွင့်ပေးမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

သီရိမင်းထွန်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်