ဒဂုံဆိပ်ကမ်းမြို့သစ်ရှိ ဧရာချမ်းသာ အဆင့် မြင့်အိမ်ရာစီမံကိန်းထဲမှ ပထမဆုံးအဆောက်
အအုံအကောင်အထည်ဖော်မှုမှာ ၄၀ ရာခိုင် နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ချမ်းသာရွှေမြေ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်လှသူဇာနွယ်က ပြောသည်။ စီမံကိန်းကို ဆောက်လုပ်ရေး
၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ချမ်း သာရွှေမြေကုမ္ပဏီလီမိတက်တို့
ပူးပေါင်းပြီး ဒဂုံဆိပ်ကမ်းမြို့သစ်ရှိ မြေဧက ၂၀ ပေါ်တွင် ဆောက်လုပ်ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်မှစတင်ကာ ဆောက်လုပ်ရေး ၀န်ကြီးဌာနက အကောင်အထည်ဖော်လျက်
ရှိသော မြေဧက ၂၂၀ အကျယ်အဝန်းရှိ စီမံကိန်းတွင် ချမ်းသာရွှေမြေကုမ္ပဏီက ဧက
၂၀ တာဝန်ယူဆောင်ရွက်ပြီး ကျန်အပိုင်း အတွက် အခြားပုဂ္ဂလိကကုမ္ပဏီများကလည်း
ဆောက်လုပ်လျက်ရှိသည်။ အဆိုပါအကျယ် အဝန်းအတွက် အထပ် ၁၈ ထပ်မြင့်
အဆောက်အအုံ ၁၀ လုံး တည်ဆောက်သွား မည်ဖြစ်ကာ တစ်ခန်းလျှင် စတုရန်းပေ
၆၀၀ မှ ၁,၂၀၀ အထိ ကျယ်ဝန်းသော အခန်းပေါင်း ၄,၀၀၀ ကျော် ပါ၀င်မည်ဖြစ်သည်။
ယင်းမှာ ရန်ကုန်မြို့လယ်ကောင်မှ ၁၂ ကီလိုမီတာ (၇.၄မိုင်) အကွာအဝေးတွင် ရှိသည်။
ပထမဆုံးအကြိမ်အဖြစ် အထပ်မြင့်တိုက် တစ်လုံးမှ အခန်းပေါင်း ၄၀၀ ကို စတင်ရောင်းချသွား
မည်ဖြစ်ပြီး အပြီးသတ်ဆောက်လုပ်မှု ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအထိ ရည်မှန်း ထားကြောင်း
ဒေါ်လှသူဇာနွယ်ကပြောသည်။
ဧရာချမ်းသာအဆင့်မြင့်အိမ်ရာစီမံကိန်း ကို စင်ကာပူနိုင်ငံ၏ မြို့ပြစီမံကိန်းနှင့် ဒီဇိုင်း များအပေါ်
အခြေခံကာ တည်ဆောက်ထား ခြင်းဖြစ်ပြီး ၂၄ နာရီမီးအားပေးစနစ်နှင့် ဓာတ်လှေကားအပါ
အဝင် ခေတ်မီ မီးဘေး ကာကွယ်ရေးစနစ်များ ပါ၀င်မည်ဖြစ်သည်။ အဆိုပါအိမ်ရာစီမံကိန်းမှ
အိမ်ရာများကို အိမ်ရာတန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ပေးချေပြီး ပါက အခန်းသုံးစွဲပိုင်ခွင့်နှင့်
ပြန်လည်ငှားရမ်း နိုင်ခွင့်ရရှိမည်ဖြစ်သည်။
ယင်းကို တိုက်ခန်း တည်ဆောက်ပြီးစီးမည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ လမတိုင်မီထိ လစဉ်
အရစ်ကျပေးချေရမည် ဖြစ်သည်။ ကျန် ၅၀ ရာခိုင်နှုန်းကိုမူ နောက် ပိုင်း ၁၀ နှစ်တာအတွင်း
အရစ်ကျဆက်လက် ပေးချေနိုင်သည်။
"ဒီတိုက်ခန်းဆောက်လုပ်ရေးလုပ်ငန်း တွေ ပြီးသွားချိန်မှာ အခန်းတန်ဖိုး တစ်ဝက်ကို
ပေးချေပြီးတဲ့သူတိုင်းကို အခန်းအသုံးပြု ခွင့်ပေးသွားမှာပါ။ အခန်းဝယ်ယူသူက အခန်းမှာ
နေလို့လည်းရသလို ပြန်ငှားလို့လည်း ရပါတယ်"ဟု ဒေါ်လှသူဇာနွယ်ကပြောသည်။
စီမံကိန်းတစ်ခုလုံးအတွက်စင်ကာပူနိုင်ငံအခြေစိုက်ဆာဗာနား နိုင်ငံတကာအိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းက ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မဟာစီမံကိန်းနှင့်
ဗိသုကာဆိုင်ရာတို့ကို အကြံပေးခြင်း၊ မြို့ပြတည်ထောင်ခြင်းနှင့် လျှပ်စစ်မီး ရရှိရန် စသည်တို့ကို
ဆောင်ရွက်နေခြင်း ဖြစ်သည်။















